Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)
Showing posts with label Yatha. Show all posts
Showing posts with label Yatha. Show all posts

Tuesday, March 25, 2014

အဖေ့အတွက် စောင် သိမ်းထားမယ်။


----------------------------
ဟိုး လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာ ဂျပန်နိုင်ငံဟာ အလွန့်အလွန် ဆင်းရဲတဲ့ နိုင်ငံလေး တစ်ခု ဖြစ်ခဲ့တယ်။ လူတွေဟာ အစာရေစာကို ၀လင်အောင် မစားရဘူး။ စိုက်ပျိုးလို့ရတဲ့ မြေက နည်းပြီး ရာသီဥတုက ပြင်းထန် တော့ ထွက်သမျှ စပါးဆန်ရေဟာ တိုင်းသူပြည်သားတွေအတွက် “မ၀ရေစာ” ဖြစ်နေခဲ့တယ်။ အထူးသဖြင့် “ဆောင်းရာသီ” ကိုရောက်လာပြီ ဆိုရင် အစာရေစာ ရှားပါးတဲ့ ဘေးဆိုးကြီးဟာ နှစ်တိုင်းလိုလို ရောက်လာတတ်တယ်။ ကြောက်စရာ ကောင်းတဲ့ ဆောင်းရာသီမှာ ဂျပန်လူမျိုး အတော်များများဟာ ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဆိုးကြီးကြောင့် သေကြေပျက်စီးလေ့ရှိကြတယ်။


“ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ စကားပုံလို သိပ်ဒုက္ခရောက်လာတော့ မိသားစု အချင်းချင်း တောင်မှ တစ်ဦးနဲ့တစ်ဦး မညှာတာနိုင်တော့ပါဘူး။ ဒီတော့ ဂျပန်လူမှုအဖွဲ့အစည်းအတွင်းမှာ “ဓလေ့တစ်ခု” ဖြစ်ပေါ်လာပါတယ်။ အဲဒီ ဓလေ့ကတော့ ကိုယ့်အိမ်မှာ အသက်ကြီးနေပြီး အလုပ်မလုပ်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေကို တောထဲတောင်ထဲကို သွားပြီး စွန့်ပစ်တဲ့ ဓလေ့တစ်ခု ပေါ်ထွန်းလာပါတယ်။


ဒီကိစ္စဟာ ဒီခေတ် အမြင်နဲ့ ကြည့်ရင်တော့ အတော်ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပေမယ့်လည်း အဲဒီခေတ် အခါတုန်းကတော့ ဒါဟာ “လုပ်ရိုးလုပ်စဉ်” အလုပ်တစ်ခုလို့ဘဲ သဘောထားခဲ့ကြပါတယ်။ ကိုယ့်အိမ်က အဖေအို အမေအိုတွေ ကို စွန့်ပစ်ကြတာကို ဘယ်သူမှ ကဲ့ရဲ့ရှုတ်ချ မနေပါဘူး။ အိမ်တစ်အိမ်မှ သက်ကြီးရွယ်အိုတစ်ယောက် ကွယ်လွန်သွားသလိုမျိုးဘဲ ရှုမြင်ခဲ့ကြပါတယ်။ ဒါဟာ တစ်အိမ်လုံး အငတ်ဘေးကနေ ကာကွယ်ရာရောက်တဲ့ လုပ်သင့်လုပ်အပ်တဲ့ အလုပ်တစ်ခုလို့တောင်မှ ရှုမြင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နှစ်တိုင်းနှစ်တိုင်း ဆောင်းရာသီကို ရောက်ပြီဆိုတာနဲ့ ဆင်းရဲတဲ့ ကျေးရွာတွေမှာ မိအို ဖအိုတွေကို စွန့်ပစ် ကြတဲ့ အလုပ်ကို စလုပ်ကြပါတော့တယ်။ အဲဒီမှာ ဒီပုံပြင်လေး ဖြစ်ပေါ်လာခဲ့ပါတယ်။

တောတောင် ထူထပ်လှတဲ့ ဂျပန်နိုင်ငံရဲ့ တောင်ခြေ တစ်ခုမှာ ရှိတဲ့ ရွာလေးတစ်ရွာမှာပေါ့။ အဲဒီရွာကလေးက မိသားစု တစ်ခုအတွင်းမှာ ဒီပုံပြင်လေး အစပြုခဲ့ပါတယ်။ ရွာမြောက်ဖျားမှာရှိတဲ့ တဲအိမ်လေးတစ်ခုအတွင်းမှာ “ရှင်ဂို” လို့ခေါ်တဲ့ ဂျပန်လယ်သမားလေး တစ်ယောက်ဟာ သူ့မိသားစုနဲ့ အတူ နေထိုင်ပါတယ်။ သူတို့မိသားစုမှာ လူဦးရေ (၆)ယောက် ရှိပါတယ်။ သူတို့ လင်မယားနှစ်ယောက်ရယ် ၊ သားလေးတစ်ယောက် ၊ သမီးလေး တစ်ယောက်ရယ် ၊ အိုမင်းနေပြီဖြစ်တဲ့ “ရှင်ဂို” ရဲ့ အဖေအိုကြီး နဲ့ အမေအိုကြီးရယ် . . အားလုံး တစ်အိမ်ထဲ အတူနေကြတယ်။

တစ်နေ့တော့ “ရှင်ဂို” တို့ လင်မယားနှစ်ယောက်ဟာ တိုးတိုးတိတ်တိတ်နဲ့ တစုံတခုကို တိုင်ပင်နေကြပါတယ်။ သူတို့ တိုင်ပင်တဲ့ အကြောင်းကတော့ ပြီးခဲ့တဲ့ မိုးရာသီမှာ စပါးအထွက်မကောင်းလို့ ဒီနှစ် ဆောင်းရာသီမှာ သူတို့မိသားစု(၆)ယောက် အတွက် စားနပ်ရိက္ခာ ဖူလုံမှာ မဟုတ်တဲ့အတွက် အငတ်ဘေး ကြုံလာနိုင်တယ်။ ဒါကြောင် အဖေအို အမေအို (၂)ယောက်ထဲက တစ်ယောက်ယောက်ကိုတော့ ဒီနှစ်မှာ စွန့်ပစ်ရတော့မယ်။ အဲဒီအကြောင်းကို လင်မယားနှစ်ယောက် တိုင်ပင်နေတာ ဖြစ်တယ်။ နောက်ဆုံးတော့ ပိုပြီး အိုမင်းနေပြီး အလုပ်လုံးဝ မလုပ်နိုင် တော့ဘဲ “ဖခင်အို” ကြီးကို အရင်စွန့်ပစ်ဖို့ လင်မယားနှစ်ယောက် သဘောတူလိုက်ပါတယ်။

ဒါနဲ့ “ရှင်ဂို” လို့ခေါ်တဲ့ ဂျပန်လူငယ်ဟာ သူ့အဖေကြီးကို ဟိုးတောင်ပေါ်ကို သွားရောက်စွန့်ပစ်ဖို့ (၂)ရက်(၃)ရက်စာ စားနပ်ရိက္ခာတွေနဲ့ အဖေကြီးကို နောက်ကျောမှာ ပိုးသွားဖို့ စောင်တွေ၊ အ၀တ်အဟောင်းတွေကို ပြင်ဆင်နေ ပါတော့တယ်။

အဖိုးကြီး အဖွားကြီး လင်မယားကလည်း ငါတို့(၂)ယောက်ထဲက တစ်ယောက်ယောက်ကိုတော့ စွန့်ပစ်တော့မှာ ဘဲဆိုတာ ရိပ်မိနေကြပါပြီ။ ဒါကြောင့် မျက်နှာ ငယ်ငယ်လေးတွေနဲ့ အိမ်ရဲ့ အမှောင်ဆုံးနေရာက ချောင်လေးတစ်ခုထဲမှာ ကုပ်လို့ပေါ့။ အဖိုးကြီး နဲ့ အဖွားကြီးဟာ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး နှစ်ပေါင်း (၅၀)လောက် ပေါင်းလာတာကနေ ခွဲရတော့မှာပါလားဆိုပြီး မျက်ရည်တွေ ကိုယ်စီနဲ့ပေါ့။ ဒါပေမယ့် သူတို့လည်း ဘာမှ မတတ်နိုင်တော့ပါဘူး။ ဒါဟာ သူတို့လူမျိုးရဲ့ အစဉ်အလာဘဲလေ။ ကျေကျေနပ်နပ်နဲ့ လက်ခံရတော့မှာဘဲပေါ့။

ဒါနဲ့ ပြင်ဆင်လည်းပြီးရော “ရှင်ဂို” ဟာ အဖိုးကြီး အဖွားကြီးနားကို ကပ်သွားပြီး ရိုရိုသေသေနဲ့ဘဲ . . “အဖေ ၊ စိတ်တော့ မကောင်းပါဘူး။ ဒီနှစ် စပါးအထွက်မကောင်းတာ အဖေလည်း အသိဘဲ။ ဒါကြောင့် ဒီနှစ်တော့ အဖေ တောထဲမှာ သွားနေပေးပါနော်” ဆိုပြီး တောင်းပန်ပြောလိုက်ပါတယ်။ (အမှန်ကတော့ တောထဲမှာ သွားနေပေးပါ . . ဆိုတာ စကားလှအောင်ပြောကြတာပါ။ ရာသီက ပြင်းထန်တဲ့ ဆောင်းရာသီ ၊ ပါလာတဲ့ စားနပ်ရိက္ခာကလည်း (၃)(၄)ရက်စာလောက် . . နောက်ပြီး တောထဲမှာ သားရဲတိရိစ္ဆာန်တွေကလည်း အများကြီး ဆိုတော့ အစွန့်ပစ်ခံရတဲ့ အဖိုးကြီးအဖွားတွေဟာ “အအေးပတ်ပြီး သေချင်သေ ၊ ဒါမှမဟုတ် သားရဲတိရိစ္ဆန်တွေ အစားခံရပြီး သေချင်သေ ၊ ဒါမှ မသေရင် နောက်ဆုံး အစာငတ်ပြီး သေကြရတာပါဘဲ)

အဖိုးကြီးလည်း မျက်ရေတွေ ရွှဲနေတဲ့ ကြားကဘဲ “ခေါင်းတစ်ချက်ဘဲငြိမ့်ပြီး” “အေးလေ . . ဒါ ထုံးစံအတိုင်းဘဲမဟုတ်လား ၊ လုပ်စရာ ရှိတာ လုပ်ပါကွာ” ဆိုပြီး ခေါင်းငိုက်စိုက်ချပြီး မြေကြီးတွေကို တစ်ခါမှ မမြင်ဘူးသလို တွေတွေကြီး ကြည့်နေပါတယ်။ အဖွားကြီးလည်း သူကတော့ စွန့်ပစ်ခံရမယ့် အခြေအနေက လွတ်သွားပြီဆိုပေမယ့် ၀မ်းမသာနိုင်ပါဘူး။ အနှစ်(၅၀) လောက်ပေါင်းလာခဲ့တဲ့ သံယောဇဉ်ကြောင့် အဖိုးကြီးရဲ့ လက်ကလေးကို ကိုင်ပြီး တရှုံ့ရှုံ့နဲ့သာ တိုးတိုးတိတ်တိတ် ငိုကြွေးနေပါတော့တယ်။

နောက်တော့ “ရှင်ဂို” ဟာ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချပြီး သူ့အဖေအိုကြီးကို သူ့ ကျောပေါ်မှာတင် ၊ စောင်နဲ့ ပတ်ခါ ကုန်းပိုးလိုက်ပါတယ်။ ပြီးတော့ သူ့ဇနီး လှမ်းပေးတဲ့ (၃)ရက်စာ စားရေရိက္ခာလေးကို ယူပြီး အိမ်ကလှမ်းထွက်မယ် အလုပ်မှာ “အဖေ - သားလဲ လိုက်မယ်” ဆိုတဲ့ အသံကြားလို့ ကြည့်လိုက်တော့ အသက်(၅)နှစ်ထဲ ရောက်နေပြီဖြစ်တဲ့ သူ့သားကြီး “အကီယို” ဟာ သူ့အဖေနဲ့ လိုက်ဖို့ ပြင်နေတာကို တွေ့လိုက်တယ်။

ဒါနဲ့ “ရှင်ဂို” ဟာ . . . “အကီယို” တောင်ပေါ်အထိသွားမှာနော်။ ဘာလုပ်ဖို့ လိုက်မှာလဲ။ အပြင်မှာ အေးက အေးနဲ့” ဆိုပြီး ဟန့်လိုက်ပေမယ့် သားဖြစ်သူက အတင်းလိုက်မယ် လုပ်နေတာရယ် ၊ အဖိုးဖြစ်သူကလည်း “ငါ့မြေးလေး လိုက်ချင်လိုက်ပါစေကွယ်” ဆိုပြီး တောင်းပန်တာနဲ့ သူ့သားကို ခေါ်ခဲ့ရပါတယ်။

အိမ်ကနေထွက်ပြီး ဖခင်ကြီးကို ကုန်းပိုးထားတဲ့ “ရှင်ဂို” နဲ့ သူ့သားကြီး “အကီယို” တို့ဟာ နားလိုက် တက်လိုက်နဲ့ တက်လိုက်ကြတာ (၃)နာရီလောက် အကြာမှာ တောင်ထိပ်နားကို ရောက်သွားပါတယ်။ အချိန်ကလည်း နေ၀င်လုနေပါပြီ။

လေစိမ်းအကာအကွယ်ရတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ ခြေရင်းမှာ “ရှင်ဂို” ဟာ သူ့ဖခင်ကို ကျောပိုးရာကနေ ချပြီး ခဏနားနေလိုက်ပါတယ်။ ပြီးမှ “အဖေ . . ဟောဒီမှာ ရိက္ခာထုတ်၊ ဒီမှာက အနွေးထည်တွေလို့ ပြောပြီး သူ ကျောပိုးလာတဲ့ “စောင်” ကိုတော့ “ဒါက အဖေချမ်းရင် ခြုံဖို့စောင်” ဆိုပြီး ပေးလိုက်တဲ့ အချိန်မှာ . . . . . .

“အဖေ . . စောင်ကို ပြန်ယူခဲ့လေ” လို့ အော်ပြောလိုက်တဲ့ သူ့သား “အကီယို” ရဲ့ စကားကြောင့် “ရှင်ဂို” တစ်ယောက် အကြီးအကျယ် အံ့သြသွားပါတယ်။ သူ့သား “အကီယို” ဟာ သူ့အဖိုးကို အတော်လေး ချစ်ပါတယ်။ ဒါနဲ့တောင်မှ “စောင်” ကို သူ့အဖိုးနဲ့ မထားခဲ့ဖို့ ပြောလို့ “ရှင်ဂို” အနေနဲ့ မတွေးတတ်အောင် ဖြစ်နေပါတယ်။

နောက်မှ သူ့သားကို“သားရယ် . . . မင်း အဖိုးမှာ “စောင်” မရှိရင် ညဖက်ကျရင် အရမ်းချမ်း နေမှာပေါ့” လို့ ပြောလိုက်တယ်။ အဲဒီမှာ သူ့သား “အကီယို” ပြန်ပြောလိုက်တဲ့ စကားကြောင့် “ရှင်ဂို” ခမြာ ဦးခေါင်းကို မိုးကြိုးပစ်ချလိုက်သလို တုန်လှုပ် သွားပါတော့တယ်။

သူ့သား “အကီယို” ပြောလိုက်တဲ့ စကားက “မဟုတ်ဘူးလေ . . အဲဒီ စောင်က အဖေ “အို”လာရင် သားက အဖေ့ကို ကုန်းပိုးပြီး လာပစ်ဖို့ သိမ်းထားရဦးမှာ မဟုတ်လား” တဲ့။

ကောင်းလိုက်တဲ့ “အကီယို” ရဲ့ စကား။ “ရှင်ဂို” လုံးဝမတွေးခဲ့တဲ့ စကား။ တကယ်တော့ “ရှင်ဂို” ဟာ သူ့အဖေကြီးကို လာစွန့်ပစ်ပေမယ့် တစ်နေ့ကျရင် သူလည်း ဒီလို အစွန့်ပစ်ခံရမှာပါလားလို့တော့ လုံးဝ မစဉ်းစားမိပါဘူး။ ဒီလိုပါဘဲလေ. . “ရှင်ဂို” ရဲ့ အဖေ ငယ်စဉ်က သူ့အဖေ (ရှင်ဂိုရဲ့ အဖိုး) ကို စွန့်ပစ်ခဲ့တုန်းက လည်း တစ်နေ့မှာ ငါလည်း ဒီလို စွန့်ပစ်ခံရမယ်ဆိုတာ မတွေးမိခဲ့ပါဘူး။ အခု အဲဒီနေ့ကို ရောက်လာခဲ့ပြီလေ။ သူကိုယ်တိုင် သူ့သားရဲ့ စွန့်ပစ်မှုကို ခံရတော့မယ်။ နောက်ပြီး “ရှင်ဂို” လည်း အဲဒီနေ့မျိုးကို ရောက်ရပေဦးမယ်။

“ရှင်ဂို” ဟာ အတွေးတွေနဲ့ ချာချာလည် နေပါတယ်။ သူ့ပါးစပ်ကလည်း “သြော် - ငါလည်း ဒီလို ဖြစ်ရဦးမှာဘဲ ၊ ဒီလိုကြုံရဦးမှာဘဲ” ဆိုပြီး ငြီးတွားရေရွတ်နေပါတယ်။ သူ ဘာဆက်လုပ်ရမလဲ မသိဖြစ်နေပါတယ်။ နောက်တော့ သူ့အဖေကြီးကို တစ်ချက်ကြည့်လိုက် ၊ သူ့သားကို တစ်ချက်ကြည့်လိုက် နဲ့ ခေါင်းတစ်ဆတ်ဆတ် ငြိမ့်နေပါတယ်။ နောက်တော့ သူဟာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချမှတ် လိုက်ပါတယ်။ သူ့ဆုံးဖြတ်ချက်ကတော့ သူ့အဖေအိုကြီးကို သူနဲ့ အတူပြန်ခေါ်သွားဖို့ပါဘဲ။ ဒီလို ဆုံးဖြတ်ပြီးတာနဲ့ “ရှင်ဂို” ဟာ သူ့အဖေကြီးကို “ကဲ - အဖေ ၊ ဘာမှ စိတ်မပူနဲ့တော့ ၊ ငတ်လည်း အတူ ၊ သေလည်း အတူဘဲ ၊ သားတို့နဲ့သာ အတူ ပြန်လိုက်ခဲ့ပေတော့” ဆိုပြီး သူ့အဖေအိုကြီးကို စောင်နဲ့ပတ် ကုန်းပိုးပြီး တောင်ပေါ်ကလေ (၃)ယောက်သား ပြန်ဆင်းလာခဲ့ကြပါတော့တယ်။

အိမ်ကို ရောက်တာနဲ့ ပထမဆုံး အလန့်တကြား အော်လိုက်သူကတော့ “ရှင်ဂို” ရဲ့ ဇနီးဖြစ်သူပါဘဲ။ အထိတ်တလန့်နဲ့ အော်လိုက်တာ ဘေးနားက အိမ်တွေကတောင်မှ လန့်ဖြတ်သွားကြပါတယ်။ သူ့ယောင်္ကျားကို အော်ဟစ်ဆဲဆိုကြိမ်းမောင်းနေလိုက်တာ မကြားဝံ့မနာသာပါဘဲ။ နောက်ဆုံး ရှင်ဂိုက ယောင်္ကျားသံနဲ့ ခပ်မာမာ ပြန်အော်လိုက်မှ ဒီမိန်းမ ငြိမ်သွားပါတော့တယ်။

အိပ်ယာထဲမှာ ခွေနေတဲ့ အဖွားကြီးလည်း ဆူဆူညံညံ အသံတွေကြောင့် ပြေးထွက်လာတဲ့အချိန်မှာ သူ့ယောင်္ကျား အဖိုးကြီးကို မြင်လိုက်ရတော့ အံ့အားသင့်လွန်းလို့ သတိလစ် လဲကျလုမတတ်တောင်မှ ဖြစ်သွားပါသတဲ့။ ပြီးတော့ အဖိုးကြီး နဲ့ အဖွားကြီး နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ဖက်ပြီး ငိုနေလိုက်ကြတာလေ။ အဖွားကြီးက သူ့သား “ရှင်ဂို” ကို နှုတ်ကနေ “ကျေးဇူးတင်ပါတယ် သားရယ် ၊ ကျေးဇူးတင်ပါတယ် သားရယ်” နဲ့ တစ်ဖွဖွ ပြောနေလေရဲ့။

