Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Tuesday, January 21, 2014

အမေ့ခွန်အား


သားလို့ခေါ်လိုက်တိုင်း
ကျွန်တော့်မျက်ရည်တွေ
စို့နစ်ခဲ့ရတယ်........အမေ
အမေမွေးတဲ့ကျေးဇူး
အဖေကျွေးတဲ့ကျေးဇူးတွေ
သားမောင်မှာဆပ်ဖို့အတွက်
ဝေးတနယ်မြေမှာ
စိတ်မရွှင်သာပဲ
ေ၀၀ါးစွာလျှောက်နေတာပါ......အမေ
မျက်ရည်မကျနဲ့သားလို့
ပြောခဲ့တဲ့အမေ့စကား
မြေ၀ယ်မကျနားထောင်ရင်း
လောကဓံမုန်တိုင်းကို
ကြံကြံခံခဲ့တာပါ.......အမေ
အစိုးမရတဲ့ကံကြမ္မာကို
အပြစ်မတင်ချင်ဘူးအမေ
ဝေခွဲမရတဲ့စိတ်မှာ
အနာဂတ်တွေမှုန်ဝါးနေရင်လည်း
အမေပြောခဲ့တဲ့စကား
အဖေပေးခဲ့တဲ့သြ ၀ါဒ
နားအထပ်ထပ်မှာ
ပဲ့တင်ဟိန်းနေခဲ့တာတွေက
သာအတွက်ခွန်အားတွေပေါ့.....အမေ
ဆန္ဒနဲ့ဘဝ
တထပ်တည်းမကျပေမဲ့လည်း
အမေမွေးတဲ့သား
အမေ့ကျေးဇူးတွေဆပ်ဖို့
စိတ်ချလိုက်ပါအမေ
အမေပြောတဲ့အောင်မြင်မှု
အမေရွေးချယ်ပေးခဲ့တဲ့လမ်း
ဘယ်လောက်ပဲကြမ်းတမ်းနေပါစေ
အမေ့သားလျှောက်လှမ်ရင်း
ရည်မှန်းချက်ပန်းတိုင်မှာ
အမေ့အပြုံးတွေနဲ့
စီးကြိုနေပါတော့.........အမေ

Sunday, January 19, 2014

ပြည်ချစ်စစ်သားဘဝပေမို


          

             အချိန်ကား ဆောင်းအကုန် နွေအကူး လေရူးတို့ ပျော်မွေ့နေချိန်ပေါ့ ကျတော်တို့ စစ်ကြောင်းက ရှေ့တန်း စစ်မြေပြင်မှာ ကြိုးစားပန်းစား တိုက်ပွဲဝင်နေတဲ့အချိန် စစ်မြေပြင်မှာ ကြာမြင့်စွာ တိုက်ပွဲဝင်နေတဲ့ အချိန်ဖြစ်ပါတယ် စစ်မြေပြင်မှာ ရက်ကြာရှည်နေတော့ နောက်တန်းက ငယ်ကျွမ်းဆွေကိုလဲ တမ်းတလွမ်းလျနေပီပေါ့ ကျတော့်ရဲဘော်တွေလဲ မိသားစုကိုလွမ်းနေကြပီ နောက်တန်းလဲမကြာခင် ပြန်ဝင်ရတော့မှာမို့ ပျော်ရွှင်နေကြတာပေါ့....စစ်သားစစ်မြေပြင်မှာ ပျော်မွေ့ပေမဲ့ သံယောဇဉ် ရစ်ပတ်နှောင်ဖွဲ့နေတဲ့ ပုထုဇဉ်ပေဘဲလေ သံယောဇဉ်ရှိရာကိုတော့ မှန်းမျှော် တမ်းတ လွမ်းတတ်ကြတာပေါ့...ကျတော်တို့ တပ်ခွဲက တပ်ခွဲမှူး စီနီယာက အလွန်သဘောကောင်းလှသည်.....စစ်ရေးအတွေ့အကြုံလဲ များသည် စစ်တိုက်လဲတော်သည် ကျတော် အလွန်အားကျသော စီနီယာတစ်ပါးပင်ဖြစ်သည်...

ကျတော်အားလဲ အလွန်ချစ်ခင်လှသည်...စစ်ကြောင်းနားတိုင်း ကျတော်နှင့် စကားဖောင်ဖွဲ့ပြောတတ်ပေသည်....သူမှာလဲ သံယောဇဉ်နှောင်ဖွဲ့ထားတဲ့ ကိုယ်ဝန်အရင့်အမာနဲ့ ဇနီးက နောက်တန်းတွင် ကျန်ရစ်ခဲ့သည်...သူမိန်းမကိုဘယ်လောက်တွေ့ချင်ကြောင်း ဗိုက်ထဲကရင်သွေးလေးကို ဘယ်လောက်ချစ်ကြောင်းးးဘယ်လိုအနာဂါတ်အတွက် စီစဉ်ထားကြောင်းကို ကြုံတိုင်းပြောပြတတ်သည်...သူ့မျက်လုံးများမှ အရောင်တွေဖြာထွက်ခါ မမြင်ရသေးသော ရင်သွေးအပေါ်ထားသော ချစ်ခြင်းမေတ္တာ သူဇနီးအပေါ်ထားတဲ့ နက်ရှိုင်းလှတဲ့ ချစ်ခြင်းတွေကို အထင်သား မြင်သာလှသည်...စစ်ပွဲတွင် ရဲရင့်ပြတ်သားမာကျောလှသော စစ်သားကြီးရဲ့နှလုံးသားက ဒီမျှနူးညံတာ မြင်ဖူးမှ ယုံစဖွယ်ပါဘဲလား...မည်သို့ပင်ဆိုစေ သူနှင့်ကျတော်မှာ စစ်မြေပြင်မှ ရဲဘော်ရဲဘက်ပီသစွာ အလွန်ခင်မငါလှပေသည်.....နောက်တန်းပြန်ဝင်ရမည်ဆိုသဖြင့် နောင်တော်ကြီးမှာ အလွန်ပျော်ရွှင်နေမှာ မြင်ယောင်ပါတယ်......

ယနေ့နေလည်စာ စားချိန်ကျတော်နှင့်သူ အတူစားရင်း သူက ထမင်းအလွန်စားကောင်း သည်ဆိုသဖြင့် ကျတော်ထဲမှပင် သူအားထပ်ထည့်ပေးလိုက်သေးသည်...စစ်သားဘဝက မြိန်ရာဟင်းကောင်း ဘယ်လိုဖြစ်ဖြစ် စားလို့ကောင်းနေတတ်သည်ဘဲ ဒီနေ့မှ သူအလွန်ပျော်မြူးနေသည် သီချင်းများတောင် ညည်းနေတတ်သေးသည်...ကျတော်ကိုတောင် စနောက်နေသေးသည်လေ....

ကျတော်တို့ စစ်ကြောင်း ဆက်လက်ချီတက်ခဲ့ရာ မမျှော်လင့်ဘဲ ရန်သူနှင့်ထိတွေ့ရသည်...ရန်သူအင်အားက မနည်းလှပေ....အပြန်အလှန် ပစ်ခတ်ကြရင်း တိုက်ပွဲက အရှိန်မြှင့်နေသည် ရန်သူနေရာက ပစ်ကွင်းကောင်းလှ၍ ကျတော်တို့ဘက်မှ ရှေ့သို့ ထင်သလောက် မတက်နိုင် ရန်သူကို မထိုးဖောက်နိုင်ဖြစ်နေသည်...နောင်တော်ကြီးက အတင့်ရဲစွာ ရှေ့သို့တက်၍ ရွံရွံချွန်ချွန်တိုက်ပွဲဝင်နေသည်....ကျတော် ကသူကိုတား၍ ကျတော်တက်မည်ပြောသည်ကို လက်မခံ ကျတော်အား ညှာတာ၍ သူသာ ရှေ့ကတက်သည် အတင်း ထိုးဖောက်ဝင်ရောက်ရာ ရန်သူမှာ တောင့်မခံနိုငိ ခွာစစ်ဆင်တော့သည်...


ကျတော်တို့ တပ်မတော်သားတွေရဲ့တုံးတိုက်တိုက် ကျားကိုက်ကိုက် ချီတက်တိုက်ခိုက်ခြင်းကို
ကြာကြာတောင့်မခံနိုင်ချေ...
နောင်တော်ကြီးကတက်ကြွစွာ ဦးဆောင် တိုက်ခိုက်နေသဖြင့် ကျတော်ပင် စိတ်ပူမိသေးသည်....ဆုတ်ခွာသွားသော ရန်သူ၏ လက်နက်ကြီးက နောင်တော်ကြီး၏ အနားတွင် ကျရောက်ပေါက်ကွဲသည် သွားပီ....ကျတော်စိုးရိမိသော ကိစ္စတွေဖြစ်လာပီ လက်နက်ကြီးကျဉ်စက နောင်တော်ရဲ့ နှလုံးသားကို စိုက်ဝင်သွားသည် ကျတော်ပြေး၍ပွေ့ပီး ယူကျုံးမရဖြစ်ရသည် သူက ကျတော့လက်ကိုဆွဲကိုင်ပီး စစ်သားစစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်းကျဆုံးတာ ဂုဏ်ယူစမ်းပါကွာ...

ငါ့နိုင်ငံတော်အတွက် ငါ့အသက်ကို စတေးရတာ တန်ပါတယ်တဲ့ မင်းနောက်တန်းပြန်ရောက်ရင် မင်းအမကို သေချာပြောပြလိုက်ပါကွာ အားမငယ်အောင် အားပေးလိုက်ပါ ငါ့အိတ်ကပ်ထဲက စာနဲ့ဓါတ်ပုံ ငါ့လက်သူကြွယ်က လက်ထပ်လက်စွပ်ကလေးကို သူကိုပေးလိုက်ပါ မွေးလာမဲ့ ရင်သွေးလေးကို ကောင်းမွန်စွာ စောင့်ရှောက်ပီး သူ့အတွက် ဂုဏ်ယူလိုက်ပါလို့ တသွင်သွင်မှာရှာတယ် နောက်တန်းကို သူ့ရုပ်အလောင်း သည်ယူသွားရန်မဖြစ်နိုင်၍ သှု့ဇနီးထံသူ့၏လက်သန်းကို ဖြတ်ယူသွားပီး ရုပ်အလောင်းအစား မြှပ်နှံ သဂြိုလ် ဖို့ သူ့လက်သန်းကို သူကိုယ်တိုင်ဖြတ်ပေးဖို့ပြင်နေတယ် ကျတော် မမြင်ရက်လို့ စိတ်ချပါ အကိုကြီးရာ ကျတော် ဘဲ ဖြတ်ပီး ယူသွားပေးပါ့မယ် အကိုကြီးမှာတာတွေကို ကျတော်သေချာပြန်ပြောပေးပါ့မယ်လို့ ကတိပေးလိုက်တယ် သူရဲ့နောက်ဆုံးထွက်သက်ကို ကျတော့လက်ပေါ်မှာဘဲ ကုန်ဆုံးသွားတယ် တိုင်းပြည်နဲ့လူမျိုးကို သစ္စာစောင့်သိတဲ့ သားကောင်းဇာနည်တစ်ယောက် အကြွေစောရပြန်ပီ....

သူ့ရဲ့ဇာပနာကို ကျတော်ကိုယ်တိုင် ဦးဆောင် လုပ်ပေးရင်း ကျတော်ကို ချစ်ခင်တဲ့ ကျတော်လေးစားရတဲ့ တိုငိးပြည်အတွက် တာဝန်ကျေပွန်သွားတဲ့ ကျတော့ရဲ့နောင်တော်ကို အလေးပြုပါတယ် ဘဝဆက်တိုင်း ပေးဆပ်သူ့ဘဝမှ လွတ်မြောက်ပါစေ....မိသားစုနဲ့ မခွဲမခွာ အမြဲနေရပါစေ ကျတော့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောငိးပေးပါတယ်ဗျာ....နောက်တန်းပြန်ရောက်ရင် အမကို ကျတော် ဘယ်လိုများ ပြန်ပြောရပါ့မလဲ .....