အိမ်နီးနားခြင်းတွေလည်း လာပြီး စပ်စုကြတယ်။ အားလုံးက “ရှင်ဂို” ကို ၀ိုင်းပြီး အပြစ်တင်ကြတယ်။ “လူမိုက်” လို့ ခေါ်ဝေါ် သမုတ်ကြတယ်။ နှာခေါင်းရှုံ့ကြတယ်။ ချီးမွမ်းတဲ့သူ မရှိဘူး။ ပြီးတော့ “အင်း ဒီနှစ်တော့ ဒီမိသားစုတစ်စုလုံး ငတ်ပြီး သေတော့မှာဘဲ” ဆိုပြီး ပညာရှိလေသံနဲ့ ၀င်ပြီး ပြောတဲ့သူက ပြောကြတယ်။

“ရှင်ဂို” ကတော့ “အမှန်တရားကို ရုတ်တရက် သိလိုက်ရတဲ့အတွက်” သူ့ဆုံးဖြတ်ချက်ကို သူယုံပါတယ်။ ဘယ်သူ့စကားကိုမှ နားထောင်မနေတော့ပါဘူး။ သူက တစ်ခွန်းဘဲ ပြန်ပြောလိုက်တယ်။ “အေး . . . ခင်ဗျားတို့လည်း တစ်နေ့အိုလာရင် ဒီလို အချိန်ကို ရောက်ရမှာဘဲ။ အဲဒီအခါကျရင် တောင်ပေါ်မှာ ခွေးသေ၀က်သေ မသေချင်ကြရင် ဒီ “ဓလေ့ဆိုးကြီး” ကို ဖျက်ကြဖို့သင့်ပြီ” လို့ဘဲ ပြောချလိုက်ပါတယ်။

အဲဒီနှစ် ဆောင်းတွင်းတစ်တွင်းလုံး အဲဒီရွာကလေးမှာ “ရင်ဂို” ရဲ့ လုပ်ရပ်ကိုဘဲ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေပါတော့တယ်။ ဟိုနား လူစုစုရှိရင်လည်း ဒီအကြောင်း ၊ ဒီနား လူစုစုရှိရင်လည်း ဒီအကြောင်းဘဲ ပြောနေကြတော့တာဘဲ။ အတော်များများကတော့ “ရှင်ဂို” လုပ်တာ မှားတယ်လို့ ဝေဖန်ကြတယ်။ နောက်တော့ “သူလုပ်တာ မှန်တယ်” ဆိုတဲ့ အသံတွေလည်း ထွက်လာပါတယ်။

ဒါပေမယ့် “ရှင်ဂို” ကို ရှုတ်ချတဲ့ လူတွေရော ၊ ထောက်ခံတဲ့ လူတွေပါ “တစ်နေ့ကျရင် ကိုယ့်အလှည့် ရောက်ရမယ်” ဆိုတဲ့ “ရှင်ဂို” ရဲ့ ပြတ်သားလှတဲ့ စကားကို နားထဲက မထွက်ကြဘူး ဖြစ်နေပါတယ်။

“ရှင်ဂို” ရဲ့ လုပ်ရပ်ကို “မိုးနတ်မင်း” ကြီးက ကောင်းချီးပေးလိုက်သလား မှတ်ရတယ်။ အဲဒီနှစ် ဆောင်းတွင်း ဟာ ခါတိုင်းထက် ပိုပြီး တိုတောင်းလှပါတယ်တဲ့။ ရှေ့မှီနောက်မှီ လူကြီးတွေ ပြောစကားအရ နှစ်ပေါင်း (၆၀-၇၀)အတွင်းမှာ ဒီနှစ်ဆောင်းတွင်းလောက် တိုတောင်းပြီး အအေးပေါ့တာ မကြုံဘူးဘူးလို့လည်း ပြောကြတယ်။ ပြောရရင်တော့ “ရှင်ဂို” တို့ မိသားစုဟာ “ကြောက်စရာကောင်းလှတဲ့ ဆောင်းရာသီကြီး” ကို ပေါ့ပေါ့ပါးပါး နဲ့ ဖြတ်သန်းသွားနိုင်ခဲ့ပါတယ်။ ဘာအငတ်ဘေးမှ မကြုံလိုက်ရပါဘူး။

နောက်နှစ်နွေဦးရာသီမှာ “ရှင်ဂို” ရဲ့ လုပ်ရပ်ဟာ အနီးအနား ရွာနီးချုပ်စပ်တွေအထိ သတင်းပြန့်နှံ့သွား ပါတယ်။ မှားတယ်လို့ ပြောတဲ့လူတွေ ရှိသလို မှန်တယ်လို့ ပြောတဲ့သူတွေလည်း မနည်းလှပါဘူး။ နောက်နှစ် ဆောင်းတွင်းတွေမှာတော့ “ရှင်ဂို” ကို အတုယူပြီး ကိုယ့်ရဲ့ မိအိုဖအိုတွေကို စွန့်မပစ်ဘဲ ရှိသမျှကို ဝေမျှစားမယ်ဆိုတဲ့ လူတွေ အလျှိုလျှို ပေါ်လာပါတယ်။ ပထမတော့ လူနည်းစုပေါ့။ နောက်တော့ တဖြည်းဖြည်းနဲ့ ဒီလုပ်ရပ်ဟာ မှန်တယ်ဆိုတာ နားလည်လာကြတယ်။ မိအိုဖအိုတွေအပေါ်မှာ ကိုယ်ချင်းစာစိတ် မွေးလာကြတယ်။ အေးအတူ ပူအမျှစိတ်မွေးလာကြတယ်။ “ရှင်ဂို” ရဲ့ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ ဂျပန်ပြည်တစ်ခုလုံးကို တဖြည်းဖြည်း ပြန့်နှံ့သွားပါတော့တယ်။ မိအိုဖအိုတွေကို စွန့်မပစ်ကြတော့တဲ့ လူဦးရေက များသထက် များလာတယ်။

နောက် ရာစုနှစ် (၂၀၀)လောက်အတွင်းမှာတော့ “မိအိုဖအို” တွေကို စွန့်ပစ်တဲ့ ဓလေ့စရိုက်ဆိုးကြီးဟာ ဂျပန်ပြည်မှာ အပြီးတိုင် ပျောက်ကွယ်သွားပါတော့တယ်။

creditး ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ ဗေဒသုခုမ) ရဲ့ page မှ ကျေးဇူးတင်စွာ ကူးယူဝေမျှပါတယ်။ ( Fire Fly )
------------------------
What is "Ubasute"?
Uba is a Japanese word for elderly woman while sute means to throw away or discard. "Ubasute" means "abandoning an old woman"

Web definitions
Ubasute refers to the custom allegedly performed in Japan in the distant past, whereby an infirm or elderly relative was carried to a mountain, or some other remote, desolate place, and left there to die, either by dehydration, starvation, or exposure. ...

Saturday, February 15, 2014

ကြွက်ကလေး နှစ်ကောင်ရဲ့ ချစ်ပုံပြင်


ရာသီဥတုက အအေးလွန်ကဲနေတယ်။ ရိတ်သိမ်းချိန်ကျော်လွန်ခဲ့လို့ လယ်ကွင်းတွေမှာ အစာတွေရှား စပြုလာတယ်။ ဆောင်းဦးရာသီမှာ တွင်းထဲစုဆောင်းခဲ့တဲ့အစာတွေကလည်း လယ်သမားတွေရဲ့ ထွန်တုံး အောက်မှာ ပျက်စီးသွားခဲ့ရတယ်။

နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းရမလဲ?
အိပ်မောကျနေတဲ့ ဇနီးသည်ရဲ့ တစ်နေ့တခြားကြီးလာတဲ့ ဗိုက်ကိုကြည့်ရင်း ကျွန်တော်စိတ်ညစ်နေခဲ့ မိတယ်။ မကြာခင် ကျွန်တော်အဖေဖြစ်တော့မယ်။ ယောက်ျားတစ်ယောက်ရဲ့တာဝန်ကို လုံးလုံးလျားလျား ထမ်းဆောင်ရတော့မယ်။ ခုတော့... အိမ်ထဲမှာ စားစရာတစ်စက်မှ ရှိမနေခဲ့ဘူး။ မြက်ပင်တွေစားပြီး ကျွန်တော်နေလို့ရပေမယ့် ဇနီးကို အဆာခံလို့မဖြစ်ဘူး။ အထူးသဖြင့် သူ့ဗိုက်ထဲက ကျွန်တော်တို့ရဲ့သားကို အငတ်ခံလို့မဖြစ်ဘူး။

Friday, February 14, 2014

ချိုသာသော အလွမ်းတစ်ခု၏ နိဂုံး”(၀တ္ထုရှည်) စဆုံး



မမ

ဆတ်ကနဲ လှည့်မကြည့်ခင် ကျွန်တော့်အသံကို ကြားလိုက်ကတည်းက သူမ မျက်နှာ ရှက်သွေးဖျာကာ တင်းမာသွားမည်ဟု ယုံကြည်ပြီး ဖြစ်သဖြင့် သိပ်တော့ အံ့သြစရာ မရှိပါ။ ကျွန်တော်ကလည်း ကျွန်တော့် ရင်တွင်းဆန္ဒ ၏တောင်းဆိုမှု အတိုင်း ပြုလုပ်ရမည်သာ ဖြစ်သည်။
မမကို ကျွန်တော် ချစ်တယ်
သူမ၏ နူတ်ခမ်းတွေက တင်းတင်းစေ့သွားမည် ။ ပြီးတော့ တော့မျက်ဝန်း အစုံ စူးရဲလင်းပြတ်မည်။ နောက်တောက်ခေါက်သံလေးပါ ထွက်ပေါ်လာမည်။ အားလုံးမျှော်လင့်ထားသည့် အတိုင်းပင်။
တောက်!
ထိုအရာအားလုံးကို ကျွန်တော်အပြုံးဖြင့်သာ ခံယူလိုက်ပါသည်။ ထုံးစံအတိုင်း ကျွန်တော် လှည့်ပြန်ရုံသာ ရှိတော့သည်။ သို့သော် ကျွန်တော့်ကို အံ့အားသင့်သွားစေသည်ကား ကြည်လင်တောက်ပသော သူမ၏အသံ ကြောင့်ပင် ဖြစ်သည်။
နင်နေဦး
ဗျာ
(၇)ရက်မြောက်နေ့၏ထူးခြားမှုပင်ဖြစ်သည်။ပထမဆုံးသူမအသံကိုကျွန်တော်ကြားဖူးလိုက်ခြင်း ဖြစ်သည်။
နင်ဘယ်သူလဲ
ကာရံငယ်ပါမမ…….မမ နာမည်ကိုရှင်းသန့်  နွယ်လို့တော့သိထားပါတယ်။ မမက ကျိုက်ဝိုင်းမှာနေတယ်။ ပြီးတော့
နင်ငါ့အကြောင်း ဘယ်လောက်သိလို့လဲ
ကျွန်တော် ဆက်ပြောမည်အလုပ် သူမက ကြားဖြတ်ပြောလိုက်ခြင်းဖြစ်သည်။
ကျွန်တော် မမ အကြောင်း ၅၀% လောက်သိထားတယ် ဆိုတာ ယုံပါ
ထူထဲသည့်မျက်ဝန်းတွေ အနည်းငယ် စိုက်ကျသွားဟန်ရှိ၏။ စိတ်အလိုမကျမှု အရိပ်တို့သည် သူမ၏ မျက်နှာပေါ်တွင် ထင်းထင်းပေါ်နေပေသည်။
ငါ့မှာစေ့စပ်ထားတဲ့ သူရှိတယ်ဆိုတာရောသိရဲ့လား
ဟုတ်ကဲ့ ကျွန်တော်သိထားတဲ့ ၅၀% ထဲမှာအဲ့အကြောင်းလည်းပါပါတယ်။ သူကမမ ထက်၃နှစ်လောက် ကြီးတယ်.။ မမကအဲ့လူကိုမချစ်ဘူး၊ ဒါ့ကြောင့်လက်ထပ်ဖို့ကိုတော့ မမက အချိန်ဆွဲထားတယ်။ ခန့်မှန်းခြေ၃နှစ်ပေါ့။
ဟင်နင်….နင်..အဲ့လောက်တောင် သိသိဒီတစ်ခါ အလွန်အမင်းအံ့အားသင့်နေသူမှာ မမ ပင်ဖြစ်သည်.။ ကျွန်တ်ာပြုံးလိုက်ပြီးမှ ကျွန်တော်ဟာ ရဲတေဇကျော် ရဲ့ညီ ဖြစ်နေလို့ပဲ
ဘာရယ်ရဲတေဇကျော် ရဲ့ညီ
ဟုတ်တယ်မမဒါပေမယ့် မမကို ကျွန်တော်တကယ်ချစ်တယ်ဆိုတာ ယုံပါ၊ တကယ်ချစ်လို့လည်း မမကိုပိုင်ဆိုင်ခွင့် ရအောင်ကြိုးစားမှာပဲ ကျွန်တော့်အကိုက အမကိုစွန့်လွှတ်ခဲ့ရပေမယ့် ကျွန်တော်ကတော့ အစွန့်အလွှတ်မခံနိုင်ဘူး
ကျွန်တော်၏စကားများ ခြိမ်းခြောက်စကားဆန်သွားပြီး မမလန့်ဖြန့်သွားပုံရ၏။ ပြီးတော့ တုန်တုန်ယင်ယင်ဖြင့် အခု ရဲတေဇကျော် သူ…”
ဆုံးသွားပါပြီမမ….”
ရှင်

ပုံရိပ်ယောင်ည

အတိတ်ကို စောင်းငဲ့ကြည့်တိုင်း

နာကျည်းစရာ အိပ်မက်ဆိုးထဲက
လှောင်ပြောင်သံသဲ့သဲ့ကိုကြား
တစ်ပိုင်းတစ်စ ပန်းချီကားတစ်ချပ်
ငါကျောခိုင်းပြီးတဲ့နောက်
ရင်ခွင်ထဲက စုတ်ချက်ကြမ်းကြမ်းတွေ
ဘယ်လိုဆေးသားနဲ့
အရောင်ပြောင်းပစ်ရမလဲ .............

အချိန်ဆိုတာ ဒဏ်ရာရဲ့ဆေး ဆိုပေမယ့်
တစ်ခါတစ်လေ
မိုက်မဲစွာ ပြန်တွေးမိတိုင်း
ကြိုးဝိုင်းထဲမှာ အလဲထိုးခံရတဲ့
ငါ့နှလုံးသား ....... တကယ်ဆို
ဟန်ဆောင်မှုများစွာနဲ့
ဧည့်ခံနေတဲ့ သရုပ်ဆောင်ကောင်းသော
ညတစ်ည (သို့) ဘ၀တစ်ခုထဲ
စည်းကြပ်ဒိုင်မဲ့
ရိုးသားစွာ အရှုံးပေးခဲ့ရသော
ငါ .....................
တသက်လုံး ဒီကျိန်စာတွေနဲ့

Thursday, February 13, 2014

အိပ်မက်စရံ

 