နောက်တန်းအပြန်လမ်းမှာ ကျတော်ခြေထောက်တွေ ခဲဆွဲထားသလို လေးပင့်နေတယ် စိတ်တွေက ညစ်နွမ်းလို့ နောင်တော်အတွက် စိတ်မကောင်းဖြစ်ရတယ်....ရှေ့တန်းပြန်စစ်သည်တွေကို ကြိုဆိုနေတဲ့ဆီမှာ နောင်တော်ကြီးရဲ့ ချစ်ဇနီး အမကို ပန်းကုံးလေးကိုင်စောင့်နေတာ တွေ့လိုက်ရတယ် ကျတော့ နှလုံးသားတွေ ပဲ့ကြွေသွားပီလား ထင်ရလောက်အောင် စိတ်ထိခိုက်ရပါတယ်...အမက ကျတော့ကိုမြင်တော့ မျက်ရည်တွေကြားကပြုံးပြလေရဲ့ ....ကျတော်ပြောပြမလို့ပြင်တော့ အမက " မင်းအကိုကြီး ညကလာသွားတယ် အမအားလုံးသိပီးပါပီ မင်းနဲ့ထည့်ပေးလိုက်တဲ့ပစ္စည်းလေးတွေကိုအမလာယူတာပါ ပီးတော့ မင်းကို ပန်းကုံးစွတ်ပီးကြိုဆိုချင်လို့ပါ "လို့ဆိုပီး ကျတော်ကို ပန်းကုံးစွပ်ရင်း မျက်ရည်တွေကျလာတယ်....


ကျတော်နဲ့ပါးလိုက်တဲ့ ပစ္စည်းလေးတွေကို ကိုယ်ထားရင်း တွေတွေကြီး စိုက်ကြည့်နေတယ် ဘေးနားက အရာရှိကတော်တွေက ကြိတ်မခံစားနဲ့ ငိုလိုက်လို့ ဘေးကနေ ဝိုင်းသတိပေးကြမှ မြေပြင်ပေါ်ထိုင်ပီးချုံးပွဲချ ငိုကြွေးလိုက်တာ မြင်ရတဲ့သူ စိတ်နှလုံးပင် ဝမ်းနည်းကြေကွဲရသည် ကာယကံရှင်ဆို ပြောဖွယ်ရာပင် မရှိနိုင်တော့ချေ ကျတော် ဆက်၍ပင်မကြည့်ရက်စွာ လေးပင်သော ခြေလှမ်းများဖြင့် ကျောခိုင်းထွက်ခွာလာခဲ့သည်.

 ....အဝေးကိုမျှော်ငေးလိုက်တော့ အကိုကြီးက ကျတော်ကို လက်ပြနေသလိုပင် ထင်မှတ်မိသည်.....တစ်သက်တာ မေ့လို့မရနိုင်မဲ့ ဖြစ်ရပ်လေးပါဘဲ....စစ်သားဘဝတွေ့ဆုံကြုံကွဲဖြစ်မြဲ ဓမ္မတာပေမဲ့ ဒီဖြစ်ရပ်ကိုတော့ ရင့်နင့်လှပေသည်........်

ဘဝမှာ မမေ့နိုင်တဲ့အမှတ်တရတွေ များစွာရှိတတ်ကြပါတယ်....ကျတော်တို့လို တောတောင်ထဲမှာ တိုငိးပြည်ကာကွယ်ဖို့ တိုက်ပွဲဝင်နေတဲ့ စစ်သားဘဝမှာတော့ အမှတ်ရစရာတွေ အများဆုံးပေါ့ဗျာ....တွေ့ဆုံကြုံကွဲတဲ့ဒဏ်ကိုလဲ အလူးအလဲ ခံစားရတတ်တာဘဲ...ထုသားပေသားကျနေပေမဲ့ ပုထုဇဉ်လူသားမို့ မမေ့နိုင် သံယောဇဉ်တွေ ရစ်ဖွဲ့နေတတ်သည်ဘဲ....အပြင်ပန်းကြံခိုင်မာကျောပေမဲ့ နှလုံးသားကတော့ နုနယ်ဆဲပါ....ကျတော်အမြဲဆုတောင်မိတယ် 


ချစ်ခင်နှစ်သက်ရသူတွေနဲ့ ကွေကွင်းရခြင်းဘေးမှာကင်းဝေးပါစေ ဝဋ်ကြွေးရှိက ဒီဘဝ ဒီမျှနဲ့ကျေပါစေ......ခံစားရသမျှဘေးမှာထားလို့ တောတောင် စစ်စခန်းမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆက်လက်၍ တိုက်ပွဲဝင် ဆဲပါ ပျော်ရာမှာ မနေရ တော်ရာမှာ နေရတဲ့ ပြည်ချစ်စစ်သားဘဝပေဘဲလေ...............

[သိသလောက်မှတ်သလောက်ဖြစ်ရပ်လေးကို ရေးသားခြင်းမို့ အမှားပါရင် ပြင်ဆင်ဖတ်ရှုပေးဖို့ မေတ္တာရပ်ခံပါတယ်......thank for all.....~_^………]

Saturday, January 18, 2014

"နှလုံးသားကပြောတဲ့ ဒဏ္ဍရီ"(မော်ဒန်)


"နှလုံးသားကပြောတဲ့ ဒဏ္ဍရီ"(မော်ဒန်)  စိတ်တရုံးရုံး က  အမှောင်ကိုကွေတတ်ပြီး  လရိပ်ကို ဖျားယောင် မိတော့မှ နှလုံးသားနုနုကို  လေပြေရှုးက လှုပ်တယ်...*****  အရိပ်တွေထင်းနေသလားဆိုတာ... ညည ငိုတဲ့ အလွမ်းမတတိတ်တော့ ဘူး....။  အပြုံးနဲ့ ကြည်ကြည် ဖြူဖြူသတင်းလွင့်ရင်း သူ့ အချစ်တွေ သူ ပြန်လိပ် သွားတဲ့ နေကစ****  လူမသိ သူမသိ အလွမ်းအဆွေးတွေ ပန်းရှိုက် သံနဲ့ ပွင့်တယ်....*******  အတိတ်ကအဖြစ်တွေဟာ အလွမ်းတွေအဖြစ်... အမှတ်တရမှုတွေနဲ့ သွေးအေးခဲ့တယ်...*******  တကယ်တန်း.....တော့ သူပြောပြော နေတတ်တဲ့ ချစ်တယ်ဆိုတာ အဲ့ဒါ.............. .နှလုံးသားကပြောနေတဲ့ ဒဏ္ဍာရီတခုပါ...   ကာရံငယ်  http://yetayzakyaw528.blogspot.com
 


စိတ်တရုံးရုံး က

အမှောင်ကိုကွေတတ်ပြီး
လရိပ်ကို ဖျားယောင် မိတော့မှ
နှလုံးသားနုနုကို
လေပြေရှုးက လှုပ်တယ်...*****
အရိပ်တွေထင်းနေသလားဆိုတာ...
ညည ငိုတဲ့ အလွမ်းမတတိတ်တော့ ဘူး....။

အပြုံးနဲ့ ကြည်ကြည် ဖြူဖြူသတင်းလွင့်ရင်း
သူ့ အချစ်တွေ သူ ပြန်လိပ် သွားတဲ့ နေကစ****
လူမသိ သူမသိ အလွမ်းအဆွေးတွေ
ပန်းရှိုက် သံနဲ့ ပွင့်တယ်....*******
အတိတ်ကအဖြစ်တွေဟာ
အလွမ်းတွေအဖြစ်...
အမှတ်တရမှုတွေနဲ့ သွေးအေးခဲ့တယ်...*******
တကယ်တန်း.....တော့
သူပြောပြော နေတတ်တဲ့ ချစ်တယ်ဆိုတာ
အဲ့ဒါ..............
.နှလုံးသားကပြောနေတဲ့ ဒဏ္ဍာရီတခုပါ..
. ကာရံငယ်
http://yetayzakyaw528.blogspot.com

"သရုပ်ဆောင် ကြည့်လိုက်တဲ့ ရုပ်ရှင်"(မော်ဒန်)




အဆန်းတကျယ်.....အားကျဖွယ်ရာများ
လက်သီးထိုးခန်းဟာ....နောက်ခံတေးနဲ့
ဇာတ်လိုက်ဆိုတော့ ပစ်တိုင်းထိတယ်....
ဒုက္ခဟာ..............
စိတ်အာဟာရဖြည့် ရှုခင်းတကွက်...။
ဇာတ်သိမ်းခန်းဟာ
မြက်ခင်းစိမ်းနဲ့ ဂီတ နဲ့ 
ချစ်သူလေး နဲ့  ပန်းပွင့် နဲ့

ကျွန်တော် ရုံထဲက ထွက်လိုက်တော့
ချွေးစက်တွေ မှာ ...ဂီတမပါဘူး...
လမ်းလျှောက်တဲ့ အခါ....
နောက်ခံသီချင်းမပါဘူး....။
အလင်းရောင်ဟာ
စမ်းတ၀ါးဝါး.....
တခုခုကို အော်ခေါ်ချင်ရဲ့
သူ့ လက်ကို လှမ်းတွဲလိုက်တော့...
ပိတ်ကား ဟာ အဖြူထည် သက်သက်....
 ကာရံငယ်
http://yetayzakyaw528.blogspot.com

“ တစ္စေများနှင့်တစ်ညတာ ”(ပရလောက)




          -ကျွန်တော့် ၏ အဖြစ် တခုကို အခြေခံထား ပါသဖြင့် ဇာတ်လမ်းတခု အနေဖြင့်သာ...ဖတ်ရှုပါရန်...။ (တယောက် တည်းနေသူများမဖတ်ရန်) 

             အချိန်ကာ…..မိုးတွင်းကာလ……………..
လေပြင်းများ အဆက်မပြတ် တိုက်ခတ်ပြီး မိုးများသည်းထန်စွာရွာသွန်းနေသောကြောင့်
မိုးရာသီ၏အနှစ်သာရကို ကျွန်တော်အပြည့်အ၀ခံစားရပါသည်။
မိုးများတိတ်မည့်ပုံမပေါ်………အချိန်လည်းတဖြည်းဖြည်း မှောင်လာခဲ့သည်။

ညနေစာစားရင်း စိတ်အပန်းဖြေရာ ရုပ်မြင်သံကြားမှ ပြသနေတဲ့ဇာတ်လမ်းများကို
ကြည့်ကာ အချိန်ကိုကုန်လွန်စေခဲ့ပါသည်။

ထိုညက အိမ်တွင် ကျွန်တော် တယောက်တည်းသာရှိသောကြောင့်
        တစ်အိမ်လုံးကိုမီးအမှောင်ချ ညလင်းမီးလုံးလေးများသာထွန်းထားပြီး စာအုပ်နှင့်
ဘောပင်ကိုယူကာ အပေါ်ထပ်ဝရန်တာ မီးရောင်အောက်တွင် ကျွန်တော်၏စာရေးခြင်း
လုပ်ငန်းကို စတင်ခဲ့ပါတော့သည်။
        ရာသီဥတု၏ စွတ် စိုမှုကြောင့် အကောင်ငယ်မျိုးစုံတို့ အသံများဆူညံလျှက်ရှိ
နေသည့်အတွက် ကျွန်တော်အာရုံစူးစိုက်မှုမရရှိခဲ့။
ထို့ကြောင့် အိမ်အောက်ထပ်သို့ဆင်းကာ မီးဖိုခန်းထဲဝင်၍သောက်ကော်ဖီပူပူလေတစ်ခွက်ကိုသောက်ရန် ဖျော်လိုက်ပြီး အိမ်ပေါ်ထပ်သို့ ယူဆောင်လာခဲ့သည်။
ကျွန်တော် အောက်ထပ်သို့ဆင်းသွား ချိန်နှင့် အပေါ်သို့ ပြန်တက် လာချိန်သည် မိနစ်အနည်းငယ်မျှသည် ကွာသည် ဆိုပေမယ့် 
        
  ထူးဆန်းသည်က  ဆူညံနေသည့်ဝန်းကျင်သည်  ယခုအခါ
   မည်သည့်အသံမျှမကြားရတော့ချေ။

               
 အိမ်အပေါ်ထပ်ရှိ တိုင်ကပ်နာရီကိုကျွန်တော်ကြည့်လိုက်မိ၏
           
   " ၁၂ နာရီတောင်ထိုးတော့မှာပါလား"
               ပတ်ဝန်းကျင်တိတ်ဆိတ်မှုသည် ကျွန်တော့အတွက်စာရေးချင်၏
             အထောက်အကူဖြစ်ပေသည်ဟုယူဆလျှက် ကော်ဖီတစ်ငုံသောက်ကာ
            စာရေးခြင်းကို ပြန်လည်စတင်ခဲ့ပါသည်။
                    "ချပ်…….ချက်…..ချပ်…….ချက်"
ကျွန်တော် မည်မျှအထိ ဈာန်ဝင်သွားသည်မသိ။ပတ်ဝန်းကျင်သည် ပို၍ပင်တိတ်ဆိတ်
လာခဲ့သည်။တိုင်ကပ်နာရီ လက်တံရွေ့လျားနေသည့်အသံမျှလွဲ၍မည်သို့သောအသံမျှ
မကြားရပေ။
             အချိန်ကား ၁ နာရီလွန်နေပြီဖြစ်သော်လည်း ကျွန်တော်အိပ်ချင်စိတ်မရှိသေး။
ခဏအကြာ ကျွန်တော်၏နောက်ကျောဘက်မှ တဖြည်းဖြည်းလျှောက်လာနေသော ခြေသံတခု ကိုကြားလိုက်ရသည်။
           " ချွတ်……ချွတ်……ချတ်……ရှပ်….ရှပ်"

စာရေးနေသော ကျွန်တော်၏လက်ရပ်တန့်သွားမိပြီး ကျက်သိန်း ဖျန်းကနည်း ထသွားမိသည်။  ထို့နောက် အသံလာရာ အနောက်သို့ လှည့်ကြည့်မိသော်လည်း ဘယ်အရာမျှမတွေ့ပေ။ကျွန်တော်ပြုံးလိုက်မိသည်။
အကြောင်းမှာ…… ကျွန်တော်ယခုရေးနေသောဝတ္ထုကြောင့် စိတ်နည်းနည်း
လှုပ်ရှားသွားခြင်းဖြစ်ဟန်တူပေသည်
            
 ကျွန်တော်သည် ပရလောကသားများအကြောင်းကိုစိတ်ဝင်းစားသူဖြစ်သဖြင့်
ထိုအခြင်းအရာနှင့်ပတ်သက်၍ အမြဲတမ်းရေးနေမိခဲ့သည်။ယခုလည်း
           တစ္စေခြောက်သောည ဆိုတဲ့ ၀တ္ထုကိုရေးနေခြင်းဖြစ်သည်။

အချိန်လည်း
 ၁ နာရီခွဲကျော်လွန်နေပြီဖြစ်သဖြင့် ကျွန်တော်၏မျက်လုံးများတဖြည်းဖြည်းမှေးဆင်း လာခဲ့သည်။


        သို့ပေမယ့် ပြီးခါနီး ၀တ္ထုကိုအဆုံးသတ်ချင်တာကြောင့် အမြန်ရေးနေခဲ့မိပါသည်။

ကွမ်းတညတ်ခန့်အကြာ........

လမ်းမပေါ်မှခွေးအူသံများ အဆက်မပြတ်ထွက်ပေါ်လာခြင်း
ကြောင့် ၀ရန်တာမှ လှမ်း၍ကဲကြည့်လိုက်မိသောအခါ
 ရုတ်တရတ်....မြင်လိုက်ရသော အရာကြောင့်
 ကျွန်တော်လန့်ဖြန့်သွားမိခဲ့သည်။
ကျွန်တော်၏အိမ်ရှေ့တည့်တည့်တွင်း
မည်းမည်း သဏ္ဍန်အရာတစ်ခုခုမားမားရပ်နေပြီး ကျွန်တော့အားကျောခိုင်းထားပေ
သည်။
ထိုအချိန် တွင် လေ တချက်ဝှေ့  ယမ်းတိုက်ခတ် လိုက်သောကြောင့် ချမ်းစိမ့် စိမ့် အရာသာကို ခံစားမိ၏။

ကျွန်တော်ကြက်သီးများထမိပြီး ကျောချမ်းသောကြောင့် ရုတ်တရက်အနောက်သို့ ဖျတ်ခနဲလှည့်ကြည့်
လိုက်မိသောအခါ ကျွန်တော့် အနောက်ဘက်တွင်ရှိသော တံခါးပေါက်မှ အရိပ်မည်းသဏ္ဍန် အရာတစ်ခုအိမ်ထဲသို့ဝင်သွားခြင်း
ဖြစ်သည်။
     
    ကျွန်တော်၏စိတ်များယောက်ယက်ခတ်သွားခဲ့ပြီး
တဖန်ခြံရှေ့သို့ပြန်လှည့်လိုက်သောအခါ  မြင်တွေ ခဲ့ သော မည်းမည်းသဏ္ဍန်အရာကို မတွေ့ရတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်သည် ကြောက်ရွံ့တတ်သူမဟုတ်
သောကြောင့် ဂရုမစိုက်ဘဲ ရေးလက်စ  ၀တ္ထုကိုအဆုံးသတ်နိုင်ခဲ့ပါသည်။
           
ခဏတာလေညင်းခံရင်း အိပ်တော့မည်ဟုဆုံးဖြတ်ကာ ၀ရန်တာမှနေ၍
အိမ်ထဲသို့ဝင်ခဲ့ပါသည်။လက်ကျန်ကော်ဖီကိုဆက်မသောက်တော့ဘဲ…..
အပေါ့အပါးသွားရန် အောက်ထပ်သို့ဆင်းခဲ့ပါသည်။အချိန်မှာ ၂ နာရီကျော်လွန်ခဲ့ပြီ။
          
ကိစ္စများပြီးသောအခါ အိပ်ဖို့သာကျန်ရှိတော့သည့်အတွက် အိမ်အပေါ်ထပ်သို့
ပြန်လည်တက်လာခဲ့ပြီး ဘုရားခန်းနှင့် မနီးမဝေးမှာပဲဖြစ်သလိုအိပ်ယာ
ခင်းလိုက်ပါသည်။
            
  ခဏအကြာ…….အောက်ထပ်မှတစ်စုံတစ်ဦး၏လမ်းလျှောက်သံများကို
ကြားနေရပါသည်။
အရင်က….ယခုအိမ်သည် သရဲခြောက်တဲ့အိမ်တစ်အိမ်ဖြစ်ခဲ့သလို၊
့ဝယ်ပြီးသည့်နောက်ပိုင်း အိမ်ပြင်ဆောက်ကာ ပရိတ်၊ပဌာန်းများလည်း
ရွတ်ခဲ့ပြီးပါပြီ။အဲ့နောက်ပိုင်းတွင်မူ မည်သည့်အသံမျှမကြားရသည်မှာ ယနေ့ထိတိုင်။
သို့ပေမယ့် ယခုညကား ကျွန်တော်၏စိတ်ခြောက်ခြားတာလား၊သို့မဟုတ် ကျွန်တော်
ရေးတဲ့ဝတ္ထုကိုပြန်ပြီးစွဲလမ်းနေတာလား ဝေခွဲမရပါ။တွေးတောနေတာတွေကိုရပ်ပြီး
ကျွန်တော်အိပ်ယာ ထက်တွင်လှဲလျှောင်းလိုက်စဉ်...ရုတ်တရက်မီးပြတ်သွားသောကြောင့်
ခြင်ထောင်အပြင် ဘက် တွင် မငြိမ်မသက် လှုပ်လှုပ်ရှားရှား ရှိနေသည့် အရာများကို
ကျွန်တော် မြင်တွေ လိုက်ရသည်...။   ကျွန်တော် နှင့် မနီးမဝေး မှ အရာတခု သည်... တဖြည်းဖြည်း အနား ကပ်လာဟန်တူသည်....             
"ဘုရားရေ………….ငါဘယ်လိုလုပ်ရမလဲ"
           စိတ်မှရေရွတ်လိုက်သော်လည်း ကျွန်တော်ကျက်သေသေသွားမိသည်။
ကျွန်တော်ဘာဆက်လုပ်ရတော့မည်နည်း။
စဉ်းစားနေစဉ် မီးပြန်လာသောကြောင့်
ညလင်းမီးများ ဖြတ်ခနဲ့ပြန်လင်းလာသည့်အခါ ကျွန်တော့မျက်စိရှေ့မှမြင်နေရသည့်
အရာများပျောက်ချင်းမလှပျောက်သွားခဲ့ပါသည်။
                 သို့သော်….ကျွန်တော်အိပ်ရန်စိတ်မဖြောင့်ပေမယ့်
 အချိန်လည်းတော်
လေးညဥ့်နက်နေသည်မို့ဝရန်တာဘက်သို့မျက်နှာမူရင်း အိပ်ရာထက်တွင်လဲလျောင်း
လိုက်ပါသည်။
မျက်ခွံများတဖြည်းဖြည်းလေးလာပြီး မှေ;ကနဲ အိပ်ပျော်သွားခဲ့ပါသည်။

၁ ၅ မိနစ်အကြာတွင် ရုတ်တရက် အိပ်မက်ဆိုးမက်သောကြောင့် အလန့်တကြား
ကျွန်တော်နိုးထလာခဲ့ပါသည်။
                 ကျွန်တော့်စိတ်တွေ ယောက်ယှက်ခတ်နေပြီး...ကြောက်စိတ် လည်း ၀င်လာခဲ့မိပါသည်..။
 ခဏအကြာ….
        