အလွန်ပင် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှ၏။
မိန်းမသားတစ်ယောက်၏ မာနနှင့်ဆန္ဒတို့ ပြင်းထန်စွာ လွန်ဆွဲအားပြိုင်ရာမှ ရင်တွင်းပေါက်ကွဲမှုတစ်ခု စတင်ခဲ့ခြင်းဖြစ်လေသည်။
နေရာတိုင်းတွင် ဆန္ဒများလွန်ကဲလွန်းလျှင် လောဘစိတ်နှင့် ပူလောင်ရသကဲ့သို့ မာနကြီးလွန်းလျှင်လည်း ဒေါသစိတ်တို့က လောင်မြိုက်နိုင်တတ်ကြောင်း....။ သူမ ကောင်းကောင်းကြီး သိခဲ့ရပါပြီ။
ရှားရှားပါးပါး လူသိရှင်ကြား အောင်မြင်မှုတစ်ခုကို ပွေ့ဖက်ထားလိုသော အပြင်းစားဆန်္ဒနှင့် လူမသိသူမသိ အစော်ကားခံရခြင်းအတွက် ခံပြင်းလှသော ဒေါသမာနတို့ ဆုံစည်းရာ၌ သူမ၏စိတ်နှလုံးအစုံမှ သွေးစက်စက်ယိုကျလာကာ ခံစားမှုနယ်လွန်စိတ်အာရုံများ တစ်စစီလွင့်စင်သွားတော့သည်။
xxxxxx
“ ကိုယ့်လက်ထဲမှာ ဆုပ်ကိုင်မိပြီးသား အခွင့်အရေးတစ်ခုကို လွယ်လွယ်နဲ့ လွှတ်မချနိုင်တော့တာ အပြစ်လားချိုရယ်။
တို့ဘ၀တွေက အပြစ်တင်ချင်သပဆိုရင်လည်း၊ ဖြစ်ချင်ရာဖြစ် ဇွတ်နှစ်ရမယ့်အခြေအနေလေ။
ငါက နင့်လို မာနကြီးတစ်ခွဲသားနဲ့ နောက်ပြန်လှည့်ဖို့ဆိုတာကလည်း လမ်းမရှိတော့ဘူးမိချိုရဲ့။ ငါက ဖောင်ဖျက်ခဲ့ပြီးသား။
ငါ့ကို ခွင့်မလွှတ်ပါနဲ့တော့ဟာ...”
သူမရင်က တစစ်စစ်နာကျင်ရလွန်းသောအခါ နှုတ်ခမ်းသားတွေ အေးခဲစေးကပ်လာတော့၏။
သူငယ်ချင်းကို ပြောချင်နေသောစကားလုံးများက စိတ်ထဲမှာ ပလုံစီနေသော်လည်း နှုတ်ခမ်းများက ဆွံ့အပိတ်ဆို့နေသည်။
“ နှမြောလိုက်တာ... နှမြောလိုက်တာစိမ်းရယ်။ လက်လွှတ်လိုက်ရမယ့် ငါးစာအကြီးကြီးထက် ငါးမျှားချိတ်မှာ တန်းလန်းပါသွားတော့မယ့် နင့်ရဲ့စိတ်တွေကို နှမြောတယ်။
အဆိပ်ရည်လူးထားတဲ့ အခွင့်အရေးတစ်ခုကို လွယ်လွယ်နဲ့ လွှတ်မချနိုင်ရင်လည်း ခက်ခက်ခဲခဲ အားတင်းပြီး ကျောခိုင်းရမှာပဲ။
ဖဲမွေ့ရာပေါ်မှာ အဆိပ်သင့်နေမယ့်အစား မီးပင်လယ်ကိုခြေဗလာနဲ့ ဖြတ်ချင်ဖြတ်ရစေဦး။ ဇွဲနဘဲနဲ့ ကူးခပ်သင့်တာပဲ မဟုတ်လား။
သတိဝင်စမ်းပါ။ အသိရှိစမ်းပါသူငယ်ချင်းရယ်။
သူမစိတ်ထဲမှ အပြင်းအထန်အော်ဟစ်နေမိ၏။ အသံမထွက်သော ပေါက်ကွဲမှုမျိုးနှင့်....။
ရွှေရောင်တ၀င်းဝင်းလက်နေသော အနာဂါတ်အိပ်မက်ကို အစာလုပ်ပြီး ဖုံးအုပ်ထားသည့် အတွင်းပိုင်းက အေးစက်စက်ချွန်မြမြ မြှားချိတ်ထိပ်ဖျားမှာ ၀ိညာဉ်နှုတ်မည့် အဆိပ်တွေလူးထားသည်ဆိုတာ...။ သူငယ်ချင်းမက မသိလေရော့သလား။ သိသိရက်နှင့်ပင် “ ငါ့ဝမ်းပူဆာ မနေသာ ” လေပြီလား။
အမှန်တော့ သူမစိတ်ထဲမှစကားများကို အစောပိုင်းကတည်းက စိမ်းကို အထပ်ထပ်ပြောခဲ့ပြီးဖြစ်ပါသည်။ သို့ပေမယ့် စိမ်းက နောက်မဆုတ်နိုင်။ ရှေ့သာဆက်တိုးတော့မည်တဲ့။
အခန်းဖော်လေး၏ အကြောင်းပြချက်မျိုးစုံကို သူမကတော့ စာနာသော်လည်း လက်မခံနိုင်ခဲ့ပါ။
နွံထဲ ကျွံဝင်တော့မည့် ခြေလှမ်းတွေကို လက်ပိုက်ကြည့်နေနိုင်လောက်သည့် ဥပက္ခာနှလုံးသားက သူမလို သူငယ်ချင်းကောင်း ပီသချင်သူထံမှာ မရှိသင့်ဘူးမဟုတ်လား။
တကယ်ဆို နွံထဲကျွံမည့် ခြေတစ်လှမ်းကို လှမ်းဖို့ရွယ်ခဲ့မိတာကတော့ သူမတို့ သူငယ်ချင်းနှစ်ယောက် အတူတူရယ်ပါ။
အဲသည်တုန်းက နွံမှန်းမသိသေး။ ရွှေရောင်တ၀င်းဝင်းလက်နေသည့် အနာဂါတ်နောက်ကွယ်မှ အဆိပ်လူးမြှားချိတ်တို့က ရုပ်လုံးပေါ်မလာသေး။
သူမတို့လို လန်းဆတ်တက်ကြွသည့်အရွယ် ၀ါသနာရှင်မိန်းကလေးတွေ၏ မျှော်လင့်ချက်များစွာတို့ တိုးဝှေ့ဝဲပျံနေခဲ့သော အခန်းကျယ်ကြီးတစ်ခုထဲမှာ စိမ်းခက်စိုးနှင့် သံသာချိုဆိုသည့် ပွင့်အာရန်အားယူဆဲ ဖူးငုံနှစ်ပွင့်သည်လည်း အပြင်းစားဆန်္ဒတစ်စုံကို ပွေ့ပိုက်ကာ တန်းစီနေခဲ့မိသည်ပေါ့။
အပြင်းစား ဆန္ဒတစ်စုံ...။
ဟုတ်သည်။ ထိုအပြင်းစားဆန္ဒတစ်စုံသည် ခုတော့ လောဘမီးအဖြစ်ပြောင်းလဲကာ စိမ်းကို အလျှံညီးညီးဝါးမြိုပေတော့မည်။
xxxxxx
ထိုစဉ်က ချွေးစေးများဖြင့် စေးထန်းနေခဲ့သော စိမ်းလက်ကလေးတွေသည် သူမ၏လက်ကို မလွှတ်ချင်လွှတ်ချင်နှင့် ဆန့်တငင်ငင် ထားရစ်ကာ စင်မြင့်ထက်မှ မိုက်ကရိုဖုန်းဆီကို ခပ်တင်းတင်းပြောင်းဆုပ်ခဲ့လေ၏။
စိမ်းအသံလေးက နွဲ့နွဲ့ကလေးနှင့် ချစ်စရာကောင်းသည်။
စိတ်လှုပ်ရှားနေမှန်းသိသာစွာ မိုက်ကရိုဖုန်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော လက်ကလေးတွေက အကြောထင်းထင်းလေးပင် ပေါ်နေသော်လည်း အသံကတော့ ညင်းညင်းညံ့ညံ့နှင့် တည်ငြိမ်လှ၏။
ဒါဟာ သူလျှောက်ချင်လှသည့် လမ်းဆိုတာကို သေချာပိုင်နိုင်နေသည့် ယုံကြည်မှုမျိုးနှင့်...။
စိမ်းအလှည့်ပြီးတော့ သူမအလှည့်...။
သူမက စိမ်းလောက် တုန်လှုပ်တတ်သူမဟုတ်လေတော့ ဇောချွေးလည်းမပြန်။ လက်ကြောလည်း မတင်း။ ပေါ့ပေါ့ပါးပါး၊ သွက်သွက်လက်လက် ခြေလှမ်းများနှင့် ခပ်မြူးမြူးအနှစ်ပြည့်ပြည့် အသံအကြားမှာ အားလုံး၏အာရုံများက ငြိမ်သက်ကာ စူးစိုက်ကျလာ၏။
မှင်တက်သည်ပဲပြောရမည်လား။ ၀င်စားသည်ပဲပြောရမည်လား။ နောက်တော့မှ လက်ခုပ်သံများ ကျယ်လောင်စွာ ထွက်ကျလာတော့သည်။
သူမရင်ထဲမှာတော့ ပီတိလှိုင်းဂယက်များ....။
နဂိုကတည်ငြိမ်နေသောရင်သည် ယခုမှပင် လှုပ်ရှားချင်လာသလိုလို...။
သည်လောက် ချီးမြှောက်မှုလေးကပင် ဒီလောက်မက်မောစရာ ကောင်းလှပါလျှင်...။
သူမတို့ အနာဂါတ်သည် သူမတို့ မျှော်လင့်အိပ်မက်နေသလိုများ ဖြစ်ခဲ့ပါလျှင်....။
အောင်မြင်ကျော်ကြားမှုသည် ငွေကြေးချမ်းသာမှုထက်ပင် သူမတို့လို ၀ါသနာရှင်များအတွက် မက်မောဖွယ် ဆွဲဆောင်နိုင်လှ၏။
နောက်ဆုံးတွင်တော့ လက်ရွေးစင်ငါးယောက်စာရင်း၌ စိမ်းရောသူမပါ ထိပ်ဆုံးမှ ပါဝင်ခွင့်ရခဲ့ပါသည်။
လွယ်လွယ်ကူကူတော့ မဟုတ်ခဲ့ပါ။ ၀ါသနာရှင် အယောက်ငါးဆယ်ကျော်မှသည် ဇကာတင်နှစ်ဆယ်။ ထိုမှ ဇကာ့ဇကာတင် တစ်ဆယ်။
နောက်ဆုံးမှ လက်ရွေးစင် ငါးယောက်။ ဤသို့ အဆင့်ဆင့်၊ ရင်တဖိုဖို အကြိတ်အနယ်ဖြတ်ကျော်ခဲ့ရပါ၏။
တစ်ဆင့်ထက်တစ်ဆင့် ပြိုင်ပွဲက အကြိတ်အနယ် ကြည့်ကောင်းလာလေ၊ လာအားပေးသည့် ပရိသတ်က ပိုများလာလေ။
တဖြေးဖြေး တစ်ဆင့်စကားတစ်ဆင့်နားဖြင့် သတင်းပျံ့သွားလေရာ နောက်ဆုံးအဆင့်တွင် ခန်းလုံးပြည့်လျှံ လက်ခုပ်သံများ သောသောညံနေရတော့သည်။
xxxxxx
ခုတော့ဖြင့် လောကဓံရှစ်ပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော ချီးမွမ်းခံရခြင်းသည်လည်း ကြံ့ကြံ့မခံနိုင်ပါက
ဖြူစင်သောစိတ်ဓါတ်များကို ပျက်စီးဆုံးရှုံးစေတတ်ကြောင်း သူမ မျက်ဝါးဝါးထင်ထင် ကြုံရလေပြီ။
ထိုနေ့က သက်တန့်ရောင်တောက်ပနေသော ကောင်းကင်သည် သူမခြေရင်းသို့ ရုတ်တရက်ကြေမွကာ လွင့်ကျလာခဲ့၏။
“ ကယ်တင်ရှင် ” ဟု ကိုးကွယ်ချင်ခဲ့မိသော အမျိုးသမီးကြီးသည် သူမ၏ရှေ့မှ သံပုရာရည်ခွက်ထဲသို့ ဘယ်အချိန်ကတည်းက ခုန်ဆင်းသွားမှန်း မသိခဲ့လိုက်။
အအေးဆိုင်အတွင်းမှ နံရံများသည် ရုပ်ရှင်ထဲမှ အနှေးပြကွက်လို သံဆူးချွန်များတပ်ဆင်ထားကာ သူမဆီသို့ တရွေ့ရွေ့ တိုးလာနေသလားဟုပင် ကယောင်ကတမ်းစိတ်တို့က အတိမ်းတိမ်းအပွေပွေ။
“ အန်တီပြောတာ သမီး နားမရှင်းဘူးထင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် စပွန်ဆာ..........”
“ ဟိုး... ဟိုး...”
သူမက ဖျတ်ခနဲ အမြန်လက်ကာယမ်းလျက် အမျိုးသမီးကြီး၏ နတ်ဆိုးကျိန်စာကို နောက်တစ်ခေါက် မမန်းမှုတ်နိုင်ရန် ဟန့်တားလိုက်ရ၏။
ဘယ်လောက်များ ယုတ်ညံ့လိုက်သည့် စကားမျိုးပါလိမ့်။
သည်လိုစော်ကားမှုမျိုးသည် တစ်ခေါက်လောက်မျှနှင့်ပင် သိတ်ကို အကျည်းတန်လွန်းလှပြီမဟုတ်လား။
“ ကျွန်မအတွက် စပွန်ဆာမလိုပါဘူးအန်တီ။ နောင်လည်း ဘယ်တော့မှ လိုမှာမဟုတ်ပါဘူး။
အန်တီ့မှာ သမီးမွေးထားရင်တော့ ကျွန်မတို့ထက် မငယ်လောက်ဘူးထင်ပါတယ်။ မိန်းမပျိုလေးတစ်ယောက်အတွက် ဘယ်လိုအကူအညီမျိုးဟာ ဝေဒနာဖြစ်နိုင်မယ်ဆိုတာ အန်တီသိသင့်တယ်လို့ ထင်တာပဲ...”
သူမရင်ထဲမှ အမှန်တကယ် ပေါက်ကွဲမှုနှုန်းအောက် စိတ်ကိုလျှော့ချကာ ပြောခဲ့သည်ဆိုသော်လည်း သိတ်တော့ဖြင့် ယဉ်ကျေးဖွယ်ရာအသံမျိုး ထွက်နိုင်ခဲ့မည်မထင်ပါ။
အမှန်လည်း ယဉ်ကျေးမှုရှိသယောင် ဆောင်ကာ ရွှေမှုန်ကျဲထားသော နောက်ချေးပုံထဲမှ နောက်ချေးပိုးထိုးတစ်ကောင်၏ရှေ့တွင် သူမကရော အဘယ်မျှလောက် မွန်ရည်နိုင်ပါမည်နည်း။
အလစ်အငိုက်မိကာ ပြုတ်ကျသွားသော မင်းသမီးမျက်နှာဖုံးစွပ်ကို ကမန်းကတမ်းကောက်စွပ်ကာ ဘီလူးမကြီးကတော့ ဘယ်လိုဆိုင်းမျိုးနှင့် တပ်ပြန်ခေါက်သွားမှန်းပင် မသိလိုက်ပါ။
သူမရင်တွင်းမှာတော့ တစ်လောကလုံး အမှောင်တိုက်တွင်းသို့ ပြိုဆင်းနေခဲ့သည်မှာ အချိန်ကာလမဲ့မတတ်။
မှာယူထားသော စားသောက်ဖွယ်ရာများကို တစ်စက်မျှ မတို့ထိခဲ့ရသော်လည်း ပြည့်ကျပ်တစ်ဆို့နေသော ရင်ခွင်ကိုပိုက်ကာ သူမ အဆောင်ကိုပြန်ရောက်လာတော့ အခန်းလေးထဲ၌ အမှောင်ထုပင်ကြီးစိုးနေခဲ့ပြီ။
ရောက်ရောက်ချင်း စကားတစ်ခွန်းမှ မဆိုနိုင်ဘဲ မျက်နှာထားခက်ထန်စွာနှင့် အိပ်ရာပေါ်တွင်ထောင်ထားသော ဂစ်တာကို ကောက်ကိုင်ကာ ဂစ်တာကြိုးများပေါ်သို့သာ အညှိုးတကြီး ပြေးလွှားပေါက်ကွဲနေသော သူမ၏လက်ချောင်းများကို စိမ်းက အကဲခတ်သလိုကြည့်နေခဲ့လေသည်။
“ အနုပညာတစ်ခုအပေါ် ငါတို့ရဲ့ရူးသွပ်ခုံမင်ခြင်းအတွက် ရလဒ်က အစော်ကားခံရဖို့တဲ့လား။ ရက်စက်လိုက်ကြတဲ့ လူတွေကွာ။ အသည်းနှလုံးမှ ရှိကြသေးရဲ့လား....”
ဂစ်တာ၏ပေါက်ကွဲသံထက် မလျော့သော သူမ၏ရင်ကွဲသံက အဆောင်ခန်းကျဉ်းလေးထဲမှ ဖိတ်အန်ကျကာ၊ ကော်ရစ်တာတစ်လျှောက် ပျံ့နှံ့သွားပုံရ၏။ ဘေးခန်းမှထွက်ကြည့်သူကြည့်၊ အဆောင်ဘေးလမ်းကြားမှ လှည့်ကြည့်သူကြည့်နှင့်...။ တီးတိုး ဝေဖန်ကုန်ကြသည်။
“ စိတ်လျှော့ပါချိုရယ်။ မြေနိမ့်ရာကိုမှ လှံစိုက်ချင်ကြတဲ့ ဒီလောကကြီးထဲမှာ စိုက်လာတဲ့လှံကိုသာ အမိအရဆွဲပြီး ပြန်ထနိုင်အောင် အမြင့်ကိုတက်ဖို့ ကြိုးစားရအောင်ပါ။ ဒါဟာ တို့အတွက် စိန်ခေါ်မှုတစ်ခုပါ။ စိမ်းကတော့ စိန်ခေါ်ရင် ဘွာမခတ်စတမ်းပဲ...”
ဘုရားရေ...။ စိမ်းပြောလိုက်သည့်စကားက တစ်မျိုးကြီးပါလား။
စိမ်းမျက်နှာကို ထိတ်လန့်တကြားကြည့်လိုက်တော့ စိမ်း၏မျက်လုံးထဲတွင် အန္တရာယ်အငွေ့အသက်တစ်စုံတစ်ရာကို သူမက ခဏချင်းမှာပင် ရှာတွေ့သွားခဲ့၏။
ရင်ထဲမှဒဏ်ရာကို လက်နှင့်လည်ချောင်းပေါင်းကာ ဖောက်ခွဲနေမိသော သူမ၏လက်မောင်းကို စိမ်းက ခပ်ဖွဖွလာဆုပ်ကိုင်တော့ စိတ်ထဲမှာကျဉ်ကနဲဖြစ်သွားရလေသည်။
ပြိုင်ပွဲစသည့်နေ့က သူမကို အားကိုးတကြီး တင်းတင်းဆုပ်ကိုင်ထားခဲ့သော စိမ်း၏လက်ကလေးတွေသည် ခုတော့ ချွေးစေးတွေက ခြောက်သွေ့သွားခဲ့ပြီလား။
“ အို.. ဒါဖြင့် နင့်ကိုလည်း သူတို့ မျှားခဲ့ပြီးပြီပေါ့...”
သူမ၏ ကယောင်ကတမ်းအမေး...။ စိမ်း၏ ခပ်လေးလေး ခေါင်းအညိတ်...။
သူမရင်ကိုထက်ခြမ်းခွဲကာ စိတ်ဓါတ်အင်အားများအားလုံး မတ်မတ်ရပ်တည်မနေနိုင်လောက်အောင် နောက်ပြန်လဲကျသွားစေတော့သည်။ ရင်ကွဲပက်လက်မှ ချေမွခံလိုက်ရသော အိပ်မက်တစ်စုံပင် အဆစ်ပါလိုက်သေး၏။
xxxxxx
“ နင့်အတွေးတွေမှားနေပြီ စိမ်း။ မြေနိမ့်ရာကိုမှ လှံစိုက်တာမျိုးကို နောက်တစ်ခါ အစိုက်မခံရအောင် နိမ့်နေတဲ့မြေကိုသာ ဖို့ပြီး မြှင့်ပစ်ရမှာလေ။ စိုက်လာတဲ့လှံကို အမိအရဆွဲဖမ်းပြီး အားယူထလိုက်မယ်ဆိုရင် လှံသွားက နင့်ရင်ဝထဲကို ပိုစိုက်ဝင်ပြီး သွေးချင်းချင်းရဲသွားမှာပေါ့ စိမ်းရဲ့...”
သူမက ဘယ်လိုပင်ကြိုးစား၍ နားလည်အောင်ပြောပြော စိမ်းပုံစံက နောက်ဆုတ်တော့မည့်ဟန် မပေါ်ပါ။
သူမ ဘယ်တုန်းကမှ တွေးထင်မထားခဲ့သော ပျော့ညံ့ညံ့မိန်းကလေးတစ်ယောက်၏ တလွဲမာနသည် အင်မတန်မှ ခေါင်းမာနေခဲ့လေသည်။
အမှန်တော့ မာနဆိုသည်ထက် ရုန်းမထွက်နိုင်သည့် အမှန်ဘ၀၏ ဆန္ဒများက ပိုဆိုးနေခဲ့ခြင်းဖြစ်လိမ့်မည် ထင်သည်။
“ ချိုရယ်... ရပြီးသားအခွင့်အရေးကို ငါမှ အဆုံးရှုံးမခံနိုင်တော့ဘဲ။ ငါ့အဖြစ်က ရှေ့တိုးလည်း တံပိုး၊ နောက်ဆုတ်လည်း လှည်းရိုးပါဟယ်။ သူတို့ပေးထားတဲ့ စရံငွေငါးသောင်းကိုလည်း ရွာက အမေ့ဆီ မောင်နဲ့ညီမအတွက် ကျောင်းစရိတ်ဆိုပြီး ပို့ပြီးခဲ့ပြီ။ ပွဲနေ့ကျရင် ထပ်ပေးမယ့် တစ်သိန်းခွဲကိုလည်း ပို့ပေးဦးမယ်လို့ အမေ့ကိုပြောလိုက်တော့ အကြွေးတွေဆပ်နိုင်ပြီလို့ ပြောရှာတဲ့ မုဆိုးမကြီးရဲ့ ၀မ်းသာဝမ်းနည်းသံကြီးကို ငါဘယ်လို ဥပက္ခာပြုရက်နိုင်မလဲ။
တို့တွေအဆင့်နဲ့ရော လေးညဖျော်ဖြေရုံနဲ့ နှစ်သိန်းဆိုတဲ့ငွေကို ဘယ်လိုသွားရှာရမလဲ။ နင့်ဆုံးဖြတ်ချက်ကိုတော့ ငါလည်း အားကျပါရဲ့။ နင့်ကိုလည်း ငါ့လမ်းအတိုင်းလိုက်လျှောက်ဖို့ ငါ ဘယ်တော့မှ တိုက်တွန်းမှာ မဟုတ်ဘူးချို။
ဆင်းရဲကြတာခြင်းတူပေမယ့် နင်က မိစုံဖစုံ။ ဒီနွံက ရုန်းနိုင်လောက်တဲ့ ခွန်အားရှိသေးတယ်။ ငါ့မှာက....”
ပြောနေရင်း တိမ်ဝင်တိုးသက်သွားသော စိမ်းအသံက သူမရင်ကို ထုတ်ချင်းခတ်စိုက်ဝင်သွား၏။
“ ငါ ဆုံးဖြတ်ချက် ချပြီးပြီချို။ ငါ့မောင်တွေညီမတွေအတွက် ငါ့ဘ၀ကို စတေးတော့မယ်လို့...။
ရွှံ့ဗွက်ဗလပွလမ်းမှာ ငါ့ခန္ဓာနဲ့ တံတားခင်းပေးလိုက်မှ သူတို့ကလေးတွေ မျက်စေ့ပိတ်နားပိတ်နေတဲ့ ဘ၀ကနေ ကမ္ဘာကြီးနဲ့ ဆက်သွယ်နိုင်မယ့် ကတ္တရာလမ်းပေါ်ကို ရောက်လာနိုင်မှာ။ ငါ့ကိုငါ စတေးလိုက်ရင် ငါ့တစ်ဘ၀ပေါ့ချိုရယ်။
ငါ့တံတားပေါ်ကနေ မောင်ညီမသုံးယောက်နဲ့ ငါ့အမေ။ အဲဒီကတစ်ဆင့် သူတို့မျိုးဆက်တွေ...။ ငါတို့ရွာသားတွေ...”
စိမ်း၏ သူရဲကောင်းပုံပြင်ကို သူမ ဆက်နားထောင်ရန် ခွန်အားမရှိတော့ပါ။
စိမ်း၏ဘ၀အခြေအနေကို အတွင်းကျကျအသိဆုံးကလည်း သူမပေပဲမို့ အလွန်အားငယ်ကြောက်ရွံ့တတ်သော သူငယ်ချင်းမလေးက သည်လိုဆုံးဖြတ်ချက်မျိုးချရန် ဘယ်လောက်အားတင်းခဲ့ရမလဲဆိုတာ သူမ စာနာနိုင်ပါလေ၏။
သွေးမတော်သားမစပ်၊ တစ်နယ်စီဆိုသော်လည်း ဘ၀ကို သမရိုးကျအခြေအနေတစ်ခုမှ ရုန်းထွက်လိုသည့် ဆန္ဒချင်းတူခဲ့သော သူမတို့နှစ်ယောက်သည် ဤအဆောင်အမိုးအောက်တွင် ရေစက်ဆုံကတည်းက ညီအစ်မအရင်းတမျှ ချစ်ခင်တွယ်တာခဲ့ကြသည်။
ကြုံရာကျရာ အလုပ်ကလေးတွေမှာ စရိတ်ကာမိရုံ၊ ၀မ်းမီးကလေး ငြိမ်းနိုင်ရုံ၊ ရုန်းကန်လှုပ်ရှားနေကြရင်း တူညီသော ၀ါသနာလေးကြောင့် ဖက်ရှင်ရှိုးတစ်ခုအတွက် အဆိုပြိုင်ပွဲကို အတူတူဝင်ပြိုင်ခဲ့ကြ၏။
လူကြောက်တတ်သော စိမ်းကို စင်ပေါ်တက်ရန် အားအမျိုးမျိုးပေးခဲ့ရသော သူမက ခုတော့ သူငယ်ချင်းကို စင်ပေါ်မှဆင်းလာစေဖို့ ဘယ်လိုဖျောင်းဖျရမည်မသိတော့။
သည်လိုစင်မျိုးပေါ်ကိုတော့ စိမ်းကို မတက်စေချင်ပါ။ စိမ်းမှသာမဟုတ်။ ဘယ်မိန်းကလေးကိုမှလည်း မတက်စေချင်ပါ။
xxxxxx
မျှော်လင့်ထားပြီးသား ကိစ်္စဆိုသော်လည်း ထိုအရာက မိမိအတွက်အရှုံးဖြစ်နေသောအခါ မည်သူကများ ပြုံးပျော်နိုင်ပါမည်နည်း။
“ အခုလုပ်မဲ့ ဖက်ရှင်ရှိုးက တော်တော်လေး ခမ်းနားကြီးကျယ်တာမို့ နာမည်ကျော်အဆိုတော်တွေကိုပဲ သုံးဖို့ ကုပ္မဏီက စီစဉ်လိုက်လို့တဲ့။ ပြိုင်ပွဲမှာ ရွေးထားတဲ့သူတွေကို လူစုံအောင် အလှည့်မပေးနိုင်တော့ဘူးတဲ့...”
“ ဒါနဲ့ နေပါဦး။ အရွေးခံထားရတဲ့ ငါးယောက်စလုံးကို ပေးမဆိုတော့တာလား။ ကျွန်မတစ်ယောက်တည်းကို ပယ်တာလား...”
“ အဲဒါတော့ ကျွန်တော်လည်း မသိဘူးခင်ဗျ။ အန်တီလှိုင်ပြောခိုင်းတာကို လာပြောရတာပါ..”
“ လောလောဆယ် ဒီအဆောင်မှာ လာပြောရမှာက ကျွန်မတစ်ယောက်တည်းလား...”
“ ဟုတ်တယ်ဗျ။ ဒီအဆောင်မှာ အစ်မတစ်ယောက်ကိုပဲ ပြောခိုင်းတာ...”
ဒီလောက် အရိပ်ပြရင်တော့ သူမကလည်း အကောင်မြင်တတ်ပါပြီ။
စိမ်းရောသူမပါရှိသည့် ဒီအဆောင်မှာ အမျိုးသမီးကြီး၏ စပွန်ဆာဆက်သွယ်ပေးမှုကို ငြင်းဆန်လိုက်သည်က သူမတစ်ယောက်သာပဲ ရှိသည်ကိုး။
ဒါဖြင့် သူတို့အစီအစဉ်ကို ငြင်းပယ်သူအား သူတို့ကလည်း ဖယ်ထုတ်ပြီပေါ့။
မဖြစ်နိုင်မှန်းသိသော်လည်း အားလုံးကိုဖယ်ထုတ်ရလေ၊ မိန်းကလေးများ၏ အနာဂါတ်အတွက် ပိုကောင်းလေဟု သူမ တွေးနေဖြစ်၏။
သို့ပေမယ့် သူမလို ကျော်ကြားမှုကို စွန့်လွှတ်နိုင်မည့်သူ၊ မက်လုံးပေးမှုများစွာကို ကျောခိုင်းနိုင်မည့်သူ၊ မိန်းကလေးထဲက ဘယ်နှယောက်များရှိမှာပါလိမ့်။
စပွန်ဆာပေးမည့်သူသည် အသက်ကြီးကြီး၊ အရုပ်ဆိုးဆိုး၊ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူနှင့်အတူနေရမည့် တိုက်ခန်း၊ သူနှင့်ဆက်သွယ်ရန် ဖုန်း၊ သူ့ဆီက သဘောကျရင်ကျသလို ပေးကမ်းလာမည့် လက်ဆောင်ပစ်္စည်းများ၊ စီးတော်ယာဉ် မော်တော်ကားများကိုပါ အရုပ်ဆိုးအကျည်းတန်သည်ဟု သိမြင်နိုင်လာဖို့ မိန်းကလေးအားလုံးကို အသိဥာဏ်ပြည့်စုံစေချင်လှသည်။
“ စရံငါးသောင်းကို အခု ပြန်ပေးလိုက်ရမှာလား...”
“ အော်.. ဒါကိုတော့ ဘာမှမပြောလိုက်ဘူးဗျ။ စရံဆိုတာ အလုပ်မဖြစ်တော့ရင် သူတို့ဘက်က စဖျက်တာမို့ ထုံးစံအတိုင်းဆိုရင်တော့ ပြန်ပေးစရာမလိုတော့ပါဘူး...”
ထိုသူပြောကာမှ စရံပြန်ပေးစရာ ငွေမကျန်တော့သည်ကို အကြောင်းပြချက်ပေးခဲ့သော စိမ်းမျက်နှာလေးကို ဖျတ်ခနဲ မြင်ယောင်သွားရ၏။
စိမ်းက အဆိုပြိုင်ပွဲတွင် အရွေးခံရ၍ စရံငါးသောင်းရလာကတည်းက အဆင်မပြေလှသည့် လုပ်လက်စအလုပ်ကို ချက်ချင်းထွက်ပစ်ခဲ့သူ...။ ဒါကြောင့်လည်း ဖောင်ဖျက်ခဲ့ပြီဟု နောက်ကြောင်းပြန်မလှည့်ချင်ခဲ့။
စီးရီးထုတ်ပေးမည်ဆိုသော အပြောမှာလည်းအမျောကြီးမျောနေသူ..။
အန်တီကြီး၏ ကယ်တင်ရှင်ယောင်ယောင် ဟန်ဆောင်အပြုံးအောက်မှာ အမှန်မမြင်နိုင်လောက်အောင် လောဘအမှောင် ဖုံးနေသူ...။
အမှန်တကယ်လည်း သည်လိုမျိုးလမ်းကြောင်းမှ တက်သွားသူတွေက ရှိခဲ့သည်ပဲကိုး။ ခုလိုအကြံအဖန် ငခုံးမတစ်ကောင်ကြောင့် သူမတို့ချစ်သော အနုပညာလောကမှာ အပုပ်နံ့ထွက်ရသည်မှာ အသည်းနာစရာကောင်းလှသည်။
တကယ်တော့ မောင်လေး၊ ညီမလေးတို့အတွက် အနာဂတ်မျှော်လင့်ချက်သည် စိမ်း၏ အပြင်းစားဆန်္ဒအဖြစ်မှ လောဘအသွင် ပြောင်းသွားခြင်းဖြစ်လိမ့်မည် ထင်၏။
သူမကတော့ သေတ္တာထဲတွင် တစ်ရွက်မလျော့ သိမ်းထားဆဲဖြစ်သော မသုံးဖြစ်သေးသည့် စရံငွေလေးတွေက စပွန်ဆာ ကမ်းလှမ်းမှုကို ငြင်းချက်ထုတ်ဖို့ ခွန်အားများဖြစ်ခဲ့သည်လားမသိ။
ဒါဖြင့် စရံပြန်ပေးစရာမလိုတော့လျှင် စိမ်းအနေဖြင့် ငြင်းလို့ရသွားပြီပေါ့။
ရုတ်တရက် သူမ လှိုက်ကနဲ ၀မ်းသာသွားသော်လည်း ပျော်ရွှင်မှုက ကြာကြာမခံပါ။ စိမ်းကို အချည်နှောင်ခံနေရသည့် စရံက တစ်ခုတည်းမှ မဟုတ်ဘဲ။
စရံဆိုသည်က လက်ခံသူဘက်က ပျက်ကွက်ခြင်းမဟုတ်လျှင် လျော်စရာမလိုသော်လည်း လက်ခံယူထားသူက စတင်ငြင်းဆို ပျက်ကွက်ပါက စရံ၏နှစ်ဆ ပြန်လျော်ပေးရသည်ဟု သူမကြားဖူးခဲ့သည်လေ။
သူမက အန်တီကြီး၏ စပွန်ဆာလက်ဆောင်ကိုသာ ငြင်းဆိုခဲ့သော်လည်း သီချင်းဆိုမည့်အစီိအစဉ်ကို စဖျက်ခဲ့သူ မဟုတ်။ သည်တော့ စရံပြန်ပေးရန် မလို။
သို့သော် သူမ၏ စိတ်ကူးအိပ်မက်ထဲတွင် နှလုံးသားနှင့် စရံသတ်ထားပြီးသော ရွှေရောင်အနာဂတ်ကို သူမကမငြင်းဆန်ပါဘဲနှင့် သူတို့က စတင်ဖျက်ပစ်ခဲ့သည်လေ။ ဒါဖြင့် စရံနှစ်ဆ အလျော်ရရန် သူမ မည်သူ့ဆီကတောင်းရမည်နည်း။
ခုနက နတ်ဆိုးမကြီး၏ တမန်တော်ကို ဖျတ်ခနဲသတိရသွားသည့်အခိုက်မှာတော့ သေတ္တာထဲမှ စရံငွေကိုကိုင်ကြည့်ရင်း မသတီလှသော သည်လိုငွေမျိုးကို မာနကြီးကြီးဖြင့် ပြန်ပေးလိုက်ရင်ကောင်းမလားဟု ချီတုံချတုံဖြစ်နေသော သူမသည် တဟုန်ထိုး ထပြေးမိတော့၏။
တောင်းရဦးမည် မဟုတ်လား။ ရွှေရောင်တောက်နေခဲ့သော အနာဂတ်အိပ်မက်စရံအတွက် လျော်ကြေးနှစ်ဆ...။
မလှိမ့်တပတ်နှင့် လူလည်ကျသွားသော ဟိုလူလည်း ခပ်ဝေးဝေးရောက်နိုင်ဦးမည် မထင်။
မိန်းကလေးတွေ၏ အနာဂတ်အိပ်မက်ကို စရံယူထားပြီး ဂတိပျက်သည့်သူတွေ...၊ လက်လွတ်ခံလို့ မဖြစ်။
ပြေး.. ပြေး... မီအောင်လိုက်။
လမ်းမပေါ် သူမရောက်လာတော့ အေးစက်စက်မိုးရေများက ဖြုန်းကနဲသူမကို ရွှဲစိုသွားစေသည်။
ဟင့်အင်း။ မဟုတ်ဘူး။ ဒါ မိုးရေစက်တွေ မဟုတ်ဘူး။
အနာဂတ်အိပ်မက်ကို ဂတိမတည် အဖျက်သိမ်းခံရသူတွေရဲ့ မျက်ရည်တွေ...။
ထိုအခိုက် တစ်ကိုယ်လုံး မိုးရေတွေထဲ နစ်ဝင်တုန်ခိုက်နေသော သူမကိုယ်လုံးလေးနှင့် ဆန့်ကျင်စွာ ပါးပြင်တစ်လျှောက်မှ ပူနွေးသောအထိအတွေ့က ချော်ရည်စီးကြောင်းလို...။
မိုးကလည်း သည်းသည်းမည်းမည်း ရွာနေဆဲ...။
သူမကလည်း စရံလျော်ကြေးတစ်ခု တောင်းဆိုရန် လမ်းမပေါ်မှာပြေးနေဆဲ...။
xxxxxx

ဝေ(စီးပွားရေးတက္ကသိုလ်)

Tuesday, February 11, 2014

“ကျွန်မလွမ်းမိ အပြစ်ရှိပါသလားမောင်”



“ကျွန်မလွမ်းမိ အပြစ်ရှိပါသလားမောင်”       

အခန်း(၁)

အိပ်ခန်းပြူတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့  ဖြာကျနေသော လရောင်ကို ငေးကြည့်ရင်း သူမရင်ခုန်သံတို့  မြန်ဆန်လာလေသည်။ မကြာခင် ည(၁၂) နာရီတိတိထိုးတော့မည်။ (၁၂)နာရီထိုးတာနှင့်
သူမဆီသို့  ဖုန်းကောလ်တစ်ခု ၀င်လာမည်။ ထိုဖုန်းကောလ်သည် သူမအင်မတန်မျှော်လင့်ခဲ့ရသော ဖုန်းကောလ်တစ်ခု။ သူမဆီ
ဖုန်းဆက်လာမည့်သူမှာသူမစိတ်တစ်ခုလုံး၊သူမဘ၀တစ်ခုလုံး၊
သူမတန်ဖိုးထားကိုးကွယ်ခဲ့သော မာနတစ်ခုလုံး ပေးဆပ်ပြီး ချစ်ခဲ့ရ
သည့် သူမအချစ်ရဆုံးသောသူ။ သူမအားကိုးယုံကြည်စွာ မှီတွယ်ခဲ့ဖူး
သော ခိုလှုံရာရင်ခွင်။ တစ်နည်းဆိုရသော် သူမ မြတ်မြတ်နိုးနိုးနှင့် တစ်ရှိုက်မက်မက်ခေါ်ခဲ့ဖူးသည့် “မောင်” ဆိုသော လူသားလေးထံမှ လာမည့်ဖုန်းဖြစ်သည်။

သက်ပြင်းကို “ဟူး” ကနဲမှုတ်ထုတ်ရင်း ဖုန်းမှနာရီကိုကြည့်လိုက်မိသည်။ (၁၂)နာရီထိုးဖို့  တစ်မိနစ်အလို။ သူမရင်ခုန်သံကို သူမ ပြန်ကြားမိ
သည်အထိ စိတ်တို့ ယောက်ယက်ခတ်နေမိသည်။ ကြည့်နေရင်းမှပင်
ဖုန်းမှ နာရီသည် (၁၂)နာရီအတိသို့ ညွှန်ပြလေသည်။ တဆက်တည်း
လိုလိုပင် သူမဖုန်းသည်လည်း အသံမြည်လာလေသည်။ ဖုန်းမြည်သံ
သည် သူမနားထဲတွင် ကြေးစည်တစ်ခုကို နားနားကပ်လာတီးနေသည်
နှင့် တူသည်။ လှုပ်ရှားနေသော စိတ်ကို တည်ငြိမ်အောင် ကြိုးစားရင်း ဖုန်းကိုင်လိုက်သည်။

“ဟဲလို "

"စီစင်(န်)လား…မောင်ပါ…လွမ်းလိုက်တာစီစင်(န်)ရာ…တစ်လကြီး
များတောင် ခွဲနေလိုက်ရတာ…သေလို့ တောင်ရတယ်သိလား…
မောင်တို့  သရေနော်”

ဟူသည့် အသံနှင့်အတူ သူမသိပ်ချစ်ခဲ့သည့် မောင့်အသံ ချိုရှရှကို ကြားလိုက်ရသည်။

အော်..မောင်က ကျွန်မကိုလွမ်းတာ သေလို့ တောင်ရတယ်တဲ့လား..။
ကျွန်မလည်း မောင့်လိုပါပဲမောင်ရယ်..။မောင့်ကို သိပ်လွမ်းတာပေါ့။ စားလည်းမောင့်ကိုလွမ်းတဲ့စိတ်၊ သွားလည်း မောင့်ကိုလွမ်းတဲ့စိတ်၊ ဘာလုပ်လုပ် မောင့်ကိုလွမ်းတဲ့စိတ်တွေ ရင်မှာပိုက်ခဲ့တာပါမောင်။ ညအိပ်ရာဝင်ရင်တောင် တစ်ချိန်က မောင်ကိုယ်တိုင် ချော့သိပ်ခဲ့တဲ့ “ကောင်မလေး” သီချင်းလေးဖွင့်ပြီး မောင်တကယ်ချော့သိပ်သလို ကျွန်မခံစားပြီးမှ အိပ်လို့ ရခဲ့တာပါမောင်..။မောင့်ကို လွမ်းတိုင်း ကျွန်မမွေးနေ့ မှာ မောင်ပေးခဲ့တဲ့ ၀က်ဝံရုပ်လေးကို ရင်ခွင်ထဲထွေးပိုက်ထားပြီး မောင်အမှတ်နဲ့  စကားတွေ
တတွတ်တွတ်ပြောနေခဲ့တဲ့သူပါမောင်ရယ်…။


အခန်း(၂)

Monday, February 10, 2014

အိပ်မက်ထဲက ဝိညာဉ်ချစ်သူ

http://t0.gstatic.com/images?q=tbn:ANd9GcR3HsOyHGpz5WLHuHzNpIAE3Q8qxtyAsFTgzSctsOLvibfcbKeCJw
_____________________

“အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ”

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်မမှာ ညအချိန် မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။

“အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ”

ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရ ထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။

“ကိုယ့်ကိုယ်ကိုဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား”

သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....

“ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ”

“ဟား....သရဲဖြစ်ရတာပျော်လား”

“ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး”

“ဟား...ဟား.. အချစ်အတွက်ကြောင့်လား”

ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြစ် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာ online ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား? ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင် ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။

“ကျွန်မ အခုဘာလုပ်နေလဲ”


တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး...

“တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်”

“ကော်ဖီတွေ သိပ်မသောက်နဲ့လေ”

“ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ”

တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။

ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ”ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ”ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ မေ”၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ”မှာ သူ မသိနားမလည်သည်များကို သင်ပြတတ်သည်။ မေ”၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ”မှလွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။

Thursday, January 30, 2014

မေတ္တာတရား





 

              မေတ္တာတရားဆိုတာ ထာဝရ အေးမြချမ်းမြေ့လှပါတယ်။ သူတံပါးအတွက် ကိုယ်ကပေးဆပ်လိုက်တဲ့ မေတ္တာတရားအတွက် တုန့်ပြန်မှု ပိုင်ဆိုင်မှု စတဲ့ ကိုယ့်အတွက် မျှော်လင့်ချက်တွေ ဘာမှမရှိပါဘူး။ မေတ္တာတရားဆိုတာ အ
ပေးသက်သက် သူတံပါးချမ်းမြေ့စေဖို့ ကိုယ်က တတ်နိုင်သလောက်ပေးဆပ်
လိုက်တဲ့ အရာမျိုးပါ။ ထို့အတူ မေတ္တာတရားဆိုတာ ရောင်ပြန်ဟပ်လေ့လည်း
ရှိတယ်။

မေတ္တာတရားနဲ့ပတ်သက်လို့ ဓမ္မဗျူဟာစာစောင်ထဲက ဖတ်ဖူးတဲ့ အကြောင်း
အရာလေးကို ပြောပြချင်ပါတယ်။

တစ်ခါတုန်းက ရွာတစ်ရွာ မိခင်မုဆိုးမအိုကြီးကို ပြုစုလုပ်ကျွေးနေကြတဲ့ ညီ
အစ်ကိုနှစ်ယောက်ရှိတယ်။ တစ်နေ့တော့ မိခင်မုဆိုးမအိုကြီး အပြင်းအထန်
နာမကျန်းဖြစ်လို့ ဆေးဆရာခေါ်ပြတဲ့အခါ ဆေးဆရာက သူရဲ့ဆေးကို ယုန်
သားနဲ့ကျွေးမှ ရောဂါပျောက်မည်ဖြစ်ကြောင်း မှာခဲ့တယ်။

နောက်နေ့မနက်မှာ အစ်ကိုလုပ်သူက ညီဖြစ်သူကို ယုန်ရှာဖို့ တောထဲကို
လွတ်လိုက်တယ်။ တောထဲရောက်တဲ့အခါ ယုန်ဖမ်းဖို့ ပိုက်တွေကို ခြုံတွေ
မှာ လွမ်းထားပြီး ပိုက်ထဲကို ယုန်ဝင်အောင် တောခြောက်တော့တာပေါ့။
တောခြောက်သံကြောင့် ယုန်တွေထွက်ပြေးကြရင်း ယုန်တစ်ကောင်က
ပိုက်ထဲကို ၀င်သွားပါတော့တယ်။ ညီဖြစ်သူလည်း ၀မ်းသာအားရ ပိုက်ထဲ
က ယုန်လေးကို ဖမ်းတဲ့အခါ သေမယ့်လေးကြောင့် ကြောက်ပြီး တုန်နေ
တဲ့ ယုန်လေးကို တွေ့လိုက်ရတယ်။

ညီဖြစ်သူက သေဘေးကိုကြောက်ရွံ့ပြီး တုန်နေတဲ့ ယုန်လေးကိုကြည့်ရင်း

“ အော် သူမှာလည်း အသတ်နဲ့ပဲ သေမှာကြောက်ရှာမှာပဲလေ၊ ကိုယ့်မိဘ
အသက်ရှင်ဖို့ ကိုယ့်အတ္တတရားအတွက် သူတံပါးရဲ့အသတ်ကို သတ်ရမှာ
မတရားပါဘူးလေ ” ဆိုပြီး တွေးတောရင်း ယုန်လေးကို လွတ်လိုက်တယ်။

အိမ်ရောက်တော့ ယုန်ပါမတဲ့ ညီဖြစ်သူကို အစ်ကိုဖြစ်သူကမေးတော့ ...
အကြောင်းစုံကို ပြန်ပြောပြတဲ့အခါ အစ်ကိုဖြစ်သူက ဒေါသပုန်ထတော့တာ
ပေါ့။ ဒါပေမယ့် ဒီအကြောင်းကို သူတို့မိခင်မုဆိုးမအိုကြီးသိတဲ့အခါ အစ်ကို
ဖြစ်သူကို ညီလေးလုပ်တာ မှန်ကန်တဲ့ကြောင်းပြောရင်း သူသားလေးရဲ့လုပ်
ရပ်ကို ချီးကျူးရင်း စိတ်နှလုံးမှာချမ်းမြေ့ကြည်လင်ကာ ဖြစ်နေတဲ့ရောဂါဟာ
ချက်ခြင်းဆိုသလို အရှင်းပျောက်ကင်းသွားပါတော့တယ်။

မေတ္တာတရားတွေ အပြန်အလှန်ပေးဝေကြရင်း မေတ္တာရောင်ပြန်ဟပ်နိုင်ကြ
ပါစေ ...