ကြမ်းပြင်နှင့်ကျွန်တော့နားကပ်နေသည်မို့ လူတစ်ယောက်လမ်းလျှောက်လာသော
ခြေသံကို အတိုင်းသာကြားနေရပါသည်။
" ရှပ်….ရှပ်….ချွတ်…….ချွတ်"
ကျွန်တော်မျက်မှောင်တချက်ကြုံ့လိုက်ပြီး
         တောက် ! ဘယ်အရာက ငါ့စိတ်ကို ခြောက်ခြားအောင်လုပ်နေသနည်း။
မိမိကိုယ်ကို မေးခွန်းထုတ်နေမိပါသည်။ထို့အတွက် …. နောက်ဘက်သို့ဖျက်ကနဲ
လှည့်ကြည့်လိုက်ပါသည်။             
                     ဟင်………
           ကျွန်တော်အကြံအိုက်သွားခဲ့သည်။ မည်သည့်မအရာမျှမတွေ့ရပေ။
ငါ့စိတ်တွေခြောက်ခြားတာနေမှာပါ ကိုယ့်ကိုကိုယ်ပြန်အားပေးမိရင်း မျက်စိ
ကိုစုံမှိတ်ကာ ကြောက်ရွံ့မှုကို ဖယ်ရှားနေခဲ့မိပါသည်။
                   ဂီး………ဂီး…………ဂီ……
          ရုတ်တရက်ငှက်ဆိုးထိုးသံကြောင့် ကျွန်တော်မျက်စိကို ဆတ်ကနဲဖွင့်လိုက်ပြီး
ငှက်ကိုအပြစ်ပြောမည်အပြု…
            တောက်………ငှက်စုတ်ကလဲတမှောက်…….မှောက်….သ…ရဲ ရဲ….
                    သရဲ…….သရဲ…..သ……သ……….သ ….
ကျွန်တော့အသံများ တိမ်ဝင်သွားပြီး.....အတန့်ငြိမ်သက်သွားမိ၏။
ကျွန်တော်သေသေချာချာမြင်နေရသည်ကာ…….ကျွန်တော်၏အနီးကပ်….
ခြင်ထောင်အပေါ်တွင် မသဲမကွဲ အရာတခု ရှိနေသော်ကြောင့် ခြင်ထောင် အနည်းငယ် အောက်သို့ နိမ့်ကျနေပေသည်..။။
ကျွန်တော်ဘာဆက်လုပ်ရမည်နည်း။
              
 မျက်စိကိုပြန်မှိတ်ကာ ဘုရားစာများကိုစိတ်ကရေရွတ်နေခဲ့မိပါသည်။
တဖန်.............
မရဲတရဲနှင့် မျက်စိကိုပြန်ဖွင့်ကြည့်လိုက်သောအခါ ခုနကမြင်နေသောအရာ
မရှိတော့ချေ။
          ဟူး………..စိတ်သက်သာရာနည်းနည်းရသွားသောကြောင့် ကြောက်စိတ်များ
ကိုရှိုက်သံနှင့်အတူပြန်၍မှုတ်ထုတ်လိုက်မိပါတော့သည်။
         
                               ***************************

             တီ…တီ….တီတီ…..တီ…..တီ
ညကပေးထားသည့် နှိုးစက်လေးအသံကြောင့် ကျွန်တော်နိုးလာကာ နှိုးစက်ကိုပိတ်၍
နာရီကိုကြည့်လိုက်မိ၏       
                      "၀ါး……….........၆ နာရီခွဲပြီပဲ"
ပြန်၍နှပ်မနေတော့ဘဲ 

မျက်နှာသစ်ရန် ရေချိုးခန်းသို့ဝင်ခဲ့ပါသည်။ပြီးလျှင် နွားနို့ ပူပူလေးတစ်ခွက်ကိုဖျော်သောက်ရင်း စိတ်ကိုလန်းဆန်းစေခဲ့ပါသည်။ 
                   ညကအဖြစ်အပျက်တွေကို သတိရပြီး သေချာစဉ်းစားနေခဲ့သော်လည်း
အိပ်မက်လား တကယ်လားဆိုတာကိုတော့ ကျွန်တော်သဲသဲကွဲကွဲမသိတော့ချေ။
ပြန်တွေးရင်း ကြောက်ရွံ့နေပေမယ့် အိမ်ကသူတွေ့ပြန်မလာခင်အချိန်ထိတယောက်တည်း
ဆက်နေရင်း ထိုကဲ့သို့သောညမျိုးတွေကိုမည်ကဲ့သို့ ဖြတ်သန်းရမည်နည်း။
                သို့ပေမယ့် ထိုနေ့ညမှလွဲ၍ ကျန်သောညများတွင် ပကတိတိတ်ဆိတ်
ငြိမ်သက်နေခဲ့ပေသည်။ထို့ကြောင့် ထိုညက အဖြစ်အပျက်ကို အိပ်မက်ဟုသာ ထင်မြင်
မိပါတော့သည်။


Thankyou**

Writing by -  ကာရံငယ်... 
http://yetayzakyaw528.blogspot.com

          


Wednesday, January 15, 2014

မိုးသည်းညရဲ့ စိတ်ကူးသံစဉ်

craton2
နိဒါန်း ___ စိတ်ကူးယဉ်ဆန်တာ အပြစ်မဟုတ်ပါဘူး။ အဲ့ဒီစိတ်ကူးယဉ်မှုဟာ ထင်မှတ်မထားတဲ့အချိန်၊ နေရာမှာ တကယ်ဖြစ်လာခဲ့၊ ဖြစ်ပျက်သွားခဲ့တဲ့အခါ မှင်သက်တွန့်ဆုတ်နေလိုက်လို့ စိတ်ကူးယဉ်ခြင်းဟာ စိတ်ကူးယဉ်သက်သက်အဖြစ်ပဲ ကိုယ့်ရာဇဝင်မှာ ကိုယ်ကိုယ်တိုင်ပြောစမှတ်အဖြစ် တနုံ့နုံ့ ကျန်ရစ်သွားခဲ့မယ်ဆိုရင်တော့.... ဒါဟာ အပြစ် (သို့မဟုတ်) ရွံ့နောင်တပါ....။

(၁) ကျွန်တော်ကပဲ မိုးရက်တွေကို မြတ်နိုးနေမိတာလား၊ မိုးနေ့ရက်တွေကပဲ ကျွန်တော့်ကို တခုတ်တရ မြတ်နိုးနေစေမိတာလား မသိ။ ကျွန်တော့်အမှတ်တရတွေဟာ မိုးရေစက်တွေ ပြည့်လျှမ်းနေတတ်သလို၊ ကျွန်တော် လွမ်းတမ်းမိတတ်တဲ့ အရာတွေမှာလည်း မိုးဖြောက်တွေ ပါဝင်ပတ်သက်နေတာကများပါတယ်။ အခုလည်း မိုးညတစ်ညရဲ့ ကောင်လေးတစ်ယောက်ပုံပြင်ကို ကျွန်တော် သွားသတိရမိပြန်တယ်။ နင့်ခနဲ ခံစားချက်တွေ ပျို့တက်လာမိတာကလွဲလို့ ကျွန်တော့်ဒဏ်ရာတွေကတော့ ကျက်သွားခဲ့ပါပြီ. . . .။


6(၂) ကျွန်တော် အိမ်ကထွက်ခဲ့တော့ ညနေ ၆နာရီလောက်လို့ ထင်ပါတယ်။ Adidas ဘေး လွယ်အိတ် အနက်ရောင်ကလေးထဲမှာ ကျောင်းသုံးရုရှားဖတ်စာ စာအုပ် ၂ အုပ်လောက်နှင့် မှတ်စုစာအုပ်လေးတစ်အုပ်။ နောက် ဘောလ်ပင်၊ ခဲတံ၊ မှင်ဖျက်ဆေး စတာတွေ ထည့်ထားတဲ့ zip တပ်အိတ်ငယ်လေးတစ်ခု။ ဒါ ကျွန်တော်ဘယ်သွားသွား အမြဲထည့်သွားဖြစ်တာလေးတွေ။ လွယ်အိတ်ထဲဘာမှမရှိဘဲနှင့် ကျွန်တော်အပြင်လျှောက်မသွားတတ်။ အဲ.. ဒီနေ့ကျမှ မေ့ကျန် ရစ်ခဲ့တာက ကျွန်တော်ဘယ်သွားသွားဆောင်ဖြစ်တဲ့ ထီးကလေး။ ကျွန်တော်ကလက်ထဲမှာ ဘာမှမကိုင်သွားရရင်နေမယ်၊ ဟိုနားဒီနားလေး လမ်းလျှောက်ထွက်ရင်တောင် ထီးတစ်ချောင်း တော့ အမြဲယူသွားတာမဟုတ်လား။ အရင်က ဂေါက်ထီးရှည်ကို ကိုင်လေ့ရှိပေမယ့် နောက်ပိုင်း အမြဲဆောင်သွားဖြစ်တာကတော့ ဖဲသားခေါက်ထီးပါပဲ။ ဂေါက်ထီးက ဘတ်စ်ကားစီးရင် အဆင်မပြေဘူးလေ။ ကျောင်းကမိန်းကလေးသူငယ်ချင်းတွေဆိုရင် ကျွန်တော့်ကိုအမြဲ စနောက်လေ့ရှိတယ်။ ယောက်ျားလေးတန်မဲ့ နေပူမခံ၊ ချွေးထွက်မခံ၊ မိုးစိုမခံ၊ ထီးကြီး တကားကားနဲ့ အဖြစ်သည်းလှချည်ရဲ့တဲ့။ ပြောပါစေလေ။

ဘာရယ်ညာရယ်မဟုတ်ဘူး။ ကျွန်တော်ဘယ်ကိုသွားမယ်လို့ ဦးတည်ချက်မရှိဘဲ ဒီလိုပဲ ညနေခင်းအိမ်မှာနေလေ့မရှိတာမို့ မြို့ထဲဘက်ထွက်လာခဲ့တယ်။ ရုပ်ရှင်ကောင်းရင် ဝင်ကြည့်မယ်။ အင်တာနက်ဆိုင် တစ်ဆိုင်ဆိုင်ဝင်၊ အွန်လိုင်းတက်ပြီး သူငယ်ချင်းတွေနဲ့ ဆုံခဲ့ရင်ချိန်းပြီးသွားတွေ့လိုက်မယ်။ စကားစမြည်ပြောကြမယ်။ ဒါမှမဟုတ်လည်း လိုင်းကားလျှောက်စီးပြီး အအေးလေးဘာလေး ဝင်သောက်မယ်ပေါ့။ ကျွန်တော်က ရည်ရွယ်ချက်မရှိဘဲ အပြင်ထွက်နေရတာကို နှစ်သက်တဲ့သူမဟုတ်လား။ ကျောင်းကပြန်ရောက်၊ ရေမိုးချိုး၊ ထမင်းစားသောက်၊ အိမ်စာတချို့ရေးပြီးတာနဲ့ ကမန်းကတန်းပြန်ထွက်လာခဲ့တာမို့ လွယ်အိတ်ထဲမှာ ထီးပါလား၊ မပါလားစစ်ဖို့ မေ့သွားတယ်။ ဆူးလေဘုရားလမ်းမှတ်တိုင်မှာ ဆင်းလိုက်တဲ့အချိန်ကစပြီး ရန်ကုန်မြို့ ကောင်းကင်မှာ မိုးတွေအုံ့ဆိုင်းနေခဲ့ပြီ။ အဲ့ဒီကျမှပဲ ထီးကျန် ခဲ့တယ်ဆိုတာ သတိရတော့တာ။ ကျွန်တော်ကားလမ်းကူးပြီး ရုပ်ရှင်ရုံတွေဘက် လမ်းလျှောက်ခဲ့တယ်။ ရန်ကုန်မြို့လယ်ခေါင်ရဲ့ ညနေခင်းကတော့ ထုံးစံအတိုင်း ဆူညံလှုပ်ရှားနေလျက်က သာယာပျော်ရွှင်နေတာပါပဲ။


(၃) ရှေ့ဆောင်၊ နေပြည်တော်..။ တင်ထားတဲ့နိုင်ငံခြားကားတွေအားလုံး ကျွန်တော်ကြည့်ပြီးပြီ။ ဘာမှလည်းအသစ်မတင်သေးဘူး။ စိတ်လေသွားတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ဘယ်ရုံက၊ ရုပ်ရှင်တစ်ကားကို ဘယ်လောက်ကြာအောင်တင်ပြီး၊ ဘယ်ရက်မှာအသစ်လဲတယ်ဆိုတာ ကျွန်တော်ဘယ်တော့မှ မှတ်မထားဘူး။ ပုံသေရှိ၊ မရှိလည်း စိတ်မဝင်စားဘူး။ ကျောင်းကသူငယ်ချင်း တစ်ယောက်မဟုတ်တစ်ယောက်ကို မေးလိုက်တာနဲ့ ဘယ်ရုံဘာကားဆိုတာ သိနိုင်တာကိုး။ ဒီနေ့ကျောင်းမှာ tutorial နဲ့မို့ မေးဖြစ်ခဲ့ဖို့ သတိတောင်မရဘူး။ ရုပ်ရှင်ရုံတွေ ဘေးကပ်လျက်က သီချင်းခွေဆိုင်နဲ့ စာအုပ်ဆိုင်တွေမှာ ဟိုကြည့်ဒီကြည့်နဲ့ ခဏအချိန်ဖြုန်းလိုက်မိတယ်။ မဝယ်ဖြစ်ဘူး။ ကော်ဖီတော့ အေးအေးဆေးဆေး ထိုင်မသောက်နေတော့ပါဘူး။ ကျွန်တော့်မှာ ပိုက်ဆံများများစားစားမှ မပါလာဘဲ။ ဒါပေမယ့်ထိုင်နေကျ Aroma ဆိုင်လေးထဲကိုတော့ ဘာရယ်မဟုတ် တစ်ချက်ရှိုးမိလိုက်တယ်။ အဲ့ဒီမှာ စတွေ့တာပဲ။