မြ၀ဏိုးစံ(စာပေဥယျာဉ်)

Wednesday, January 29, 2014

“ကျေးဇူးပြု၍ အမျှဝေပါ”


တစ်ခါတုန်းက ဘုရားအလောင်းဟာ သူဌေးမျိုးမှာ ဖြစ်ပါတယ်။ ဘုရားအလောင်းမှာ ညီတစ်ယောက် လည်းရှိပါတယ်။ မိဘတွေကွယ်လွန်တော့ ညီအစ်ကို နှစ်ယောက် စီးပွားရေးကို အတူတူ လုပ်ကြပါတယ်။

တစ်နေ့မှာတော့ ညီအစ်ကိုနှစ်ယောက် ကုန်ရောင်း ကုန်ဝယ်လုပ်ဖို့ ရေလမ်းခရီးနဲ့ ခရီးထွက်ခဲ့ရင်း အပြန်မှာတော့ ငွေတစ်ထောင် အမြတ်ရခဲ့ ပါတယ်။ မြစ်ဆိပ်တစ်ခုရောက်တော့ လှေကိုခဏဆိုက်ပြီး ထမင်းအတူတူ စားကြပါတယ်။

ဘုရားအလောင်းက ထမင်း စားကြွင်းတွေကို ငါးလိပ်တွေကိုကျွေးပြီး "ဤငါးလိပ်တွေကို အစာကျွေးရသော ကုသိုလ်ကောင်းမှုကို မြစ်စောင့်နတ် အား အမျှပေးဝေပါ၏။ အမျှ အမျှ ယူတော်မူပါ" လို့ မြစ်စောင့်နတ်ကို အမျှပေးဝေ လိုက်ပါတယ်။ မြစ်စောင့်နတ်လည်း သာဓုခေါ်လိုက်တဲ့ ကုသိုလ်ကြောင့် ချက်ချင်း စည်းစိမ်တွေ တစ်ဆင့်တိုးသွားပါတယ်။ သာဓုခေါ်မှုကြောင့် ဒီစည်းစိမ်တွေ တိုးလာရတယ် ဆိုတာလည်း သိလိုက်ရ ပါတယ်။ ဘုရားအလောင်း ကတော့ အမျှဝေပြီးး သဲသောင်ပြင်မှာ ပုဆိုးခင်း အိပ်နေလိုက်ပါတယ်။

ညီကတော့ မအိပ်နိုင်ပါဘူး။ ကောက်ကျစ်တဲ့ အကြံကိုကြံပြီး အသပြာ ထုပ်နဲ့ပုံစံတူ ကျောက်ခဲထုပ် တစ်ထုပ်ကို ထုပ်ထားလိုက်ပါတယ်။ ညီအစ်ကို နှစ်ယောက် ခရီးဆက်ကြရင်း မြစ်လယ်ရောက်တော့ ညီက လှေအစောင်းမှာ အသပြာထုပ် ရေထဲကျတဲ့ ပုံစံနဲ့ ကျောက်ခဲထုပ်ကို ရေထဲချ လိုက်ပါတယ်။ တကယ်တမ်း ချမိလိုက်တာက ကျောက်ခဲထုပ် မဟုတ်ဘဲ အသပြာထုပ် ဖြစ်နေပါတယ်။ ဒါကိုညီကမသိပါဘူး။ ပြီးတော့ အလန့်တကြား ဟန်နဲ့ "အသပြာထုပ် ရေထဲကျသွားပြီ"လို့ အစ်ကိုကို လှမ်းပြောလိုက်ပါတယ်။ အစ်ကိုက "ဘယ်တတ်နိုင်မလဲ ညီလေးရာ" ဆိုပြီး ညီကို ဖြေသိမ့်ပေး ပါတယ်။

အဲဒီအချိန်မှာ ငါးကြီးတစ်ကောင်က အသပြာထုပ်ကို မျိုလိုက်ပါတယ်။ ညီလုပ်သူက အိမ်ရောက်တဲ့အခါ အားရ၀မ်းသာနဲ့ အထုပ်ကိုဖြည် လိုက်တာ အသပြာမတွေ့ဘဲ ကျောက်ခဲတွေ တွေ့လိုက်ရတော့ နှလုံးချောက်ခြားပြီး ခုတင်ပေါ်မှာ ခွေအိပ်နေပါတော့တယ်။

တံငါသည်တွေက ကွန်ပစ်တော့ အသပြာထုပ်ကို မျိုထားတဲ့ ငါးကြီးကို မိပါတယ်။ မြစ်စောင့်နတ်က "အစ်ကိုလုပ်သူ အမျှဝေလို့ ငါ့မှာ စည်းစိမ်တွေ တိုးရတယ်။ ငါ ပြန်စောင့်ရှောက်မှပဲ" ဆိုပြီး ငါးရောင်းတဲ့ တံငါသည်တွေကို ဘုရားအလောင်း အိမ်ရှေ့ရောက်အောင် နတ်တန်ခိုးနဲ့ ပို့ပေးပါတယ်။ ဘုရားအလောင်းက ငါးကိုဝယ်ပြီး မယားကိုပေးပါတယ်။ ငါးဗိုက်ကို ခွဲလိုက်တဲ့အခါ အသပြာထုပ်ကို တွေ့လိုက်ရပါတော့တယ်။

မြစ်စောင့်နတ်ကလည်း ကိုယ်ထင်ရှားပြပြီး "သင်အမျှဝေလို့ ငါက ပြန်စောင့်ရှောက်တာပါ။ သင်ပဲယူပါ။ ညီကို မပေးပါနဲ့" လို့ လာပြောပါတယ်။ဒါပေမယ့် ဘုရားအလောင်းကတော့ တစ်ထောင်ထဲက ငါးရာကိုခွဲပြီး ညီငယ်ဆီကို သွားပေးခိုင်းလိုက်ပါတယ်။
(ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ မစ္ဆုဒ္ဒါနဇာတ်)

အားလုံးကြားဖူးတဲ့ ၀တ္ထုလေးပါပဲ။ ဘုရားအလောင်းက စားကြွင်းတွေကို ဒီအတိုင်း စွန့်မပစ်ဘဲ ငါးလိပ်တွေကို ကျွေးပြီး မြစ်စောင့်နတ်ကို အမျှဝေလိုက်တာ လေးက တကယ့်ကို အတုခိုးစရာလေးပါပဲ။ ဘုရားအလောင်း ငါးလိပ်တွေ ကျွေးတဲ့ ဒါနကုသိုလ်ရော၊ မြစ်စောင့်နတ်ကို အမျှဝေတဲ့ ပတ္တိဒါန ကုသိုလ်ရော ကုသိုလ်နှစ်ခုကို အေးအေး ဆေးဆေးနဲ့ ယူသွားတာပါ။

သာဓုခေါ်လိုက်ရတဲ့ မြစ်စောင့်နတ်မှာလည်း လက်ရှိစည်းစိမ်ထက် တစ်ဆင့် တိုးသွားတာလေး ကလည်း မှတ်သားစရာလေးပါပဲ။ ကိုယ်က မမြင်ရလို့သာပါ။ ဘုရားအလောင်းရဲ့ အမျှဝေပုံလေးကို အတုယူပြီး နတ်တွေကိုအမျှဝေတဲ့ အကျင့်လေးကို ထုံထားရမှာပါ။ ကိုယ့်ရဲ့အမျှပေးဝေ မှုကြောင့် နတ်တွေမှာ စည်းစိမ်တွေ တိုးတိုးနေမှာပါ။ စည်းစိမ်တွေ တိုးတိုးနေတဲ့ နတ်တွေကလည်း သူတို့စည်းစိမ် တိုးတာတွေကို သေချာမှတ်ထားမှာပါ။ အခွင့်သင့်တဲ့ အခါတွေမှာ မထင်မှတ်တဲ့ အနေနဲ့ ကူညီသွားမှာပါ။

တစ်ခါတလေ ဘ၀မှာ မထင်မှတ်တဲ့ ကောင်းကျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း “ငါကံကောင်းလိုက်တာ”လို့ တွေးမိချင်ေ တွးမိကြမှာ ပါ။ အမျှရထားတဲ့နတ်တွေက ကိုယ့်ကို ကူညီ လိုက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ မထင်မှတ်တဲ့ ဘေးရန်တွေကို တားဆီး ပေးလိုက်တာတွေ၊ အောင်မြင်ကျော် ကြားအောင် ကူညီလိုက်တာတွေ၊ ဂုဏ်သိက္ခာ မထိခိုက်အောင် ကူညီလိုက်တာ တွေ စသည်ဖြင့် အများကြီးရှိမှာပါ။ ကိုယ်က မသိနိုင်လို့ပါ။

ရှေးရှေးသူတော်ကောင်းတွေရဲ့ အလေ့အကျင့်တွေ၊ လက်ရှိမျက်မှောက် သူတော်ကောင်းတွေရဲ့ အလေ့အကျင့်တွေကို လေ့လာပြီး အတုခိုး ကျင့်ရမှာပါပဲ။ တချို့အရာတွေက ခက်ပေမယ့် တချို့အရာ တွေကတော့ မခက်ပါဘူး။ သူလိုငါလိုလုပ်နိုင်တဲ့ ကျင့်စဉ်လေးတွေပါ။

စားပြီးပိုတဲ့ စားကြွင်းကို ဒီအတိုင်း စွန့်မပစ်ဘဲ ငါးလိပ်တွေကို ကျွေးလိုက် တာလေးရယ်၊ ကျွေးရုံတင်မကဘဲ မြစ်စောင့်နတ်ကို အမျှပေးဝေလိုက်တာ လေးရယ်က အတုခိုးချင်သူတွေ အတွက် တကယ့် အတုခိုးစရာလေးပါ။ ကြောင်းကျိုးမြင်အောင် အနိစ္စဒုက္ခ အနတ္တမြင်အောင် ကျင့်ရတာတွေသာ ခက်ချင် ခက်မှာပါ။ အမျှပေးဝေ လိုက်တာလေးကတော့ လူတိုင်းကိုယ်စီ လုပ်နိုင်တဲ့ ကျင့်စဉ်လေးပါ။

လေ့ကျင့်ရင်းထုံ၊ ထုံရင်းလေ့ကျင့် သွားရမှာပါပဲ။ ထုံလို့စွဲသွားပြီ ဆိုရင်တော့ နောက်ပိုင်းမှာ အထူးကြောင့်ကြ စိုက်စရာမလိုတော့ပါဘူး။ ကုသိုလ် တစ်ခုပြုပြီး တာနဲ့ နတ်တွေကို အမျှပေးဝေပြီးသား ဖြစ်နေပါလိမ့်မယ်။

ဘုရားအလောင်းရဲ့ ကုသိုလ်လေးက တကူးတက ပြုယူရတဲ့ ကုသိုလ် လေးမဟုတ်ပါဘူး။ ခရီးသွားရင်း ကြုံလာတဲ့ အရာလေးကို ကြုံလာတဲ့ အတိုင်း အေးအေးဆေးဆေး ယူသွားတာပါ။ ကျောင်းတွေ သိမ်တွေဆောက်ပြီး အမျှပေးဝေတာတောင် မဟုတ်ပါဘူး။ ပြောရရင် လူတန်းစားအားလုံး အလွယ်တ ကူပြုနိုင်တဲ့ ကုသိုလ်လေးပါ။ ကုသိုလ်လေးက တစ်ခုတောင် မဟုတ်ပါဘူး။ နှစ်ခုတောင်ပါ။ ခရီးကတော့ လူတိုင်း သွားနေကြတာပါပဲ။ ကြုံလာရင်ကြုံလာတဲ့အတိုင်း ယူတတ်ဖို့ပါ။ လှေပေါ်မှရယ် မဟုတ်ပါဘူး။ လေယာဉ် ပေါ်မှာလည်း ကိုယ့်လာပေးတဲ့ စားစရာကို ဘုရားကပ်ပြီး အမျှပေးဝေ လို့လည်းရတာပါပဲ။ တောလမ်းပဲသွားသွား၊ ကုန်းလမ်းပဲသွားသွား၊ ရေလမ်းပဲသွားသွား ကြုံလာတဲ့ခရီးမှာ ကြုံလာတဲ့ ကုသိုလ်လေး တွေကို ကြုံသလို ယူတတ်ဖို့ပါ။

ကုသိုလ်ပြုပြီးလို့ အမျှဝေတဲ့အခါ မတ်တပ်ရပ် လက်အုပ်ကလေး ချီပြီး "ဤငါးလိပ်တွေ ကျွေးရသော ကုသိုလ်ကောင်းမှုကို ကိုယ်စောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ မြို့စောင့်နတ်၊ သစ်ပင် စောင့်နတ်တို့အား အမျှပေးဝေပါ၏။ အမျှ အမျှ ယူတော်မူပါ" လို့ သေချာပေးဝေရမှာပါ။ လက်အုပ်ချီတာက နတ်တွေကိုချီတာ မဟုတ်ပါဘူး။ ကိုယ်ပြုတဲ့ကုသိုလ်လေးကို ချီတာပါ။ အမျှဝေတာကတော့ ကိုယ်ရောက်နေတဲ့ ဒေသကိုကြည့်ပြီး အဆင်ပြေသလိုဝေရမှာပါပဲ။ တောထဲရောက်နေရင် တောစောင့်နတ်၊ တောင်ပေါ်ရောက် နေရင် တောင်စောင့်နတ်၊ သစ်ပင် အောက်ရောက်နေရင် သစ်ပင်စောင့်နတ်ပေါ့။

ဒါက မမြင်ရတဲ့ ပုဂ္ဂိုလ်တွေကို အမျှဝေတာပါ။ ဒီလိုပါပဲ မြင်ရတဲ့ ကိုယ့်ရဲ့ မိတ်ဆွေတွေကိုလည်း အမျှဝေရမှာပါ။ အမျှဝေလိုက်ရင် ကိုယ်လည်း ကုသိုလ်ထပ်ရ၊ ကိုယ့်မိတ်ဆွေလည်း ကုသိုလ်ရတော့တာပါ။

မြင်ရတဲ့သူတွေကို အမျှဝေတဲ့နေရာမှာတော့ လူတိုင်းကတော့ ၀မ်းမြောက် ၀မ်းသာနဲ့ ခေါ်ချင်မှခေါ်မှာပါ။ မ၀မ်းမြောက် မ၀မ်းသာနဲ့ ခေါ်တဲ့ လူတွေလည်း ရှိချင်ရှိမှာပါ။ သာဓုခေါ်ရတဲ့အကျိုးကို သိထားတဲ့သူတွေကသာ ၀မ်းမြောက် ၀မ်းသာနဲ့ခေါ်မှာပါ။ ဘာပဲပြောပြော ကိုယ်က ကိုယ်ပြုတဲ့ ကုသိုလ်ကို အမျှပေး ဝေရင် ကိုယ်ကုသိုလ် ထပ်ရတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကြွားတဲ့အနေနဲ့ အမျှမဝေ မိဖို့တော့ အထူး သတိထားရပါမယ်။ ကိုယ်ကုသိုလ် ထပ်ရချင်တဲ့စိတ်၊ သူကုသိုလ် ရစေချင်တဲ့စိတ်နဲ့ ဝေရမှာပါ။ ကိုယ့်စိတ် ကိုယ်ပြန်ကြည့်ရင် သိပါတယ်။

အကြွားကတော့ လူတိုင်းနဲ့ နီးစပ်နေသလိုပါပဲ။ သတိထားနိုင်မှ တော်ကာကျတာပါ။ တခါတလေ စကားပြောရင်း ပြောရင်းနဲ့ ကိုယ့်စကားကိုယ် ဘရိတ် မအုပ်နိုင်ဘဲ အကြွားဖြစ်သွားတာ တွေလည်း ရှိတတ်ပါတယ်။ ဒါဆို အမျှဝေတာမဟုတ်ဘဲ အကြွားဝေတာ ဖြစ်သွားပါလိမ့်မယ်။

တချို့ကျတော့လည်း ကြွားတာကို ၀ါသနာတစ်ခုလို ဖြစ်နေတာပါ။ စကားပြောလိုက်တာနဲ့ အကြွားလေးက ပါလိုက်ရမှပါ။ ကြာလာတော့ နားထောင်ပေးရတဲ့သူက နားမထောင် ချင်တော့ပါဘူး။ စကားစလိုက်တာနဲ့ သူကြွားတော့ မယ်ဆိုတာ ကြိုသိနေတော့တာပါ။

အကြွားစွဲနေတဲ့ သဘောလေးပါ။ အကြွားစွဲ သွားရင်လည်း မကောင်းပြန်ပါဘူး။ စကားပြောတိုင်း ပြောတိုင်း အကြွားက ပါနေတော့မှာပါ။ ဒါတင် မကပါဘူး။ အထုံဓာတ်ကြောင့် နောက်ဘဝအထိလည်း ပါသွားနိုင်ပါတယ်။ လူတွေက အမျှဝေတာကိုပဲ ယူချင်ကြတာပါ။ အကြွားဝေတာကိုတော့ မယူချင်ကြပါဘူး။ ပုထုဇဉ်တွေဆိုတော့ အကြွားနဲ့တော့ မကင်းကြပါဘူး။ စာရေးသူလည်း တခါတလေ အမျှမဝေဘဲ အကြွားဝေမိ တတ်ပါတယ်။ တစ်ပတ် ဆယ်ရက်ကြာတဲ့ အခါ ကိုယ်ဝေထားတဲ့ အကြွားကို ပြန်စဉ်းစားလိုက်ရင် ဘာမှမဟုတ်တော့ပါဘူး။ ရက်ကြာလေ ဘာမှမဟုတ်လေပါပဲ။ နောက်ဆုံးတော့ ကိုယ့်အကြောင်း သူများသိတာပဲ အဖတ်တင်ပါတယ်။

တကယ်လို့ အကြွားဝေတတ်တဲ့ အထုံစွဲနေရင်လည်း နောက်ဘ၀ အထိပါမသွားအောင် စကားပြောတိုင်း ပြောတိုင်း သတိကပ်ပြီး ပြန်လေ့ကျင့် ယူရပါမယ်။ဒါကြောင့် ဆရာတော်ကြီးတွေက-"စကားပြောတဲ့အခါ အကြွားလည်း မပါစေနဲ့၊ အမှားလည်း မပါစေနဲ့"လို့ မိန့်တာပါ။ စကားများများ ပြောရင် အကြွားတွေလည်း ပါတတ်သလို အမှားတွေလည်း ပါတတ်ပါတယ်။ စကားတွေ တအားပြောနေရင် အမှားတွေ ပါတတ်တာ မဆန်းတော့ပါဘူး။ တစ်ခါတလေ ကျတော့လည်း အစမှာတော့ ၀မ်းသာစိတ်နဲ့ အမျှဝေတာပါပဲ။ ဒါပေမယ့် ပြောရင်းပြောရင်းနဲ့ သတိလွတ်ပြီး အမျှဝေတာကနေ အကြွားဝေတာ ဖြစ်သွားရတာပါ။ ဘာမှ မစိုးရိမ်ပါနဲ့။ ပြန်လေ့ကျင့် ယူရင် ရတာပါပဲ။

အမျှဝေတာလည်း ကုသိုလ်ပါပဲ။ သာဓုခေါ်တာလည်း ကုသိုလ်ပါပဲ။ ကိုယ်ကဒါလေးကို အာရုံပြုထားဖို့ပါ။ မင်းကွန်းတိပိဋက ဆရာတော် ဘုရားကြီးက မဟာဗုဒ္ဓ၀င်မှာ သီလဆောက်တည်ပြီးမှ ဒါနပြုရင် ပိုပြီးအကျိုး ရနိုင်တယ်လို့ မိန့်မှာထားပါတယ်။ ဆရာတော် ဘုရားကြီးရဲ့ စကားလေးကို နှလုံးသွင်းပြီး သီလယူပြီးမှ ဒါနပြုရင် ပိုကောင်းပါတယ် သံဃာတော် အရှင်သူမြတ် တွေရှိရင် သီလပေး မှာဖြစ်လို့ ကိစ္စမရှိပေမယ့် ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ပြုရတဲ့ဒါနတွေမှာတော့ ငါးပါးသီလလေးကို အရင်ယူပြီးမှ ဒါနလေးတွေ ပြုပြုသွားဖို့ပါ။ သီလယူလိုက်ရင်ပဲ စိတ်ဓာတ်က အလိုလိုမြင့်သွားသလို ခံစားရ ပါတယ်။

ကုသိုလ်ကောင်းမှု တွေပြုပြီး နတ်တွေကို အမျှပေးဝေရင် နတ်တွေက လူတွေကို ပြန်စောင့်ရှောက်တယ် ဆိုတာ မဟာပရိနိဗ္ဗာန သုတ်မှာလည်း မြတ်စွာဘုရားက ဂါထာလေးတွေနဲ့ သေချာ ဟောပြထားတာပါ။ နတ်တွေကို အမျှဝေရင် ကိုယ့်အတွက် ကောင်းကျိုးဖြစ်စေတာတော့ အမှန်ပါပဲ။ ကိုယ်က သူတို့ကို မမြင်ရမကြားရပေမယ့် နတ်တွေကတော့ ကိုယ်ပြုနေတာတွေ ကိုယ်ပြောနေ တာတွေကို မြင်နေကြားနေတာပါ။

သေးသေးဖွဲဖွဲ ကုသိုလ် လေးတွေကအစ နတ်တွေကို အမျှပေးဝေရမှာပါပဲ။ ဘုရားအလောင်း ပေးဝေလိုက်တဲ့ ဒါနလေးက တကယ့်သေးသေးလေးပါ။ သေးပေမယ့် သာဓုခေါ်ရတဲ့ နတ်မှာတော့ ကောင်းကျိုး ကြီးကြီးကြီး ရသွားတော့တာပါ။ ကိုယ်အမျှပေးဝေလို့ စည်းစိမ်တိုးထားတဲ့ နတ်တွေက ကိုယ့်ကို ပစ်မထားပါဘူး။ အခွင့်သင့်တဲ့ တစ်နေ့မှာ ပြန်ကူညီမှာပါ။

ဒီတော့ ဘယ်ကုသိုလ်ပဲ ပြုပြု နတ်တွေကို အမျှပေးဝေတာတော့ အကောင်းဆုံးပါပဲ။ ဘုရားပန်းကပ်တာပဲဖြစ်ဖြစ် ရေချမ်းကပ် တာပဲဖြစ်ဖြစ် ဆီမီး ပူဇော်တာပဲ ဖြစ်ဖြစ် အမျှဝေလို့ ရပါတယ်။ နောက်ဆုံး ကိုယ့်မိတ်ဆွေကို ကော်ဖီတိုက်တာ လေးကိုလည်း အမျှဝေလို့ရတာပါပဲ။ ကုသိုလ်ပြု လို့လည်း ကောင်းကျိုးတွေဖြစ်၊ နတ်တွေကို အမျှဝေလို့လည်း ကောင်းကျိုးတွေဖြစ်နဲ့ ကောင်းကျိုးတွေ ဆင့်နေတော့တာပါ။

"ကုသိုလ်မပြတ် ဖြစ်ပါစေ"ဆိုတဲ့ မဟာစည်ဆရာတော် ဘုရားကြီးရဲ့ သြ၀ါဒအတိုင်း ကုသိုလ်တွေ မပြတ်ဖြစ်နေရင် အကုသိုလ် ဖြစ်ခွင့်လည်း နည်းနေတော့ တာပါ။ ကုသိုလ်ပြတ် ချိန်ကို အကုသိုလ်က ချောင်ထဲက ချောင်းနေတာပါ။ ကုသိုလ်ပြတ်မှ သူက၀င်လို့ရမှာပါ။ ဒါကြောင့် ကုသိုလ် မပြတ်ဖြစ်နေရင် အကုသိုလ်ကို တားထားရာလည်း ရောက်ပါတယ်။
ဘာပဲပြောပြော ကုသိုလ်တွေ မပြတ်စေဘဲ ပြုတဲ့ကုသိုလ် တိုင်းကို နတ်တွေကို အမျှပေးဝေ လိုက်ဖို့ပါပဲလေ။

ရဝေနွယ် (အင်းမ)
(မြတ်ဗုဒ္ဓအလင်းမှ ယူပါသည်)

Sunday, January 19, 2014

ပြည်ချစ်စစ်သားဘဝပေမို


          

             အချိန်ကား ဆောင်းအကုန် နွေအကူး လေရူးတို့ ပျော်မွေ့နေချိန်ပေါ့ ကျတော်တို့ စစ်ကြောင်းက ရှေ့တန်း စစ်မြေပြင်မှာ ကြိုးစားပန်းစား တိုက်ပွဲဝင်နေတဲ့အချိန် စစ်မြေပြင်မှာ ကြာမြင့်စွာ တိုက်ပွဲဝင်နေတဲ့ အချိန်ဖြစ်ပါတယ် စစ်မြေပြင်မှာ ရက်ကြာရှည်နေတော့ နောက်တန်းက ငယ်ကျွမ်းဆွေကိုလဲ တမ်းတလွမ်းလျနေပီပေါ့ ကျတော့်ရဲဘော်တွေလဲ မိသားစုကိုလွမ်းနေကြပီ နောက်တန်းလဲမကြာခင် ပြန်ဝင်ရတော့မှာမို့ ပျော်ရွှင်နေကြတာပေါ့....စစ်သားစစ်မြေပြင်မှာ ပျော်မွေ့ပေမဲ့ သံယောဇဉ် ရစ်ပတ်နှောင်ဖွဲ့နေတဲ့ ပုထုဇဉ်ပေဘဲလေ သံယောဇဉ်ရှိရာကိုတော့ မှန်းမျှော် တမ်းတ လွမ်းတတ်ကြတာပေါ့...ကျတော်တို့ တပ်ခွဲက တပ်ခွဲမှူး စီနီယာက အလွန်သဘောကောင်းလှသည်.....စစ်ရေးအတွေ့အကြုံလဲ များသည် စစ်တိုက်လဲတော်သည် ကျတော် အလွန်အားကျသော စီနီယာတစ်ပါးပင်ဖြစ်သည်...

ကျတော်အားလဲ အလွန်ချစ်ခင်လှသည်...စစ်ကြောင်းနားတိုင်း ကျတော်နှင့် စကားဖောင်ဖွဲ့ပြောတတ်ပေသည်....သူမှာလဲ သံယောဇဉ်နှောင်ဖွဲ့ထားတဲ့ ကိုယ်ဝန်အရင့်အမာနဲ့ ဇနီးက နောက်တန်းတွင် ကျန်ရစ်ခဲ့သည်...သူမိန်းမကိုဘယ်လောက်တွေ့ချင်ကြောင်း ဗိုက်ထဲကရင်သွေးလေးကို ဘယ်လောက်ချစ်ကြောင်းးးဘယ်လိုအနာဂါတ်အတွက် စီစဉ်ထားကြောင်းကို ကြုံတိုင်းပြောပြတတ်သည်...သူ့မျက်လုံးများမှ အရောင်တွေဖြာထွက်ခါ မမြင်ရသေးသော ရင်သွေးအပေါ်ထားသော ချစ်ခြင်းမေတ္တာ သူဇနီးအပေါ်ထားတဲ့ နက်ရှိုင်းလှတဲ့ ချစ်ခြင်းတွေကို အထင်သား မြင်သာလှသည်...စစ်ပွဲတွင် ရဲရင့်ပြတ်သားမာကျောလှသော စစ်သားကြီးရဲ့နှလုံးသားက ဒီမျှနူးညံတာ မြင်ဖူးမှ ယုံစဖွယ်ပါဘဲလား...မည်သို့ပင်ဆိုစေ သူနှင့်ကျတော်မှာ စစ်မြေပြင်မှ ရဲဘော်ရဲဘက်ပီသစွာ အလွန်ခင်မငါလှပေသည်.....နောက်တန်းပြန်ဝင်ရမည်ဆိုသဖြင့် နောင်တော်ကြီးမှာ အလွန်ပျော်ရွှင်နေမှာ မြင်ယောင်ပါတယ်......

ယနေ့နေလည်စာ စားချိန်ကျတော်နှင့်သူ အတူစားရင်း သူက ထမင်းအလွန်စားကောင်း သည်ဆိုသဖြင့် ကျတော်ထဲမှပင် သူအားထပ်ထည့်ပေးလိုက်သေးသည်...စစ်သားဘဝက မြိန်ရာဟင်းကောင်း ဘယ်လိုဖြစ်ဖြစ် စားလို့ကောင်းနေတတ်သည်ဘဲ ဒီနေ့မှ သူအလွန်ပျော်မြူးနေသည် သီချင်းများတောင် ညည်းနေတတ်သေးသည်...ကျတော်ကိုတောင် စနောက်နေသေးသည်လေ....

ကျတော်တို့ စစ်ကြောင်း ဆက်လက်ချီတက်ခဲ့ရာ မမျှော်လင့်ဘဲ ရန်သူနှင့်ထိတွေ့ရသည်...ရန်သူအင်အားက မနည်းလှပေ....အပြန်အလှန် ပစ်ခတ်ကြရင်း တိုက်ပွဲက အရှိန်မြှင့်နေသည် ရန်သူနေရာက ပစ်ကွင်းကောင်းလှ၍ ကျတော်တို့ဘက်မှ ရှေ့သို့ ထင်သလောက် မတက်နိုင် ရန်သူကို မထိုးဖောက်နိုင်ဖြစ်နေသည်...နောင်တော်ကြီးက အတင့်ရဲစွာ ရှေ့သို့တက်၍ ရွံရွံချွန်ချွန်တိုက်ပွဲဝင်နေသည်....ကျတော် ကသူကိုတား၍ ကျတော်တက်မည်ပြောသည်ကို လက်မခံ ကျတော်အား ညှာတာ၍ သူသာ ရှေ့ကတက်သည် အတင်း ထိုးဖောက်ဝင်ရောက်ရာ ရန်သူမှာ တောင့်မခံနိုငိ ခွာစစ်ဆင်တော့သည်...


ကျတော်တို့ တပ်မတော်သားတွေရဲ့တုံးတိုက်တိုက် ကျားကိုက်ကိုက် ချီတက်တိုက်ခိုက်ခြင်းကို
ကြာကြာတောင့်မခံနိုင်ချေ...
နောင်တော်ကြီးကတက်ကြွစွာ ဦးဆောင် တိုက်ခိုက်နေသဖြင့် ကျတော်ပင် စိတ်ပူမိသေးသည်....ဆုတ်ခွာသွားသော ရန်သူ၏ လက်နက်ကြီးက နောင်တော်ကြီး၏ အနားတွင် ကျရောက်ပေါက်ကွဲသည် သွားပီ....ကျတော်စိုးရိမိသော ကိစ္စတွေဖြစ်လာပီ လက်နက်ကြီးကျဉ်စက နောင်တော်ရဲ့ နှလုံးသားကို စိုက်ဝင်သွားသည် ကျတော်ပြေး၍ပွေ့ပီး ယူကျုံးမရဖြစ်ရသည် သူက ကျတော့လက်ကိုဆွဲကိုင်ပီး စစ်သားစစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်းကျဆုံးတာ ဂုဏ်ယူစမ်းပါကွာ...

ငါ့နိုင်ငံတော်အတွက် ငါ့အသက်ကို စတေးရတာ တန်ပါတယ်တဲ့ မင်းနောက်တန်းပြန်ရောက်ရင် မင်းအမကို သေချာပြောပြလိုက်ပါကွာ အားမငယ်အောင် အားပေးလိုက်ပါ ငါ့အိတ်ကပ်ထဲက စာနဲ့ဓါတ်ပုံ ငါ့လက်သူကြွယ်က လက်ထပ်လက်စွပ်ကလေးကို သူကိုပေးလိုက်ပါ မွေးလာမဲ့ ရင်သွေးလေးကို ကောင်းမွန်စွာ စောင့်ရှောက်ပီး သူ့အတွက် ဂုဏ်ယူလိုက်ပါလို့ တသွင်သွင်မှာရှာတယ် နောက်တန်းကို သူ့ရုပ်အလောင်း သည်ယူသွားရန်မဖြစ်နိုင်၍ သှု့ဇနီးထံသူ့၏လက်သန်းကို ဖြတ်ယူသွားပီး ရုပ်အလောင်းအစား မြှပ်နှံ သဂြိုလ် ဖို့ သူ့လက်သန်းကို သူကိုယ်တိုင်ဖြတ်ပေးဖို့ပြင်နေတယ် ကျတော် မမြင်ရက်လို့ စိတ်ချပါ အကိုကြီးရာ ကျတော် ဘဲ ဖြတ်ပီး ယူသွားပေးပါ့မယ် အကိုကြီးမှာတာတွေကို ကျတော်သေချာပြန်ပြောပေးပါ့မယ်လို့ ကတိပေးလိုက်တယ် သူရဲ့နောက်ဆုံးထွက်သက်ကို ကျတော့လက်ပေါ်မှာဘဲ ကုန်ဆုံးသွားတယ် တိုင်းပြည်နဲ့လူမျိုးကို သစ္စာစောင့်သိတဲ့ သားကောင်းဇာနည်တစ်ယောက် အကြွေစောရပြန်ပီ....

သူ့ရဲ့ဇာပနာကို ကျတော်ကိုယ်တိုင် ဦးဆောင် လုပ်ပေးရင်း ကျတော်ကို ချစ်ခင်တဲ့ ကျတော်လေးစားရတဲ့ တိုငိးပြည်အတွက် တာဝန်ကျေပွန်သွားတဲ့ ကျတော့ရဲ့နောင်တော်ကို အလေးပြုပါတယ် ဘဝဆက်တိုင်း ပေးဆပ်သူ့ဘဝမှ လွတ်မြောက်ပါစေ....မိသားစုနဲ့ မခွဲမခွာ အမြဲနေရပါစေ ကျတော့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောငိးပေးပါတယ်ဗျာ....နောက်တန်းပြန်ရောက်ရင် အမကို ကျတော် ဘယ်လိုများ ပြန်ပြောရပါ့မလဲ .....

နောက်တန်းအပြန်လမ်းမှာ ကျတော်ခြေထောက်တွေ ခဲဆွဲထားသလို လေးပင့်နေတယ် စိတ်တွေက ညစ်နွမ်းလို့ နောင်တော်အတွက် စိတ်မကောင်းဖြစ်ရတယ်....ရှေ့တန်းပြန်စစ်သည်တွေကို ကြိုဆိုနေတဲ့ဆီမှာ နောင်တော်ကြီးရဲ့ ချစ်ဇနီး အမကို ပန်းကုံးလေးကိုင်စောင့်နေတာ တွေ့လိုက်ရတယ် ကျတော့ နှလုံးသားတွေ ပဲ့ကြွေသွားပီလား ထင်ရလောက်အောင် စိတ်ထိခိုက်ရပါတယ်...အမက ကျတော့ကိုမြင်တော့ မျက်ရည်တွေကြားကပြုံးပြလေရဲ့ ....ကျတော်ပြောပြမလို့ပြင်တော့ အမက " မင်းအကိုကြီး ညကလာသွားတယ် အမအားလုံးသိပီးပါပီ မင်းနဲ့ထည့်ပေးလိုက်တဲ့ပစ္စည်းလေးတွေကိုအမလာယူတာပါ ပီးတော့ မင်းကို ပန်းကုံးစွတ်ပီးကြိုဆိုချင်လို့ပါ "လို့ဆိုပီး ကျတော်ကို ပန်းကုံးစွပ်ရင်း မျက်ရည်တွေကျလာတယ်....


ကျတော်နဲ့ပါးလိုက်တဲ့ ပစ္စည်းလေးတွေကို ကိုယ်ထားရင်း တွေတွေကြီး စိုက်ကြည့်နေတယ် ဘေးနားက အရာရှိကတော်တွေက ကြိတ်မခံစားနဲ့ ငိုလိုက်လို့ ဘေးကနေ ဝိုင်းသတိပေးကြမှ မြေပြင်ပေါ်ထိုင်ပီးချုံးပွဲချ ငိုကြွေးလိုက်တာ မြင်ရတဲ့သူ စိတ်နှလုံးပင် ဝမ်းနည်းကြေကွဲရသည် ကာယကံရှင်ဆို ပြောဖွယ်ရာပင် မရှိနိုင်တော့ချေ ကျတော် ဆက်၍ပင်မကြည့်ရက်စွာ လေးပင်သော ခြေလှမ်းများဖြင့် ကျောခိုင်းထွက်ခွာလာခဲ့သည်.

 ....အဝေးကိုမျှော်ငေးလိုက်တော့ အကိုကြီးက ကျတော်ကို လက်ပြနေသလိုပင် ထင်မှတ်မိသည်.....တစ်သက်တာ မေ့လို့မရနိုင်မဲ့ ဖြစ်ရပ်လေးပါဘဲ....စစ်သားဘဝတွေ့ဆုံကြုံကွဲဖြစ်မြဲ ဓမ္မတာပေမဲ့ ဒီဖြစ်ရပ်ကိုတော့ ရင့်နင့်လှပေသည်........်

ဘဝမှာ မမေ့နိုင်တဲ့အမှတ်တရတွေ များစွာရှိတတ်ကြပါတယ်....ကျတော်တို့လို တောတောင်ထဲမှာ တိုငိးပြည်ကာကွယ်ဖို့ တိုက်ပွဲဝင်နေတဲ့ စစ်သားဘဝမှာတော့ အမှတ်ရစရာတွေ အများဆုံးပေါ့ဗျာ....တွေ့ဆုံကြုံကွဲတဲ့ဒဏ်ကိုလဲ အလူးအလဲ ခံစားရတတ်တာဘဲ...ထုသားပေသားကျနေပေမဲ့ ပုထုဇဉ်လူသားမို့ မမေ့နိုင် သံယောဇဉ်တွေ ရစ်ဖွဲ့နေတတ်သည်ဘဲ....အပြင်ပန်းကြံခိုင်မာကျောပေမဲ့ နှလုံးသားကတော့ နုနယ်ဆဲပါ....ကျတော်အမြဲဆုတောင်မိတယ် 


ချစ်ခင်နှစ်သက်ရသူတွေနဲ့ ကွေကွင်းရခြင်းဘေးမှာကင်းဝေးပါစေ ဝဋ်ကြွေးရှိက ဒီဘဝ ဒီမျှနဲ့ကျေပါစေ......ခံစားရသမျှဘေးမှာထားလို့ တောတောင် စစ်စခန်းမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဆက်လက်၍ တိုက်ပွဲဝင် ဆဲပါ ပျော်ရာမှာ မနေရ တော်ရာမှာ နေရတဲ့ ပြည်ချစ်စစ်သားဘဝပေဘဲလေ...............