နိုင်ငံခြားသူတစ်ယောက်။ ကျွန်တော်နဲ့အရင်က Flixster.com မှာ စရင်းနှီးပြီး အပြင်မှာ တစ်ကြိမ်ဆုံတွေ့ဖူးလို့ သူငယ်ချင်း ဖြစ်သွားခဲ့တဲ့တစ်ယောက်။ Dr. Lauraine Flanders။ အင်္ဂလန်သူ။ Bournemouth မြို့ဇာတိ။ အသက်က၂၇နှစ်။ ဒီက NGO တစ်ခုမှာ တာဝန်အရ အလုပ်လာလုပ်နေတဲ့သူ။ တီဘီရောဂါ ပပျောက်ရေးဌာနတစ်ခုမှာလို့ သူပြောဖူးတယ်။ သူမတူတဲ့အပြုံးချိုချိုကြောင့် သူ့ကိုတန်းမှတ်မိလိုက်တယ်။ ကျွန်တော့်မှာ နိုင်ငံခြားသားမိတ်ဆွေလည်း သိပ်များများစားစားမှ မရှိတာဘဲကိုး။ အစိမ်းရောင် သန်းတယ်ဆိုရုံလေး အရောင်ခပ်ဖျော့ဖျော့ ရင်ဟိုက်စွပ်ကျယ်အင်္ကျီကို ဝတ်ထားတယ်။ အောက်က သာမန်ချည်သား ဘောင်းဘီတိုနဲ့ပဲ။ စာအုပ်တစ်အုပ်ကိုဖတ်နေရင်းက ကျွန်တော့်ကိုမြင်သွားပြီး လှမ်းပြုံးပြတယ်။ တစ်ဆက်တည်းမှာပဲ မတ်တပ်ထရပ်လိုက်ပြီး ကျွန်တော်ရှိရာ ဆိုင်ပြင်ကိုထွက်လာတယ်။ ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး ကျွန်တော့်ကိုဆိုင်ထဲဝင်ဖို့ သူကပျူပျူငှါငှါဖိတ်ခေါ်တယ်။ Coffee တစ်ခွက်လောက် treat လုပ်ပါရစေတဲ့။ ကျွန်တော့်မှာ ပိုက်ဆံများများမပါခဲ့တာ သတိရပြီး ကိုယ်ကလည်း မိန်းကလေးတစ်ယောက်က ဝယ်တိုက်မှာကို သိပ်မလိုလားတာမို့ အတင်းကာရောပုံစံမဖြစ်အောင် ခပ်ပါးပါးလေးဘဲ သွယ်ဝိုက်ပြီးငြင်းလိုက်တယ်။ ဒါပေမယ့် ထင်မှတ်မထားဘဲနဲ့ ကျွန်တော်တို့ ဒုတိယအကြိမ်မြောက် ထပ်ဆုံဆည်းဖြစ်ကြတာမို့ စကားနည်းနည်းပါးပါးတော့ အေးဆေးပြောမှ ကောင်းမယ်လို့တွက်ပြီး ဟိုနားဒီနားလမ်းလျှောက်ရင်း အပျင်းပြေစကားပြောကြရအောင်လို့ ကျွန်တော်ကပဲ သူ့ကိုဖိတ်လိုက်ပါတယ်။ သူ့မျက်နှာလေးဝင်းပသွားပြီး ချက်ချင်းဆိုင်ထဲပြန်ဝင်၊ ငွေရှင်းပြီးတာနဲ့ သူ့စာအုပ်လေးကောက်ပြီး ပြန်ထွက်လာခဲ့တယ်။
1 ဒီလိုကျတော့ သူ့အသွင်က ဆရာဝန်ဆိုတဲ့ ဂုဏ်မာန်တွေကွာကျပြီး ပီဘိ ကလေးငယ် အဖြူထည်လေး သက်သက်ပါပဲလား။

(၄) သူက ရန်ကုန်မှာနေတာသိပ်မကြာသေးပေမယ့် လမ်းတွေကို ကောင်းကောင်းမှတ်မိနေပြီး စားသောက်ဆိုင်ကောင်းကောင်း တွေကိုလည်းအလွတ်ရနေပါပြီ။ ကျွန်တော်တောင် သူပြောပြနေတဲ့ သူညနေစာသွားစားဖူးတယ်ဆိုတဲ့ စားသောက်ဆိုင် နာမည်တွေ၊ နေရာတဝိုက်တွေကို ကောင်းကောင်းမသိပါဘူး။ ဒီအကြောင်းတွေ သူဘာဖြစ်လို့ ကျွန်တော့်ကို ပြောပြနေသလဲ ကျွန်တော်သေချာ မတွေးတတ်ဘူး။ ရောက်တတ်ရာရာပြောနေရင်းက သူကဒီ အကြောင်းဘက်ကို စကားလှည့်လိုက်တာမို့ပါ။ ကျွန်တော်လည်း အလိုက်သိစွာပဲ သူဗိုက်ဆာနေပြီလားလို့ မေးလိုက်ပါတယ်။ သူက ခေါင်းကိုသွက်ခနဲခါရင်း လင်းလင်းပွင့်ပွင့်ပြန်ပြုံးပြတယ်။ အဲ့ဒီနောက် သူနဲ့ကျွန်တော် ရန်ကုန်မြို့က လူသွားလမ်းတွေနဲ့ ဈေးသည်တချို့ရဲ့ နေပုံထိုင်ပုံ ဘဝတွေနဲ့ပတ်သက်ပြီး လမ်းလျှောက်လာကြရင်း စကားတွေဖောင်ဖွဲ့နေမိ ပြန်ပါတယ်။ ကျွန်တော်ပြောပြသမျှကို သူက လေးလေးနက်နက် နားစိုက်ထောင်နေပြီး သူမရှင်းတာလေးတွေဆိုရင်လည်း ယဉ်ယဉ်ကျေးကျေးပဲ ပြန်မေးပါတယ်။ သူ့ဘက်ကလည်း ဝင်ဆွေးနွေးပါတယ်။

ကျွန်တော်တို့ ဆူးလေ Hitachi Tower နားကနေ အပေါ်လမ်းအတိုင်း လျှောက်လာလိုက်ကြတာ ပုဇွန်တောင်မီးပွိုင့်နားရောက်တဲ့အထိပါပဲ။ ခြေထောက်ညောင်းလို့ ညောင်းမှန်းတောင်မသိပါဘူး။ အဲ့ဒီအချိန်မှာပဲ ဝေါခနဲရှဲခနဲ မိုးအော်သံကိုကြားလိုက်ရတယ်။ တမုဟုတ်ချင်းပဲ မိုးစက်လေးတွေ ဖွဲခနဲကျဆင်းလာတယ်။ နီးရာသစ်ပင်ကြီးတစ်ခုအောက်ကို ပြေးဝင်လိုက်ကြပြီး ကျွန်တော့်တို့အဖြစ်ကို ကျွန်တော်တို့ ကြည့်ရင်း ဘာရယ်မဟုတ်ဘဲ ရယ်မောမိကြတယ်။

ဖွာဆင်းကျလာနေတဲ့ မိုးစက်မှုန်တွေကိုကြည့်ရင်း ကျွန်တော်ထီးမေ့ကျန်ခဲ့တယ်ဗျာ..လို့ သူ့ကိုလွှတ်ခနဲပြောမိတော့ ကျွန်မလည်းအတူတူပါပဲတဲ့။ နိုင်ငံခြားသူတွေ ထီးကိုင်ပြီးလျှောက်သွားတာ တစ်ခါမှမမြင်ဖူးဘူးလို့ ကျွန်တော်က အထွန့်တက်မိတော့ သူက ပြုံးတုံ့တုံ့နဲ့ပြန်ဖြေတယ်။ သူကနိုင်ငံခြားသူဖြစ်ပေမယ့် အခု မြန်မာပြည်မှာနေတဲ့အတွက် သူ့ကိုယ်သူ မြန်မာလူမျိုးလို့ပဲခံယူထားတယ်တဲ့။ မြန်မာလူမျိုးတွေရဲ့ ကျန်းမာရေး တစ်စိတ်တစ်ဒေသကို ကူညီစောင့်ရှောက်ပေးနေရတဲ့ သူ့အလုပ်အတွက်လည်း သူဂုဏ်ယူတယ်တဲ့။ ဒါကြောင့် မြန်မာမလေး တစ်ယောက်လိုပဲ သူနေတယ်ထိုင်တယ် သွားတယ်လာတယ် စားသောက်တယ်တဲ့။ သူ့ကိုမြန်မာမလေး တစ်ယောက်အနေနဲ့ပဲ လောလောဆယ်မြင်စေချင်ပါတယ်တဲ့။ သူထီးဆောင်းတတ်တယ်၊ (မရိုမသေ) ထဘီဘယ်လို ဝတ်ရမလဲဆိုတာသိတယ်၊ သနပ်ခါးလည်း လူးတတ်တယ်၊ မြန်မာစကားတချို့လည်း ကောင်းကောင်းပြောတတ်နေပြီတဲ့ (ပြောရင်းနဲ့ ကျွန်တော့်ကို သူသိသမျှ မြန်မာစကားလုံးတချို့ကို မပီကလာပီကလာ ရွတ်ပြနေပါသေးတယ်)။ သူ့အဖြေက ရှင်းလင်းပြီး သဘောကျစရာကောင်းလို့ ကျွန်တော်သူ့ကို အဲ့ဒီနေရာမှာတင် မတ်တပ်ရပ်ပြီး အကြာကြီးစိုက်ကြည့်နေမိတယ်။ လူတန်းစားလုံးဝ မခွဲခြားတတ်ဘဲ ဒုက္ခရောက်နေသူတွေအတွက် နိုင်ငံတွေအဆင့်ဆင့်ခြားပြီး တစ်နယ်တစ်ကျေးဖြစ်တဲ့ ဒီမြန်မာနိုင်ငံကိုမှ လာရောက်တာဝန်ထမ်းဆောင်နေတဲ့ သူ့ရဲ့စိတ်ဓါတ်ကိုလည်း ကျွန်တော်ကြိတ်ချီးကျူးနေမိတယ်။ မိုးမှုန်မိုးမွှားလေးတွေကပ်နေတဲ့ ငွေရောင်ဖျော့ဖျော့ သူ့ဆံပင်က အိတွဲ့တွဲ့လိပ်ခွေဆင်းနေပြီး ရှင်းလင်း ချောမွေ့နေတဲ့ သူ့မျက်နှာပြင်လေးက တင်းတင်းရင်းရင်းနဲ့ ကျက်သရေရှိလိုက်တာ...။