[သိသလောက်မှတ်သလောက်ဖြစ်ရပ်လေးကို ရေးသားခြင်းမို့ အမှားပါရင် ပြင်ဆင်ဖတ်ရှုပေးဖို့ မေတ္တာရပ်ခံပါတယ်......thank for all.....~_^………]

Wednesday, January 15, 2014

မိုးသည်းညရဲ့ စိတ်ကူးသံစဉ်

craton2
နိဒါန်း ___ စိတ်ကူးယဉ်ဆန်တာ အပြစ်မဟုတ်ပါဘူး။ အဲ့ဒီစိတ်ကူးယဉ်မှုဟာ ထင်မှတ်မထားတဲ့အချိန်၊ နေရာမှာ တကယ်ဖြစ်လာခဲ့၊ ဖြစ်ပျက်သွားခဲ့တဲ့အခါ မှင်သက်တွန့်ဆုတ်နေလိုက်လို့ စိတ်ကူးယဉ်ခြင်းဟာ စိတ်ကူးယဉ်သက်သက်အဖြစ်ပဲ ကိုယ့်ရာဇဝင်မှာ ကိုယ်ကိုယ်တိုင်ပြောစမှတ်အဖြစ် တနုံ့နုံ့ ကျန်ရစ်သွားခဲ့မယ်ဆိုရင်တော့.... ဒါဟာ အပြစ် (သို့မဟုတ်) ရွံ့နောင်တပါ....။

(၁) ကျွန်တော်ကပဲ မိုးရက်တွေကို မြတ်နိုးနေမိတာလား၊ မိုးနေ့ရက်တွေကပဲ ကျွန်တော့်ကို တခုတ်တရ မြတ်နိုးနေစေမိတာလား မသိ။ ကျွန်တော့်အမှတ်တရတွေဟာ မိုးရေစက်တွေ ပြည့်လျှမ်းနေတတ်သလို၊ ကျွန်တော် လွမ်းတမ်းမိတတ်တဲ့ အရာတွေမှာလည်း မိုးဖြောက်တွေ ပါဝင်ပတ်သက်နေတာကများပါတယ်။ အခုလည်း မိုးညတစ်ညရဲ့ ကောင်လေးတစ်ယောက်ပုံပြင်ကို ကျွန်တော် သွားသတိရမိပြန်တယ်။ နင့်ခနဲ ခံစားချက်တွေ ပျို့တက်လာမိတာကလွဲလို့ ကျွန်တော့်ဒဏ်ရာတွေကတော့ ကျက်သွားခဲ့ပါပြီ. . . .။


6(၂) ကျွန်တော် အိမ်ကထွက်ခဲ့တော့ ညနေ ၆နာရီလောက်လို့ ထင်ပါတယ်။ Adidas ဘေး လွယ်အိတ် အနက်ရောင်ကလေးထဲမှာ ကျောင်းသုံးရုရှားဖတ်စာ စာအုပ် ၂ အုပ်လောက်နှင့် မှတ်စုစာအုပ်လေးတစ်အုပ်။ နောက် ဘောလ်ပင်၊ ခဲတံ၊ မှင်ဖျက်ဆေး စတာတွေ ထည့်ထားတဲ့ zip တပ်အိတ်ငယ်လေးတစ်ခု။ ဒါ ကျွန်တော်ဘယ်သွားသွား အမြဲထည့်သွားဖြစ်တာလေးတွေ။ လွယ်အိတ်ထဲဘာမှမရှိဘဲနှင့် ကျွန်တော်အပြင်လျှောက်မသွားတတ်။ အဲ.. ဒီနေ့ကျမှ မေ့ကျန် ရစ်ခဲ့တာက ကျွန်တော်ဘယ်သွားသွားဆောင်ဖြစ်တဲ့ ထီးကလေး။ ကျွန်တော်ကလက်ထဲမှာ ဘာမှမကိုင်သွားရရင်နေမယ်၊ ဟိုနားဒီနားလေး လမ်းလျှောက်ထွက်ရင်တောင် ထီးတစ်ချောင်း တော့ အမြဲယူသွားတာမဟုတ်လား။ အရင်က ဂေါက်ထီးရှည်ကို ကိုင်လေ့ရှိပေမယ့် နောက်ပိုင်း အမြဲဆောင်သွားဖြစ်တာကတော့ ဖဲသားခေါက်ထီးပါပဲ။ ဂေါက်ထီးက ဘတ်စ်ကားစီးရင် အဆင်မပြေဘူးလေ။ ကျောင်းကမိန်းကလေးသူငယ်ချင်းတွေဆိုရင် ကျွန်တော့်ကိုအမြဲ စနောက်လေ့ရှိတယ်။ ယောက်ျားလေးတန်မဲ့ နေပူမခံ၊ ချွေးထွက်မခံ၊ မိုးစိုမခံ၊ ထီးကြီး တကားကားနဲ့ အဖြစ်သည်းလှချည်ရဲ့တဲ့။ ပြောပါစေလေ။

ဘာရယ်ညာရယ်မဟုတ်ဘူး။ ကျွန်တော်ဘယ်ကိုသွားမယ်လို့ ဦးတည်ချက်မရှိဘဲ ဒီလိုပဲ ညနေခင်းအိမ်မှာနေလေ့မရှိတာမို့ မြို့ထဲဘက်ထွက်လာခဲ့တယ်။ ရုပ်ရှင်ကောင်းရင် ဝင်ကြည့်မယ်။ အင်တာနက်ဆိုင် တစ်ဆိုင်ဆိုင်ဝင်၊ အွန်လိုင်းတက်ပြီး သူငယ်ချင်းတွေနဲ့ ဆုံခဲ့ရင်ချိန်းပြီးသွားတွေ့လိုက်မယ်။ စကားစမြည်ပြောကြမယ်။ ဒါမှမဟုတ်လည်း လိုင်းကားလျှောက်စီးပြီး အအေးလေးဘာလေး ဝင်သောက်မယ်ပေါ့။ ကျွန်တော်က ရည်ရွယ်ချက်မရှိဘဲ အပြင်ထွက်နေရတာကို နှစ်သက်တဲ့သူမဟုတ်လား။ ကျောင်းကပြန်ရောက်၊ ရေမိုးချိုး၊ ထမင်းစားသောက်၊ အိမ်စာတချို့ရေးပြီးတာနဲ့ ကမန်းကတန်းပြန်ထွက်လာခဲ့တာမို့ လွယ်အိတ်ထဲမှာ ထီးပါလား၊ မပါလားစစ်ဖို့ မေ့သွားတယ်။ ဆူးလေဘုရားလမ်းမှတ်တိုင်မှာ ဆင်းလိုက်တဲ့အချိန်ကစပြီး ရန်ကုန်မြို့ ကောင်းကင်မှာ မိုးတွေအုံ့ဆိုင်းနေခဲ့ပြီ။ အဲ့ဒီကျမှပဲ ထီးကျန် ခဲ့တယ်ဆိုတာ သတိရတော့တာ။ ကျွန်တော်ကားလမ်းကူးပြီး ရုပ်ရှင်ရုံတွေဘက် လမ်းလျှောက်ခဲ့တယ်။ ရန်ကုန်မြို့လယ်ခေါင်ရဲ့ ညနေခင်းကတော့ ထုံးစံအတိုင်း ဆူညံလှုပ်ရှားနေလျက်က သာယာပျော်ရွှင်နေတာပါပဲ။


(၃) ရှေ့ဆောင်၊ နေပြည်တော်..။ တင်ထားတဲ့နိုင်ငံခြားကားတွေအားလုံး ကျွန်တော်ကြည့်ပြီးပြီ။ ဘာမှလည်းအသစ်မတင်သေးဘူး။ စိတ်လေသွားတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ဘယ်ရုံက၊ ရုပ်ရှင်တစ်ကားကို ဘယ်လောက်ကြာအောင်တင်ပြီး၊ ဘယ်ရက်မှာအသစ်လဲတယ်ဆိုတာ ကျွန်တော်ဘယ်တော့မှ မှတ်မထားဘူး။ ပုံသေရှိ၊ မရှိလည်း စိတ်မဝင်စားဘူး။ ကျောင်းကသူငယ်ချင်း တစ်ယောက်မဟုတ်တစ်ယောက်ကို မေးလိုက်တာနဲ့ ဘယ်ရုံဘာကားဆိုတာ သိနိုင်တာကိုး။ ဒီနေ့ကျောင်းမှာ tutorial နဲ့မို့ မေးဖြစ်ခဲ့ဖို့ သတိတောင်မရဘူး။ ရုပ်ရှင်ရုံတွေ ဘေးကပ်လျက်က သီချင်းခွေဆိုင်နဲ့ စာအုပ်ဆိုင်တွေမှာ ဟိုကြည့်ဒီကြည့်နဲ့ ခဏအချိန်ဖြုန်းလိုက်မိတယ်။ မဝယ်ဖြစ်ဘူး။ ကော်ဖီတော့ အေးအေးဆေးဆေး ထိုင်မသောက်နေတော့ပါဘူး။ ကျွန်တော့်မှာ ပိုက်ဆံများများစားစားမှ မပါလာဘဲ။ ဒါပေမယ့်ထိုင်နေကျ Aroma ဆိုင်လေးထဲကိုတော့ ဘာရယ်မဟုတ် တစ်ချက်ရှိုးမိလိုက်တယ်။ အဲ့ဒီမှာ စတွေ့တာပဲ။

နိုင်ငံခြားသူတစ်ယောက်။ ကျွန်တော်နဲ့အရင်က Flixster.com မှာ စရင်းနှီးပြီး အပြင်မှာ တစ်ကြိမ်ဆုံတွေ့ဖူးလို့ သူငယ်ချင်း ဖြစ်သွားခဲ့တဲ့တစ်ယောက်။ Dr. Lauraine Flanders။ အင်္ဂလန်သူ။ Bournemouth မြို့ဇာတိ။ အသက်က၂၇နှစ်။ ဒီက NGO တစ်ခုမှာ တာဝန်အရ အလုပ်လာလုပ်နေတဲ့သူ။ တီဘီရောဂါ ပပျောက်ရေးဌာနတစ်ခုမှာလို့ သူပြောဖူးတယ်။ သူမတူတဲ့အပြုံးချိုချိုကြောင့် သူ့ကိုတန်းမှတ်မိလိုက်တယ်။ ကျွန်တော့်မှာ နိုင်ငံခြားသားမိတ်ဆွေလည်း သိပ်များများစားစားမှ မရှိတာဘဲကိုး။ အစိမ်းရောင် သန်းတယ်ဆိုရုံလေး အရောင်ခပ်ဖျော့ဖျော့ ရင်ဟိုက်စွပ်ကျယ်အင်္ကျီကို ဝတ်ထားတယ်။ အောက်က သာမန်ချည်သား ဘောင်းဘီတိုနဲ့ပဲ။ စာအုပ်တစ်အုပ်ကိုဖတ်နေရင်းက ကျွန်တော့်ကိုမြင်သွားပြီး လှမ်းပြုံးပြတယ်။ တစ်ဆက်တည်းမှာပဲ မတ်တပ်ထရပ်လိုက်ပြီး ကျွန်တော်ရှိရာ ဆိုင်ပြင်ကိုထွက်လာတယ်။ ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး ကျွန်တော့်ကိုဆိုင်ထဲဝင်ဖို့ သူကပျူပျူငှါငှါဖိတ်ခေါ်တယ်။ Coffee တစ်ခွက်လောက် treat လုပ်ပါရစေတဲ့။ ကျွန်တော့်မှာ ပိုက်ဆံများများမပါခဲ့တာ သတိရပြီး ကိုယ်ကလည်း မိန်းကလေးတစ်ယောက်က ဝယ်တိုက်မှာကို သိပ်မလိုလားတာမို့ အတင်းကာရောပုံစံမဖြစ်အောင် ခပ်ပါးပါးလေးဘဲ သွယ်ဝိုက်ပြီးငြင်းလိုက်တယ်။ ဒါပေမယ့် ထင်မှတ်မထားဘဲနဲ့ ကျွန်တော်တို့ ဒုတိယအကြိမ်မြောက် ထပ်ဆုံဆည်းဖြစ်ကြတာမို့ စကားနည်းနည်းပါးပါးတော့ အေးဆေးပြောမှ ကောင်းမယ်လို့တွက်ပြီး ဟိုနားဒီနားလမ်းလျှောက်ရင်း အပျင်းပြေစကားပြောကြရအောင်လို့ ကျွန်တော်ကပဲ သူ့ကိုဖိတ်လိုက်ပါတယ်။ သူ့မျက်နှာလေးဝင်းပသွားပြီး ချက်ချင်းဆိုင်ထဲပြန်ဝင်၊ ငွေရှင်းပြီးတာနဲ့ သူ့စာအုပ်လေးကောက်ပြီး ပြန်ထွက်လာခဲ့တယ်။
1 ဒီလိုကျတော့ သူ့အသွင်က ဆရာဝန်ဆိုတဲ့ ဂုဏ်မာန်တွေကွာကျပြီး ပီဘိ ကလေးငယ် အဖြူထည်လေး သက်သက်ပါပဲလား။

(၄) သူက ရန်ကုန်မှာနေတာသိပ်မကြာသေးပေမယ့် လမ်းတွေကို ကောင်းကောင်းမှတ်မိနေပြီး စားသောက်ဆိုင်ကောင်းကောင်း တွေကိုလည်းအလွတ်ရနေပါပြီ။ ကျွန်တော်တောင် သူပြောပြနေတဲ့ သူညနေစာသွားစားဖူးတယ်ဆိုတဲ့ စားသောက်ဆိုင် နာမည်တွေ၊ နေရာတဝိုက်တွေကို ကောင်းကောင်းမသိပါဘူး။ ဒီအကြောင်းတွေ သူဘာဖြစ်လို့ ကျွန်တော့်ကို ပြောပြနေသလဲ ကျွန်တော်သေချာ မတွေးတတ်ဘူး။ ရောက်တတ်ရာရာပြောနေရင်းက သူကဒီ အကြောင်းဘက်ကို စကားလှည့်လိုက်တာမို့ပါ။ ကျွန်တော်လည်း အလိုက်သိစွာပဲ သူဗိုက်ဆာနေပြီလားလို့ မေးလိုက်ပါတယ်။ သူက ခေါင်းကိုသွက်ခနဲခါရင်း လင်းလင်းပွင့်ပွင့်ပြန်ပြုံးပြတယ်။ အဲ့ဒီနောက် သူနဲ့ကျွန်တော် ရန်ကုန်မြို့က လူသွားလမ်းတွေနဲ့ ဈေးသည်တချို့ရဲ့ နေပုံထိုင်ပုံ ဘဝတွေနဲ့ပတ်သက်ပြီး လမ်းလျှောက်လာကြရင်း စကားတွေဖောင်ဖွဲ့နေမိ ပြန်ပါတယ်။ ကျွန်တော်ပြောပြသမျှကို သူက လေးလေးနက်နက် နားစိုက်ထောင်နေပြီး သူမရှင်းတာလေးတွေဆိုရင်လည်း ယဉ်ယဉ်ကျေးကျေးပဲ ပြန်မေးပါတယ်။ သူ့ဘက်ကလည်း ဝင်ဆွေးနွေးပါတယ်။

ကျွန်တော်တို့ ဆူးလေ Hitachi Tower နားကနေ အပေါ်လမ်းအတိုင်း လျှောက်လာလိုက်ကြတာ ပုဇွန်တောင်မီးပွိုင့်နားရောက်တဲ့အထိပါပဲ။ ခြေထောက်ညောင်းလို့ ညောင်းမှန်းတောင်မသိပါဘူး။ အဲ့ဒီအချိန်မှာပဲ ဝေါခနဲရှဲခနဲ မိုးအော်သံကိုကြားလိုက်ရတယ်။ တမုဟုတ်ချင်းပဲ မိုးစက်လေးတွေ ဖွဲခနဲကျဆင်းလာတယ်။ နီးရာသစ်ပင်ကြီးတစ်ခုအောက်ကို ပြေးဝင်လိုက်ကြပြီး ကျွန်တော့်တို့အဖြစ်ကို ကျွန်တော်တို့ ကြည့်ရင်း ဘာရယ်မဟုတ်ဘဲ ရယ်မောမိကြတယ်။

ဖွာဆင်းကျလာနေတဲ့ မိုးစက်မှုန်တွေကိုကြည့်ရင်း ကျွန်တော်ထီးမေ့ကျန်ခဲ့တယ်ဗျာ..လို့ သူ့ကိုလွှတ်ခနဲပြောမိတော့ ကျွန်မလည်းအတူတူပါပဲတဲ့။ နိုင်ငံခြားသူတွေ ထီးကိုင်ပြီးလျှောက်သွားတာ တစ်ခါမှမမြင်ဖူးဘူးလို့ ကျွန်တော်က အထွန့်တက်မိတော့ သူက ပြုံးတုံ့တုံ့နဲ့ပြန်ဖြေတယ်။ သူကနိုင်ငံခြားသူဖြစ်ပေမယ့် အခု မြန်မာပြည်မှာနေတဲ့အတွက် သူ့ကိုယ်သူ မြန်မာလူမျိုးလို့ပဲခံယူထားတယ်တဲ့။ မြန်မာလူမျိုးတွေရဲ့ ကျန်းမာရေး တစ်စိတ်တစ်ဒေသကို ကူညီစောင့်ရှောက်ပေးနေရတဲ့ သူ့အလုပ်အတွက်လည်း သူဂုဏ်ယူတယ်တဲ့။ ဒါကြောင့် မြန်မာမလေး တစ်ယောက်လိုပဲ သူနေတယ်ထိုင်တယ် သွားတယ်လာတယ် စားသောက်တယ်တဲ့။ သူ့ကိုမြန်မာမလေး တစ်ယောက်အနေနဲ့ပဲ လောလောဆယ်မြင်စေချင်ပါတယ်တဲ့။ သူထီးဆောင်းတတ်တယ်၊ (မရိုမသေ) ထဘီဘယ်လို ဝတ်ရမလဲဆိုတာသိတယ်၊ သနပ်ခါးလည်း လူးတတ်တယ်၊ မြန်မာစကားတချို့လည်း ကောင်းကောင်းပြောတတ်နေပြီတဲ့ (ပြောရင်းနဲ့ ကျွန်တော့်ကို သူသိသမျှ မြန်မာစကားလုံးတချို့ကို မပီကလာပီကလာ ရွတ်ပြနေပါသေးတယ်)။ သူ့အဖြေက ရှင်းလင်းပြီး သဘောကျစရာကောင်းလို့ ကျွန်တော်သူ့ကို အဲ့ဒီနေရာမှာတင် မတ်တပ်ရပ်ပြီး အကြာကြီးစိုက်ကြည့်နေမိတယ်။ လူတန်းစားလုံးဝ မခွဲခြားတတ်ဘဲ ဒုက္ခရောက်နေသူတွေအတွက် နိုင်ငံတွေအဆင့်ဆင့်ခြားပြီး တစ်နယ်တစ်ကျေးဖြစ်တဲ့ ဒီမြန်မာနိုင်ငံကိုမှ လာရောက်တာဝန်ထမ်းဆောင်နေတဲ့ သူ့ရဲ့စိတ်ဓါတ်ကိုလည်း ကျွန်တော်ကြိတ်ချီးကျူးနေမိတယ်။ မိုးမှုန်မိုးမွှားလေးတွေကပ်နေတဲ့ ငွေရောင်ဖျော့ဖျော့ သူ့ဆံပင်က အိတွဲ့တွဲ့လိပ်ခွေဆင်းနေပြီး ရှင်းလင်း ချောမွေ့နေတဲ့ သူ့မျက်နှာပြင်လေးက တင်းတင်းရင်းရင်းနဲ့ ကျက်သရေရှိလိုက်တာ...။