7(၅) မိုးက မစဲတော့တဲ့အပြင် လေကြမ်းတွေပါခတ်လာပြီး ပိုလို့ပိုလို့ သည်းလာပါတော့တယ်။ အနားမှာတွေ့တဲ့ ကွမ်းယာဆိုင်ကနေ ကျွန်တော် ကြွပ်ကြွပ်အိတ်၂အိတ်ဝင်ဝယ်လိုက်ပြီး လွယ်အိတ်ထဲက ရှိသမျှ စာအုပ်တွေရော အကုန်လုံးကို အိတ်နဲ့ ၂ထပ်စွပ်လိုက်ပါတယ်။ ပြီးမှ လွယ်အိတ်ကြိုးကို ခပ်တိုတိုကြပ်ပြီး ပြန်လွယ်လိုက်တယ်။ သူက ကျွန်တော်လုပ်ပုံကိုင်ပုံတွေကိုကြည့်ပြီး ဘာတွေသဘောကျနေလေတယ် မသိ။ ပြုံးစိစိ ခေါင်းတညိတ်ညိတ်နဲ့ လုပ်နေတယ်။ အဲ့ဒီနောက် သူက ကျွန်တော်လုံးဝမထင်မှတ်ထားတဲ့ စကားတစ်ခွန်းကို ဆိုတယ်။ မိုးရေထဲ လမ်းလျှောက်ကြရအောင်တဲ့။ သူကမိုးရွာရင် သိပ်ပျော်တယ်ဆိုပဲ။ ကျွန်တော်ကိုယ်တိုင်လည်း မိုးရွာတာကို နှစ်သက်ပေမယ့် သူ့လောက်ကြီး လိုလိုလားလား ခုံခုံမင်မင်ကြီး မိုးကိုမစွဲလမ်းဘူး။ သူငယ်ငယ်လေးတုန်းက ဝေးလံလှတဲ့ကျောင်းကို မိုးရွာကြီးထဲမှာ မိုးကာအင်္ကျီလေးဝတ်ရင်း စက်ဘီးလေးနဲ့သွားရသတဲ့။ သူကျောင်းကပြန်လာရင် သူ့မေမေက ပေါင်မုန့်ခြောက်နဲ့ ဘီစကွပ်နွေးတွေ စီစဉ်ထားပြီး ကော်ဖီကျဲကျဲတစ်ခွက်ကို အဆင်သင့်ဖျော် စောင့်နေလေ့ရှိတယ်တဲ့။ သူငယ်ငယ်တုန်းက ချို့ချို့တဲ့တဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝနေ့ရက်တွေကို တမ်းမှန်းလွမ်းဆွတ်ရင်း ကျွန်တော့်ကို သူပြောပြဖူးတယ်။ သူနည်းနည်းကလေးမှ အားငယ်သိမ်ငယ်မှုမဖြစ်ခဲ့ဘဲ သူ့မေမေနဲ့အတူ ဘဝကိုမိုးရေစက်တွေကြားမှာ ရဲရဲကြီးဖြတ်သန်းလာခဲ့တယ်တဲ့။ သူ့ရဲ့ပြတ်ကြောမာထန်နေတဲ့ စိတ်ဓါတ်ကို သူ့မျက်ဝန်းတွေထဲမှာတောင် ကျွန်တော်တွေ့နေခဲ့ရတာပါ။

သူက အဲ့ဒီလိုစကားဆိုတော့ ကျွန်တော့်မျက်လုံးထဲ ဒရာမာရုပ်ရှင်ကားတွေထဲကလို မိုးရွာကြီးထဲ ကောင်လေးနဲ့ကောင်မလေး လက်အတူ တွဲပြီး လမ်းလျှောက်ကြတယ်ပေါ့။ ကိုယ့်အတွေးနဲ့ကိုယ် ရှက်ရယ်ရယ်လိုက်မိတာကို သူကသေချာအကဲခတ်နေခဲ့တယ်။ ကျွန်တော်ပိုလို့တောင် ရှက်သွားပြီး ဟိုဘက်ကားလမ်းမဆီကို မျက်နှာလွှဲပစ်လိုက်တယ်။ သူကကလေးတစ်ယောက်ကို ခပ်မင်မင် ချော့မြှူတဲ့စတိုင်လ်နဲ့ ကျွန်တော့်ဆံပင်နက်တွေကို ခပ်ဖွဖွပုတ်ပြီး ရယ်မောနေတယ်။ အင်း.. တကယ်လည်း ကျွန်တော်က သူ့မောင်ငယ်သာသာအရွယ်လေးပဲ ရှိတာကိုး။ ကျွန်တော် ဘာမှပြန်မပြောဖြစ်လိုက်ပါဘူး။ တစ်စုံတစ်ခု ဆွတ်ပျံ့မှုကလေးတော့ သူ့လက်ဖွေးဖွေးတွေကတစ်ဆင့် ကျွန်တော့် ရင်ဘတ်ထဲအထိ နွေးခနဲစီးဆင်းသွားခဲ့ပါတယ်။

(၆) သေချာတာကတော့ ကျွန်တော်တို့နှစ်ယောက်စလုံး အတော့်ကိုစိတ်ကူးယဉ်ကြတာပါပဲ။ ဒါပေမယ့်မိုးအရမ်းသည်းတော့ လမ်းဆက် လျှောက်လို့ မကောင်းတော့တဲ့အတွက်ရော သူအအေးမိမှာစိုးတဲ့အတွက်ရော ကျွန်တော်ကလောလောဆယ် ကားစီးသွားကြပြီး လမ်းလျှောက်ချင်ရင် သူ့ဟိုတယ်လ်အနီးအနား တစ်နေရာရာရောက်မှပဲ ဆင်းလျှောက်ကြတာပေါ့လို့ တိုက်တွန်းတော့ သူကကြည်ကြည်ဖြူဖြူ သဘောတူပါတယ်။ ဒါမှလည်းသူ့အတွက် အဆင်ပြေမယ်လို့ ကျွန်တော်ထင်လို့ပါ။ သူ့ကိုလိုက်ပို့ပြီးမှ ကျွန်တော်ကကားတစ်စီးစီးနဲ့ ဖြစ်သလိုပြန်လည်းရတာပဲ။ သူ့တိုက်တွန်းချက်အတိုင်း ကျွန်တော်တို့ တွေ့တဲ့နေရာကနေတားပြီး လိုင်းကားစီးလိုက်ကြပါတယ်။ သူကဘတ်စ်ကား စီးရတာကို အသားကျနေသလို ပျော်လည်းပျော်တဲ့ပုံပါပဲ။ ဒါပေမယ့် ဟိုင်းလက်စ်ကားဖြစ်နေတဲ့အတွက် သူ့ကို ခေါင်းခန်းထဲမှာ ထိုင်စေပြီး ကျွန်တော်က အနောက်မှာပဲနေရာရပါတယ်။ မိုးကမရပ်တော့ပါ။ နေတောင် အတော်စောင်းသွားပြီ။ ထီးမထည့်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ် ကျွန်တော်ဆဲလိုက်မိတယ်။ ရာသီဥတုကိုယ်၌ရော၊ ကျွန်တော်တို့နှစ်ယောက်လုံးရော ခပ်စိမ့်စိမ့် ဖြစ်နေကြပါပြီ။

တာမွေအဝိုင်းထိပ်ကနေ ကားတစ်ခါပြောင်းစီးကြရပြန်ပါတယ်။ တော်သေးတာက ကားသိပ်မကြပ်တာပါ။ သွားမှာက Sedona Hotel မဟုတ်လား။ သူက ရန်ကုန်မှာနေသမျှ ကာလပတ်လုံး Sedona (ဒါမှမဟုတ်) Summit Park View နှစ်ခုမှာပဲ တည်းလေ့ရှိပါတယ်။ 3တစ်လစာဖြစ်ဖြစ် ကြိုတင်ငွေချေထားနှင့်ပြီး မန္တလေးရုံးခွဲဆင်းရတဲ့အခိုက် ဆိုရင်လည်း မန္တလေးကမြမန္တလာဟိုတယ်လ်မှာပဲ တည်းတတ်ပါတယ်။ ဟိုတယ်လ်က ဝန်ထမ်းတွေနဲ့တောင် သူအတော်ခင်နေပြီလို့ဆိုပါတယ်။ ဒုတိယအကြိမ်စီးတဲ့ ကားကတော့ကားကြီးမို့ ကျွန်တော်တို့နေရာမရတောင် ချောင်ချောင်ချိချိ မတ်တပ်ရပ်ရင်း စကားတွေတရစပ်ပြောနေမိကြတယ်။ ကားပေါ်ကခရီးသည်တချို့က ကျွန်တော်တို့နှစ်ယောက်ကို ကွက်ကြည့် ကွက်ကြည့်နဲ့။ ဆူညံနေလို့နဲ့တူပါရဲ့။ ကျွန်တော်တို့လည်း ရုတ်တရက်ရယ်မောရင်း အသံကျယ်သွားလိုက်.. ရှူး..ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် သတိပေးလိုက်၊ ထပ်ရယ်လိုက်နဲ့ အင်မတန်ပျော်ရွှင် လတ်ဆတ်နေတဲ့ မိုးသည်းညဦးပိုင်းလေး ဖြစ်သွားခဲ့ပါတယ်။

(၆) Sedona မရောက်ခင် တစ်မှတ်တိုင်အလိုမှာဆင်းလိုက်ကြပြီး ကျွန်တော်တို့ စိတ်ကူးယဉ်ထားကြသလို ကမ္ဘာအေးဘုရားလမ်းအတိုင်း မိုးသည်းသည်းထဲ လမ်းလျှောက်ခဲ့ကြပါတယ်။ မိုးစက်တွေ ဖွားခနဲဖွားခနဲ လွင့်စင်သွားတဲ့ ကတ္တရာလမ်းမကြီးရဲ့ရင်ဘတ်က ကျွန်တော့် နှလုံးခုန်သံနဲ့ထပ်တူ အပြိုင်လှုပ်ခတ်ဟစ်ကြွေးနေပါတယ်။ ဒါပေမယ့် သူကတော့တရားဝင်ဖော်ထုတ်ခွင့်ရှိပြီး ကျွန်တော်ကတော့ အသံတိတ် လှိုက်ဖိုနေရတာပါ။ ကားတွေ တစ်စီးစ၊ နှစ်စီးစ ဖြတ်ဖြတ်သွားကြတယ်။ Lauraine က မျက်နှာလေးခေါင်းမော့ လက်နှစ်ဖက်ကို ဆန့်တန်းရင်း ဖိနပ်ဖြူလေးကိုချွတ်၊ လက်ကကိုင်ပြီး ရှေ့ ၄၊ ၅ ကိုက်လောက်ကို ပြေးသွားပါတယ်။ ပါးစပ်ကလည်း မြန်မာလို အော်လိုက်ပါသေးတယ်။ “ကျွန်မ မိုးကိုချစ်တယ်” တဲ့....။ တစပ်တည်း B.J. Thomas ရဲ့ သီချင်းစာသားလေးတစ်ခုကို ခပ်တိုးတိုး ရွတ်လိုက်တယ်။

ိ“Raindrops keep fallin' on my head
But that doesn't mean my eyes will soon be turnin' red
Cryin's not for me
'Cause I'm never gonna stop the rain by complainin'
Because I'm free
Nothin's worryin' me . . . .”

ဖွဖွလေးနင်းသွားတဲ့ သူ့ခြေဖဝါးဖြူဖြူတွေမှာ စင်ကြယ်တဲ့မိုးစက်တွေကပ်ပါသွားတယ်။ အင်းလျားကန်ရေပြင်ကို တရစပ်သုတ်ဖြူး ဖြတ်တိုက်လာတဲ့ လေညင်းအေးအေးကြောင့် ကျွန်တော်တစ်ချက်လောက်စိမ့်သွားပေမယ့် ကလေးငယ်တစ်ဦးလို မိုးရေထဲပြေးလွှား အော်ဟစ်နေတဲ့ သူ့ကိုမှင်သက်တိတ်ဆိတ်စွာပဲ ကြည့်နေမိခဲ့တယ်။ လှလိုက်တာ Lauraine ရယ်....။

(၇) သူ ကျွန်တော့်ဘက်ကို မျက်နှာပြန်မူလိုက်ပြီး နောက်ပြန် ခပ်ဖြည်းဖြည်းလေး လမ်းလျှောက်တယ်။ ကျွန်တော်ကလည်း တုံ့နှေးတဲ့ ခြေလှမ်းတွေနဲ့ပေါ့။ ခဏတာတွေကို ကျွန်တော်သိပ်မြတ်နိုးတတ်နေပြီလေ။ Sedona Hotel ကြီးကတော့ မီးရောင်တွေတထိန်ထိန်နဲ့ ဟိုရှေ့နားမှာ ကျွန်တော်တို့ကို မိန့်မိန့်ကြီး ထိုင်စောင့်နေပြီ။ သူလေးကတော့ သိပ်ပျော်ရွှင်မြူးထူးနေတဲ့အပြုံးနဲ့ ခေါင်းလေးကို ဘယ်ယိမ်း ညာယိမ်းလုပ်နေတယ်။ လမ်းမကြီးတစ်ခုလုံး သူနဲ့ကျွန်တော် နှစ်ယောက်တည်းရှိနေတဲ့အတိုင်း။ လွတ်လပ်ပွင့်လင်းလို့..။ သူ့ခြေလှမ်းတွေကို ရုတ်တရက် တုံ့ခနဲရပ်လိုက်ပြီး မကြည်မလင်ဖြစ်နေဟန်တူတဲ့ ကျွန်တော့်မျက်နှာကို သေချာစိုက်ကြည့်တယ်။ ပြီးတော့မေးတယ်။ မပျော်ဘူးလားတဲ့...။ မိုးရေတွေထဲ ကျွန်မနဲ့လမ်းလျှောက်ရတာကိုလေတဲ့...။ သိပ်ပျော်တာပေါ့.. လို့ ကျွန်တော်က ပြောလိုက်ပြီး သူ့နောက်ထပ် မေးခွန်းမလာခင် တခါတည်း ဆက်ဖြေလိုက်တယ်။ “But. . . I'm feeling so afraid if you could never be with me like this moment ever again!”

5သူ ရယ်ပါလေတယ်။ ပြီးတော့မေးတယ်။ အခုချိန်မှာ ကျွန်တော်ရောသူရော ထီးကိုယ်စီပါလာခဲ့မယ်ဆိုရင် အခုလို လမ်းလျှောက်ကြဖို့ ဖြစ်လာဦးမယ်ထင်လားတဲ့။ ကျွန်တော်မပြောတတ်ဘူး။ လျှောက်ဖြစ်ကြဖို့ သူကစပြီး အကြံရလို့ ကျွန်တော်တောင် အံ့သြခဲ့ရသေးတာမဟုတ်လား။ ကျွန်တော့်မျက်နှာကိုကြည့်ပြီး သူ ထပ်ရယ်ပြန်တယ်။ ကျွန်တော်အသည်းယားလာတယ်။ သူကဆက်ပြောတယ်။ ကျွန်တော်ရော သူရော အမြဲ ထီးကိုင်ဖြစ်ကြတာချင်းအတူတူ ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်စလုံးက ထီးမေ့ကျန်ခဲ့ကြတယ်။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြို့ထဲတစ်နေရာမှာ လာဆုံဖြစ် ကြတယ်။ ပြီးတော့ မိုးရွာတော့မှာ သိသိကြီးနဲ့ မရွာလောက်သေးပါဘူး၊ ရွာတော့လည်း ဖြစ်ချင်ရာဖြစ် လျှောက်မှာပဲဆိုတဲ့ မသိစိတ်ကနေ လက်ခံတိုက်တွန်းလို့ အခု ဒီနေရာကိုတောင် ရောက်နေကြပြီတဲ့။ အဲ့ဒါကို destined အရ ဖြစ်လာတာပါလို့ မယူဆကြဘူးဆိုပါစို့...။ ဒါဆို ဒီအခြေအနေဖြစ်လာအောင် ဘယ်သူစေခိုင်းခဲ့တာလဲတဲ့။ ကျွန်တော်တို့ ကိုယ်တိုင်ပေါ့လို့ ကျွန်တော်က ဖြေလိုက်တယ်။ သူက လက်မကလေးထောင်ပြပြီး ဒါပဲပေါ့..ဆိုတဲ့ ပုံစံမျက်နှာပေးလုပ်ပြတယ်။

ကျွန်တော်သဘောပေါက်သွားတယ်။ သူဆိုလိုတာက နောက်တစ်ကြိမ် ဒီလိုအခြေအနေမျိုး ဒီလိုအခိုက်အတန့်မျိုးကို ဖန်တီးချင်ရင် ကျွန်တော်တို့ နှစ်ယောက်အပေါ်မှာပဲ မူတည်တယ်ဆိုတဲ့သဘော။ သူက ကံကြမ္မာဆိုတာကို သိပ်ယုံကြည်ပုံမရဘူးလို့ ကျွန်တော် ခပ်မဆိတ် တွေးလိုက်တယ်။ စိတ်ထဲမှာ ပျော်နေရမယ့်အစား ဝမ်းနည်းအားငယ်သလိုလို၊ အင်အားချိနဲ့နေသလိုလို ခံစားရတယ်။ ဒါပေမယ့် သူ့မျက်လုံးတွေထဲကအပြုံးကို ကျွန်တော့်နှုတ်ခမ်းနဲ့ အားတင်းပြီး တုံ့ပြန်လိုက်နိုင်ပါတယ်။ ကျွန်တော် သူ့ပုခုံးလေးကို ညာလက်နဲ့ သိုင်းဖက်လိုက်တယ်။ သူက အလိုက်တသိပဲ ဦးခေါင်းလေးကို ကျွန်တော့်ပုခုံးဆီ မှီငဲ့လိုက်တယ်။ အခုမှ ကျွန်တော် အစစ်အမှန် ပြုံးနိုင်ပါတော့တယ်။ ကျွန်တော်ကိုက အတွေးခေါင်ပြီး ပူတတ်ရန်ကောလေ.. လို့ပဲ စိတ်ထဲမှာ မှတ်ချက်ချလိုက်တယ်။ ခုနက လေးနေတဲ့ စိတ်တွေ အားငယ်နေတဲ့စိတ်တွေ မိုးစက်သစ်တွေနဲ့အတူ ပြန်ပြီးပေါ့ပါးလန်းဆန်းလာတယ်။ မိုးတွေကလည်း အေးလိုက်တာ...။

(၈) ကျွန်တော်... ဟိုတယ်လ်နားရောက်လေ မပြန်ချင်တော့လေ... နောက်ပြီး... သူနဲ့မခွဲချင်တော့လေ...။ ဒါပေမယ့်ခွဲခွာခြင်းဆိုတဲ့ ဓမ္မတာကြီးကို ဘယ်သူလွန်ဆန်နိုင်လို့လဲ။ ခေတ္တခွဲခွာရခြင်းဖြစ်ပါစေလို့ပဲ ကျွန်တော်ကြိတ်ဆုတောင်းနေမိတယ်။ ဟိုတယ်လ်ဘေးက စက်မှု(၁)လမ်းပေါ်ရောက်တော့ သူကဖိနပ်ဖြူလေးကို ပလက်ဖောင်းပေါ်ပစ်ချလိုက်ပြီး စိုရွှဲနေတဲ့လက်တွေနဲ့ ကျွန်တော့်ခါးကိုဖက်လိုက်တယ်။ ကျွန်တော့်ကို ရီဝေဝေကြည့်တယ်။ သူလည်း ကျွန်တော့်လိုပဲ ခံစားနေရမလား...။ ခုထိ ကျွန်တော်သူ့ကို ချစ်ပါတယ်လို့ မပြောရသေးဘူး။ ခုချိန်မှာ ချက်ချင်းပြောဖို့ လိုအပ်သလား၊ မလိုအပ်ဘူးလား.. ကျွန်တော် တကယ်မသိပါဘူး။ ကျွန်တော် တစ်ခါမှ မိန်းကလေးတစ်ယောက်ကို ဒီလောက်မချစ်ခဲ့ဖူးဘူး။ ဒါ ပထမဦးဆုံးပဲ။ ဟုတ်တယ်။ ကျွန်တော်သူ့ကိုချစ်နေပြီ။ သူကရော..? ကျွန်တော် သူ့မျက်နှာကိုစိုက်ကြည့်နေမိတာ ဘယ်လောက်ကြာသွားပြီလဲမသိ။ သူက ကျွန်တော့်နဖူးကို ဖွဖွလေးနမ်းလိုက်တော့မှပဲ အသိပြန်ဝင်လာတယ်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ဒါပေမယ့် ကျွန်တော်မပြုံးပြလိုက်ပါ။

ကျွန်တော် တစ်ကုန်လုံးချမ်းစိမ့်ပြီး မေးတွေပါတုန်နေပြီ။ သူလည်း ထိုနည်းလည်းကောင်းပဲ။ သူက ပြုံးတုံ့တုံ့ကြည့်ပြီး အထဲဝင်ရအောင်လေ တဲ့။ မိုးတိတ်မှ ပြန်ချင်လည်းပြန်ပေါ့တဲ့။ ကျွန်တော် ကြောင်သွားတယ်။4 ကျွန်တော် လိုက်သွားလို့ ဘယ်ဖြစ်မလဲ။ ဘယ်နည်းနဲ့မှမဖြစ်ပါဘူး။ ကျွန်တော် ရွှဲနစ်နေတယ်။ အဝတ်လဲဖို့ လိုအပ်တယ်။ သူ့ဆီမှာမှ အဝတ်အစားမရှိဘဲ။ ပြီးတော့ ကျွန်တော် နွေးနွေးထွေးထွေးနေပြီး တစ်ခုခုစားရမယ်။ ပြီးရင် ကျွန်တော်အိမ်ပြန် အိပ်ရမယ်။ ကျွန်တော် အိမ်ကိုဘာမှမပြောခဲ့ရဘူး။ ပြီးတော့ မိုးကလည်း တစ်ညလုံး သည်းမယ့် ရန်ကုန်မိုးစွေ။ တော်တော်နဲ့တိတ်မယ့်ပုံမှမပေါ်တာ။ သူနဲ့ကျွန်တော် တွေ့တာဒါနဲ့မှ ဒုတိယအကြိမ်ပဲ ရှိသေးတယ်။ ကျွန်တော်သူ့ကို ချစ်တယ်။ ဒါပေမယ့် မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပြီး ချစ်တာ။ ပြီးတော့ ကျွန်တော်... ကျွန်တော်... အသက် ၁၈နှစ် မပြည့်သေးဘူး....။ သူက ကျွန်တော့်ထက် အသက်အများ ကီးကြီးတယ်။ ရှေ့ဆက်လို့ ဖြစ်ပါ့မလား...။ ရှေ့လျှောက်ကျွန်တော်တို့ ဘယ်လိုထပ်ရင်ဆိုင်ကြမလဲ...။ ဟာ.. ဘာတွေလဲကွာ....။

အဲ့ဒီတခဏလေးမှာပဲ ကျွန်တော့်ဦးခေါင်းနဲ့ မြင်ကွင်းတွေဟာ ချာချာလည်နေတယ်လို့ ခံစားရပြီး ရှေ့တည့်တည့်မှာရပ်နေတဲ့ သူ့ကို သေချာမမြင်ရတော့ဘူး။ မိုးစက်တွေက ကျွန်တော့်မျက်ဝန်းတွေကို ဝေဝါးစေတယ်။ သူလည်း မိုးတွေစိုရွှဲနေတာ။ သူ အဝတ်လဲရမယ်။ အထဲမှာ နွေးနွေးထွေးထွေးနေရမယ်။ ကော်ဖီတစ်ခွက်သောက်ဖို့ ကျွန်တော် သူ့ကိုပြောရမယ်။ ညစာပူပူလေးမှာစားဖို့။ ပြီးရင် စောစောအိပ်ပစ်ဖို့...။ မနက်ကျရင် ကျွန်တော့်ကို ဖုန်းဆက်ဖို့။ သြော်.. ကျွန်တော်သူ့ကို ဖုန်းနံပါတ်လည်း ပေးရဦးမယ်။ ဒီညတော့ မဖြစ်.... မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော့် နှုတ်ခမ်းက လှုပ်ရုံလေးပဲလှုပ်တယ်။ စကားတွေတစ်ခွန်းမှထွက်မလာဘူး။

ကျွန်တော် ခေါင်းကိုခပ်ဖြည်းဖြည်းခါလိုက်ပြီး ဒူးတွေညွတ်ကျတော့မတတ်ဖြစ်လာတယ်။ သူက ကျွန်တော့်ကို ပြန်တွဲရတယ်။ အမိုးအောက်ဝင်ကြစို့တဲ့...။ ကျွန်တော့်မျက်နှာ ဘယ်လိုဖြစ်သွားသလဲဆိုတာ မှန်သာရှိရင် ကျွန်တော်ကြည့်ချင်လိုက်တာ။ ရပါတယ်.. ဆိုတဲ့ စကားတစ်ခွန်းက နာရီများစွာကြာပြီးနောက်ပိုင်းမှာ ပထမဦးဆုံးအနေနဲ့ ကျွန်တော့်နှုတ်ခမ်းကထွက်ကျလာတယ်။ လေးတေးတေးကြီး။ သူက ချမ်းလှပြီ.. ကျွန်မအထဲဝင်တော့မယ်တဲ့..။ ကျွန်တော့်ကို လိုက်မှာလား၊ ပြန်မှာလားတဲ့။ သူ့မျက်ဝန်းထဲမှာ မကျေနပ်တဲ့ အားမလိုအားမရတဲ့ အရိပ်အယောင်ကို ကျွန်တော်အားကိုးတကြီး မချင့်မရဲလိုက်ရှာမိတယ်။ လုံးဝမတွေ့ဘူး။ ဒါပေမယ့် သူ့အသံက နည်းနည်းထန်နေသလားလို့။ ကျွန်တော်စိတ်ထင်တာပဲဖြစ်မှာပါ။ ကျွန်တော့်ကိုချစ်သလားလို့ သူ့ကိုဗြုန်းစားကြီး မေးလိုက်ချင်တာလေ....။ ဒါပေမယ့် အဆင့်အတန်း...၊ အသက်အရွယ်...၊ နောက်ပြီး လူမျိုး... ၊ တန်ဖိုး....၊ ကိုယ်ကျင့်သိက္ခာ....၊ အဲ့ဒါတွေရဲ့ နောက်ဆုံးမှာ “အချစ်”လား...။

(၉) ကျွန်တော်ပြောချင်တဲ့ စကားလုံးပေါင်းမြောက်များစွာကို ဘယ်လိုကနေ ဘယ်လို ကျွန်တော်စီကာပတ်ကုံး ပြောရမယ်မှန်းမသိဘူး။ ကျွန်တော် သိပ်တုံးသိပ်အ, တာပဲ။ ကျွန်တော့်ကိုယ် ကျွန်တော်မုန်းတယ်။ သူ ကျွန်တော့်လက်တွေကိုလွှတ်ပြီး ချာခနဲ ဟိုတယ်လ်ဘက်ကို လှည့်သွားတဲ့အခါမှာတော့ “K.. K.. Keep warm. Sleep tight!” ဆိုတဲ့ စကားနှစ်ခွန်း ခလုတ်တိုက်ပြီး ကျွန်တော့်ပါးစပ်ကထွက်သွားတယ်။ အထစ်ထစ်အငေါ့ငေါ့။ ထပ်ထွက်မလာတော့ဘူး။ ပြောတယ်။ လုံးဝ ထွက်မလာဘူး။ မေးတွေက တရစပ်တုန်နေတယ်။ ခြေထောက်တွေပါ တဆတ်ဆတ်ဖြစ်လာတယ်။ သူက လှည့်ကြည့်တယ်ဆိုရုံလေးနဲ့ “You too.” တဲ့။ ကျွန်တော်လက်ပြတယ်။ Lobby ထဲဝင်တဲ့ မှန်တံခါးထဲကနေ သူကျွန်တော့်ကို လက်ပြန်ပြတယ်။ ပြီးတော့ မြင်ကွင်းကနေပျောက်သွားတယ်။ သူ့ကို ကြည့်ရတာ ဘာမှမခံစားရသလိုပါပဲလား..။ သူ့ထုံးစံ အတိုင်း ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်။ ကျွန်တော် လေးကွေးထှိုင်းမှိုင်းနေသလောက် သူကတော့အမြဲသွက်လက်တက်ကြွလို့..။ အခုလေးတင် ကျွန်တော်ရှေ့တည့်တည့်မှာရှိနေသေးပြီး မျက်တောင်တစ်မှိတ်မှာပဲ မရှိတော့ဘူး။ သြော်.. ဥရောပသူ ဒေါက်တာမကြီးရယ်....။

2အဲ့ဒီနေရာကနေ ကျွန်တော်တစ်ဖဝါးမှ မခွာမိဘူး။ လှုပ်တောင် တုပ်တုပ်မလှုပ်ဝံ့ဘူး။ ဘာဖြစ်လို့ ဆိုတာလည်း ကျွန်တော်ကိုယ်တိုင်နားမလည်ဘူး။ ရှက်ရွံ့၊ အားငယ်၊ ယောင်ချာ၊ ကြောင်စီ၊ ပူပင်၊ ငေးဆွေး၊ နှေးကွေး၊ နောက်ထပ် ဘယ်စကားလုံးနဲ့မှ နှိုင်းယှဉ်မပြတတ်ဘူး။ ကျွန်တော်ဘာကို ထိတ်နေတာလဲ၊ ဘာကိုကြောက်နေတာလဲ၊ ဘာကိုရွံ့နေတာလဲ၊ ဘာကိုစိုးနေတာလဲ၊ ဘာကို...... ဘာအတွက်...... ဘာလို့........??? ဟူး.........။ ကျွန်တော့်လို ငတုံးတစ်ယောက်အတွက် မေးခွန်းတွေက မိုးရေစက်တွေနဲ့အမျှ များပြားခဲစက်နေစေတော့တယ်။ ခုချိန်မှာကျွန်တော် သတိရတောင့်တနေမိတာက ကျွန်တော့်ကိုလောလောဆယ် လုံခြုံအောင် မိုးမပေးနိုင်ရှာတဲ့ အိမ်မှာကျန်ရစ်ခဲ့တဲ့ ထီးလေးရယ်ပါ...။

(၁၀) ကျွန်တော်အိမ်ကို ဘယ်လိုပြန်ရောက်ခဲ့သလဲ မသိခဲ့ပါ။ ဘယ်အချိန်ပြန်ရောက်ခဲ့သလဲ မသိခဲ့ပါ။ ဘယ်လမ်းတွေကဖြတ်လာပြီး ဘယ်ယာဉ်နဲ့ပြန်ရောက်ခဲ့သလဲ မသိခဲ့ပါ။ ပြီးတော့.. ကျွန်တော် ဘယ်နှစ်ရက် အိပ်ပျော်သွားခဲ့သလဲ မသိခဲ့ပါ။ ကျွန်တော်သိတာက... ကျွန်တော့်ဘေးမှာ ပူပန်ကြောင့်ကြတဲ့ မျက်နှာတွေနဲ့ ကျွန်တော့်မိသားစု။ သူတို့ရဲ့အနောက် နံရံမှာချိတ်ထားတာက ခြောက်သွေ့ တွန့်ကြေနေပြီဖြစ်တဲ့ Adidas အိတ်အနက်ကလေး။ ကျွန်တော့်အိပ်ရာဘေးမှာက တွန့်လိမ်စုတ်ပြတ်နေတဲ့ စာအုပ်တချို့။ “ထီး.. ထီး..” လို့ ကျွန်တော် အလန့်တကြားရေရွတ်မိတော့ မေမေက ကျွန်တော်ဆောင်နေကျ ဖဲထီးလေးကိုကမ်းပေးတယ်။ ကျွန်တော်ဆွဲယူလိုက်ပြီး ရင်ခွင်ထဲမှာ တအားပွေ့ဖက်ထားလိုက်မိတော့တယ်။

သီတင်းပတ်နည်းနည်းတော့ ကြာသွားခဲ့ပြီ။ ရန်ကုန်လမ်းညွှန်ထဲက ဖုန်းနံပါတ်နဲ့ Sedona က receptionist တစ်ယောက်ကို မေးမြန်း ကြည့်တယ်။ ထင်တဲ့အတိုင်း သူ ဟိုတယ်လ်မှာ မရှိတော့ပါဘူး။ တစ်စုံတစ်ခုများ စကားချန်သွားမလားလို့ သေချာမေးပါတယ်။ ကျွန်တော် ဘယ်သူဘယ်ဝါဆိုတာ ပြောကြည့်ပါတယ်။ ထူးမခြားနားပါပဲ။ ကျွန်တော်ဖုန်းပြောနေရင်းက လက်တွေတုန်လာပြန်ပါတယ်။ စိတ်ထဲမှာလည်း နင့်ခနဲဖြစ်သွားတယ်။ တဆက်တည်းမှာ ရင်ဘတ်ထဲကနေ တဒုတ်ဒုတ်မြည်လာပါတယ်။ ကျွန်တော် ဘာဖြစ်တာလဲမသိ..။ ဖုန်းမပြောခင်က နှစ်နာရီလောက် ကြိုစဉ်းစားထားပြီးဖြစ်တဲ့ သူ့အတွက် ကျွန်တော့်ဖုန်းနံပါတ်လေး ချန်ပေးခဲ့မယ်ဆိုတဲ့အတွေးက မြွေလာဖားပျောက် ဖြစ်သွားတယ်။ ကျွန်တော် မျက်လုံးတွေကို တအားမှိတ်ပစ်လိုက်ပြီး ကျေးဇူးတင်စကားတောင် မပြောဖြစ်တော့ဘဲ ဖုန်းခွက်ကို ချလိုက်မိတယ်။ မျက်လုံးပြန်ဖွင့်ဖွင့်ချင်း လှမ်းကြည့်မိလိုက်တာက ကျွန်တော့်စာရေးစားပွဲပေါ်က ဖဲသားခေါက်ထီးလေး။
ကျွန်တော့် ညာလက်ဖဝါးက ကျွန်တော့်နဖူးပြင်ကို အမှတ်တမဲ့ ယောင်ယမ်းပြီးစမ်းလိုက်မိပါတယ်။ တခါတရံစကားလုံးတွေက နိမိတ်ကြိုတွေ ဖြစ်ဖြစ်သွား စေတတ်ပါသလား။


“Raindrops keep fallin' on my head
But that doesn't mean my eyes will soon be turnin' red”

အဲ့ဒီသီချင်းကို ကျွန်တော် ဒီနေ့ထိ မကြိုက်သေးဘူး။
8
နိဂုံး ___ စိတ်ကူးယဉ်ဆန်တာ အပြစ်မဟုတ်ပါဘူး။ တိုက်ရိုက်အချိုးကျစွာပဲ အပြစ် (သို့မဟုတ်) ရွံ့နောင်တဆိုတာမျိုးက ကိုယ့်ရဲ့ဘဝရာဇဝင်ကျမ်းမှာ အနည်းဆုံး စာမျက်နှာတစ်ခုစာတော့ ရှိနေတတ်ပါတယ်။ ကျွန်တော့်ခံစားချက်တွေ အနာကျက် သွားပေမယ့် ဒီကနေ့ထိ ကျွန်တော့်နှလုံးသားထဲက အချစ်စစ်အတွက်တော့ ကျွန်တော် လိပ်ပြာလုံစွာနဲ့ ဆစ်ခနဲနာကျင်တတ်ဆဲပါ။    ။


Craton
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...