7(၅) မိုးက မစဲတော့တဲ့အပြင် လေကြမ်းတွေပါခတ်လာပြီး ပိုလို့ပိုလို့ သည်းလာပါတော့တယ်။ အနားမှာတွေ့တဲ့ ကွမ်းယာဆိုင်ကနေ ကျွန်တော် ကြွပ်ကြွပ်အိတ်၂အိတ်ဝင်ဝယ်လိုက်ပြီး လွယ်အိတ်ထဲက ရှိသမျှ စာအုပ်တွေရော အကုန်လုံးကို အိတ်နဲ့ ၂ထပ်စွပ်လိုက်ပါတယ်။ ပြီးမှ လွယ်အိတ်ကြိုးကို ခပ်တိုတိုကြပ်ပြီး ပြန်လွယ်လိုက်တယ်။ သူက ကျွန်တော်လုပ်ပုံကိုင်ပုံတွေကိုကြည့်ပြီး ဘာတွေသဘောကျနေလေတယ် မသိ။ ပြုံးစိစိ ခေါင်းတညိတ်ညိတ်နဲ့ လုပ်နေတယ်။ အဲ့ဒီနောက် သူက ကျွန်တော်လုံးဝမထင်မှတ်ထားတဲ့ စကားတစ်ခွန်းကို ဆိုတယ်။ မိုးရေထဲ လမ်းလျှောက်ကြရအောင်တဲ့။ သူကမိုးရွာရင် သိပ်ပျော်တယ်ဆိုပဲ။ ကျွန်တော်ကိုယ်တိုင်လည်း မိုးရွာတာကို နှစ်သက်ပေမယ့် သူ့လောက်ကြီး လိုလိုလားလား ခုံခုံမင်မင်ကြီး မိုးကိုမစွဲလမ်းဘူး။ သူငယ်ငယ်လေးတုန်းက ဝေးလံလှတဲ့ကျောင်းကို မိုးရွာကြီးထဲမှာ မိုးကာအင်္ကျီလေးဝတ်ရင်း စက်ဘီးလေးနဲ့သွားရသတဲ့။ သူကျောင်းကပြန်လာရင် သူ့မေမေက ပေါင်မုန့်ခြောက်နဲ့ ဘီစကွပ်နွေးတွေ စီစဉ်ထားပြီး ကော်ဖီကျဲကျဲတစ်ခွက်ကို အဆင်သင့်ဖျော် စောင့်နေလေ့ရှိတယ်တဲ့။ သူငယ်ငယ်တုန်းက ချို့ချို့တဲ့တဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝနေ့ရက်တွေကို တမ်းမှန်းလွမ်းဆွတ်ရင်း ကျွန်တော့်ကို သူပြောပြဖူးတယ်။ သူနည်းနည်းကလေးမှ အားငယ်သိမ်ငယ်မှုမဖြစ်ခဲ့ဘဲ သူ့မေမေနဲ့အတူ ဘဝကိုမိုးရေစက်တွေကြားမှာ ရဲရဲကြီးဖြတ်သန်းလာခဲ့တယ်တဲ့။ သူ့ရဲ့ပြတ်ကြောမာထန်နေတဲ့ စိတ်ဓါတ်ကို သူ့မျက်ဝန်းတွေထဲမှာတောင် ကျွန်တော်တွေ့နေခဲ့ရတာပါ။

သူက အဲ့ဒီလိုစကားဆိုတော့ ကျွန်တော့်မျက်လုံးထဲ ဒရာမာရုပ်ရှင်ကားတွေထဲကလို မိုးရွာကြီးထဲ ကောင်လေးနဲ့ကောင်မလေး လက်အတူ တွဲပြီး လမ်းလျှောက်ကြတယ်ပေါ့။ ကိုယ့်အတွေးနဲ့ကိုယ် ရှက်ရယ်ရယ်လိုက်မိတာကို သူကသေချာအကဲခတ်နေခဲ့တယ်။ ကျွန်တော်ပိုလို့တောင် ရှက်သွားပြီး ဟိုဘက်ကားလမ်းမဆီကို မျက်နှာလွှဲပစ်လိုက်တယ်။ သူကကလေးတစ်ယောက်ကို ခပ်မင်မင် ချော့မြှူတဲ့စတိုင်လ်နဲ့ ကျွန်တော့်ဆံပင်နက်တွေကို ခပ်ဖွဖွပုတ်ပြီး ရယ်မောနေတယ်။ အင်း.. တကယ်လည်း ကျွန်တော်က သူ့မောင်ငယ်သာသာအရွယ်လေးပဲ ရှိတာကိုး။ ကျွန်တော် ဘာမှပြန်မပြောဖြစ်လိုက်ပါဘူး။ တစ်စုံတစ်ခု ဆွတ်ပျံ့မှုကလေးတော့ သူ့လက်ဖွေးဖွေးတွေကတစ်ဆင့် ကျွန်တော့် ရင်ဘတ်ထဲအထိ နွေးခနဲစီးဆင်းသွားခဲ့ပါတယ်။

(၆) သေချာတာကတော့ ကျွန်တော်တို့နှစ်ယောက်စလုံး အတော့်ကိုစိတ်ကူးယဉ်ကြတာပါပဲ။ ဒါပေမယ့်မိုးအရမ်းသည်းတော့ လမ်းဆက် လျှောက်လို့ မကောင်းတော့တဲ့အတွက်ရော သူအအေးမိမှာစိုးတဲ့အတွက်ရော ကျွန်တော်ကလောလောဆယ် ကားစီးသွားကြပြီး လမ်းလျှောက်ချင်ရင် သူ့ဟိုတယ်လ်အနီးအနား တစ်နေရာရာရောက်မှပဲ ဆင်းလျှောက်ကြတာပေါ့လို့ တိုက်တွန်းတော့ သူကကြည်ကြည်ဖြူဖြူ သဘောတူပါတယ်။ ဒါမှလည်းသူ့အတွက် အဆင်ပြေမယ်လို့ ကျွန်တော်ထင်လို့ပါ။ သူ့ကိုလိုက်ပို့ပြီးမှ ကျွန်တော်ကကားတစ်စီးစီးနဲ့ ဖြစ်သလိုပြန်လည်းရတာပဲ။ သူ့တိုက်တွန်းချက်အတိုင်း ကျွန်တော်တို့ တွေ့တဲ့နေရာကနေတားပြီး လိုင်းကားစီးလိုက်ကြပါတယ်။ သူကဘတ်စ်ကား စီးရတာကို အသားကျနေသလို ပျော်လည်းပျော်တဲ့ပုံပါပဲ။ ဒါပေမယ့် ဟိုင်းလက်စ်ကားဖြစ်နေတဲ့အတွက် သူ့ကို ခေါင်းခန်းထဲမှာ ထိုင်စေပြီး ကျွန်တော်က အနောက်မှာပဲနေရာရပါတယ်။ မိုးကမရပ်တော့ပါ။ နေတောင် အတော်စောင်းသွားပြီ။ ထီးမထည့်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ် ကျွန်တော်ဆဲလိုက်မိတယ်။ ရာသီဥတုကိုယ်၌ရော၊ ကျွန်တော်တို့နှစ်ယောက်လုံးရော ခပ်စိမ့်စိမ့် ဖြစ်နေကြပါပြီ။

တာမွေအဝိုင်းထိပ်ကနေ ကားတစ်ခါပြောင်းစီးကြရပြန်ပါတယ်။ တော်သေးတာက ကားသိပ်မကြပ်တာပါ။ သွားမှာက Sedona Hotel မဟုတ်လား။ သူက ရန်ကုန်မှာနေသမျှ ကာလပတ်လုံး Sedona (ဒါမှမဟုတ်) Summit Park View နှစ်ခုမှာပဲ တည်းလေ့ရှိပါတယ်။ 3တစ်လစာဖြစ်ဖြစ် ကြိုတင်ငွေချေထားနှင့်ပြီး မန္တလေးရုံးခွဲဆင်းရတဲ့အခိုက် ဆိုရင်လည်း မန္တလေးကမြမန္တလာဟိုတယ်လ်မှာပဲ တည်းတတ်ပါတယ်။ ဟိုတယ်လ်က ဝန်ထမ်းတွေနဲ့တောင် သူအတော်ခင်နေပြီလို့ဆိုပါတယ်။ ဒုတိယအကြိမ်စီးတဲ့ ကားကတော့ကားကြီးမို့ ကျွန်တော်တို့နေရာမရတောင် ချောင်ချောင်ချိချိ မတ်တပ်ရပ်ရင်း စကားတွေတရစပ်ပြောနေမိကြတယ်။ ကားပေါ်ကခရီးသည်တချို့က ကျွန်တော်တို့နှစ်ယောက်ကို ကွက်ကြည့် ကွက်ကြည့်နဲ့။ ဆူညံနေလို့နဲ့တူပါရဲ့။ ကျွန်တော်တို့လည်း ရုတ်တရက်ရယ်မောရင်း အသံကျယ်သွားလိုက်.. ရှူး..ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် သတိပေးလိုက်၊ ထပ်ရယ်လိုက်နဲ့ အင်မတန်ပျော်ရွှင် လတ်ဆတ်နေတဲ့ မိုးသည်းညဦးပိုင်းလေး ဖြစ်သွားခဲ့ပါတယ်။

(၆) Sedona မရောက်ခင် တစ်မှတ်တိုင်အလိုမှာဆင်းလိုက်ကြပြီး ကျွန်တော်တို့ စိတ်ကူးယဉ်ထားကြသလို ကမ္ဘာအေးဘုရားလမ်းအတိုင်း မိုးသည်းသည်းထဲ လမ်းလျှောက်ခဲ့ကြပါတယ်။ မိုးစက်တွေ ဖွားခနဲဖွားခနဲ လွင့်စင်သွားတဲ့ ကတ္တရာလမ်းမကြီးရဲ့ရင်ဘတ်က ကျွန်တော့် နှလုံးခုန်သံနဲ့ထပ်တူ အပြိုင်လှုပ်ခတ်ဟစ်ကြွေးနေပါတယ်။ ဒါပေမယ့် သူကတော့တရားဝင်ဖော်ထုတ်ခွင့်ရှိပြီး ကျွန်တော်ကတော့ အသံတိတ် လှိုက်ဖိုနေရတာပါ။ ကားတွေ တစ်စီးစ၊ နှစ်စီးစ ဖြတ်ဖြတ်သွားကြတယ်။ Lauraine က မျက်နှာလေးခေါင်းမော့ လက်နှစ်ဖက်ကို ဆန့်တန်းရင်း ဖိနပ်ဖြူလေးကိုချွတ်၊ လက်ကကိုင်ပြီး ရှေ့ ၄၊ ၅ ကိုက်လောက်ကို ပြေးသွားပါတယ်။ ပါးစပ်ကလည်း မြန်မာလို အော်လိုက်ပါသေးတယ်။ “ကျွန်မ မိုးကိုချစ်တယ်” တဲ့....။ တစပ်တည်း B.J. Thomas ရဲ့ သီချင်းစာသားလေးတစ်ခုကို ခပ်တိုးတိုး ရွတ်လိုက်တယ်။

ိ“Raindrops keep fallin' on my head
But that doesn't mean my eyes will soon be turnin' red
Cryin's not for me
'Cause I'm never gonna stop the rain by complainin'
Because I'm free
Nothin's worryin' me . . . .”

ဖွဖွလေးနင်းသွားတဲ့ သူ့ခြေဖဝါးဖြူဖြူတွေမှာ စင်ကြယ်တဲ့မိုးစက်တွေကပ်ပါသွားတယ်။ အင်းလျားကန်ရေပြင်ကို တရစပ်သုတ်ဖြူး ဖြတ်တိုက်လာတဲ့ လေညင်းအေးအေးကြောင့် ကျွန်တော်တစ်ချက်လောက်စိမ့်သွားပေမယ့် ကလေးငယ်တစ်ဦးလို မိုးရေထဲပြေးလွှား အော်ဟစ်နေတဲ့ သူ့ကိုမှင်သက်တိတ်ဆိတ်စွာပဲ ကြည့်နေမိခဲ့တယ်။ လှလိုက်တာ Lauraine ရယ်....။

(၇) သူ ကျွန်တော့်ဘက်ကို မျက်နှာပြန်မူလိုက်ပြီး နောက်ပြန် ခပ်ဖြည်းဖြည်းလေး လမ်းလျှောက်တယ်။ ကျွန်တော်ကလည်း တုံ့နှေးတဲ့ ခြေလှမ်းတွေနဲ့ပေါ့။ ခဏတာတွေကို ကျွန်တော်သိပ်မြတ်နိုးတတ်နေပြီလေ။ Sedona Hotel ကြီးကတော့ မီးရောင်တွေတထိန်ထိန်နဲ့ ဟိုရှေ့နားမှာ ကျွန်တော်တို့ကို မိန့်မိန့်ကြီး ထိုင်စောင့်နေပြီ။ သူလေးကတော့ သိပ်ပျော်ရွှင်မြူးထူးနေတဲ့အပြုံးနဲ့ ခေါင်းလေးကို ဘယ်ယိမ်း ညာယိမ်းလုပ်နေတယ်။ လမ်းမကြီးတစ်ခုလုံး သူနဲ့ကျွန်တော် နှစ်ယောက်တည်းရှိနေတဲ့အတိုင်း။ လွတ်လပ်ပွင့်လင်းလို့..။ သူ့ခြေလှမ်းတွေကို ရုတ်တရက် တုံ့ခနဲရပ်လိုက်ပြီး မကြည်မလင်ဖြစ်နေဟန်တူတဲ့ ကျွန်တော့်မျက်နှာကို သေချာစိုက်ကြည့်တယ်။ ပြီးတော့မေးတယ်။ မပျော်ဘူးလားတဲ့...။ မိုးရေတွေထဲ ကျွန်မနဲ့လမ်းလျှောက်ရတာကိုလေတဲ့...။ သိပ်ပျော်တာပေါ့.. လို့ ကျွန်တော်က ပြောလိုက်ပြီး သူ့နောက်ထပ် မေးခွန်းမလာခင် တခါတည်း ဆက်ဖြေလိုက်တယ်။ “But. . . I'm feeling so afraid if you could never be with me like this moment ever again!”

5သူ ရယ်ပါလေတယ်။ ပြီးတော့မေးတယ်။ အခုချိန်မှာ ကျွန်တော်ရောသူရော ထီးကိုယ်စီပါလာခဲ့မယ်ဆိုရင် အခုလို လမ်းလျှောက်ကြဖို့ ဖြစ်လာဦးမယ်ထင်လားတဲ့။ ကျွန်တော်မပြောတတ်ဘူး။ လျှောက်ဖြစ်ကြဖို့ သူကစပြီး အကြံရလို့ ကျွန်တော်တောင် အံ့သြခဲ့ရသေးတာမဟုတ်လား။ ကျွန်တော့်မျက်နှာကိုကြည့်ပြီး သူ ထပ်ရယ်ပြန်တယ်။ ကျွန်တော်အသည်းယားလာတယ်။ သူကဆက်ပြောတယ်။ ကျွန်တော်ရော သူရော အမြဲ ထီးကိုင်ဖြစ်ကြတာချင်းအတူတူ ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် နှစ်ယောက်စလုံးက ထီးမေ့ကျန်ခဲ့ကြတယ်။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မြို့ထဲတစ်နေရာမှာ လာဆုံဖြစ် ကြတယ်။ ပြီးတော့ မိုးရွာတော့မှာ သိသိကြီးနဲ့ မရွာလောက်သေးပါဘူး၊ ရွာတော့လည်း ဖြစ်ချင်ရာဖြစ် လျှောက်မှာပဲဆိုတဲ့ မသိစိတ်ကနေ လက်ခံတိုက်တွန်းလို့ အခု ဒီနေရာကိုတောင် ရောက်နေကြပြီတဲ့။ အဲ့ဒါကို destined အရ ဖြစ်လာတာပါလို့ မယူဆကြဘူးဆိုပါစို့...။ ဒါဆို ဒီအခြေအနေဖြစ်လာအောင် ဘယ်သူစေခိုင်းခဲ့တာလဲတဲ့။ ကျွန်တော်တို့ ကိုယ်တိုင်ပေါ့လို့ ကျွန်တော်က ဖြေလိုက်တယ်။ သူက လက်မကလေးထောင်ပြပြီး ဒါပဲပေါ့..ဆိုတဲ့ ပုံစံမျက်နှာပေးလုပ်ပြတယ်။

ကျွန်တော်သဘောပေါက်သွားတယ်။ သူဆိုလိုတာက နောက်တစ်ကြိမ် ဒီလိုအခြေအနေမျိုး ဒီလိုအခိုက်အတန့်မျိုးကို ဖန်တီးချင်ရင် ကျွန်တော်တို့ နှစ်ယောက်အပေါ်မှာပဲ မူတည်တယ်ဆိုတဲ့သဘော။ သူက ကံကြမ္မာဆိုတာကို သိပ်ယုံကြည်ပုံမရဘူးလို့ ကျွန်တော် ခပ်မဆိတ် တွေးလိုက်တယ်။ စိတ်ထဲမှာ ပျော်နေရမယ့်အစား ဝမ်းနည်းအားငယ်သလိုလို၊ အင်အားချိနဲ့နေသလိုလို ခံစားရတယ်။ ဒါပေမယ့် သူ့မျက်လုံးတွေထဲကအပြုံးကို ကျွန်တော့်နှုတ်ခမ်းနဲ့ အားတင်းပြီး တုံ့ပြန်လိုက်နိုင်ပါတယ်။ ကျွန်တော် သူ့ပုခုံးလေးကို ညာလက်နဲ့ သိုင်းဖက်လိုက်တယ်။ သူက အလိုက်တသိပဲ ဦးခေါင်းလေးကို ကျွန်တော့်ပုခုံးဆီ မှီငဲ့လိုက်တယ်။ အခုမှ ကျွန်တော် အစစ်အမှန် ပြုံးနိုင်ပါတော့တယ်။ ကျွန်တော်ကိုက အတွေးခေါင်ပြီး ပူတတ်ရန်ကောလေ.. လို့ပဲ စိတ်ထဲမှာ မှတ်ချက်ချလိုက်တယ်။ ခုနက လေးနေတဲ့ စိတ်တွေ အားငယ်နေတဲ့စိတ်တွေ မိုးစက်သစ်တွေနဲ့အတူ ပြန်ပြီးပေါ့ပါးလန်းဆန်းလာတယ်။ မိုးတွေကလည်း အေးလိုက်တာ...။

(၈) ကျွန်တော်... ဟိုတယ်လ်နားရောက်လေ မပြန်ချင်တော့လေ... နောက်ပြီး... သူနဲ့မခွဲချင်တော့လေ...။ ဒါပေမယ့်ခွဲခွာခြင်းဆိုတဲ့ ဓမ္မတာကြီးကို ဘယ်သူလွန်ဆန်နိုင်လို့လဲ။ ခေတ္တခွဲခွာရခြင်းဖြစ်ပါစေလို့ပဲ ကျွန်တော်ကြိတ်ဆုတောင်းနေမိတယ်။ ဟိုတယ်လ်ဘေးက စက်မှု(၁)လမ်းပေါ်ရောက်တော့ သူကဖိနပ်ဖြူလေးကို ပလက်ဖောင်းပေါ်ပစ်ချလိုက်ပြီး စိုရွှဲနေတဲ့လက်တွေနဲ့ ကျွန်တော့်ခါးကိုဖက်လိုက်တယ်။ ကျွန်တော့်ကို ရီဝေဝေကြည့်တယ်။ သူလည်း ကျွန်တော့်လိုပဲ ခံစားနေရမလား...။ ခုထိ ကျွန်တော်သူ့ကို ချစ်ပါတယ်လို့ မပြောရသေးဘူး။ ခုချိန်မှာ ချက်ချင်းပြောဖို့ လိုအပ်သလား၊ မလိုအပ်ဘူးလား.. ကျွန်တော် တကယ်မသိပါဘူး။ ကျွန်တော် တစ်ခါမှ မိန်းကလေးတစ်ယောက်ကို ဒီလောက်မချစ်ခဲ့ဖူးဘူး။ ဒါ ပထမဦးဆုံးပဲ။ ဟုတ်တယ်။ ကျွန်တော်သူ့ကိုချစ်နေပြီ။ သူကရော..? ကျွန်တော် သူ့မျက်နှာကိုစိုက်ကြည့်နေမိတာ ဘယ်လောက်ကြာသွားပြီလဲမသိ။ သူက ကျွန်တော့်နဖူးကို ဖွဖွလေးနမ်းလိုက်တော့မှပဲ အသိပြန်ဝင်လာတယ်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ဒါပေမယ့် ကျွန်တော်မပြုံးပြလိုက်ပါ။

ကျွန်တော် တစ်ကုန်လုံးချမ်းစိမ့်ပြီး မေးတွေပါတုန်နေပြီ။ သူလည်း ထိုနည်းလည်းကောင်းပဲ။ သူက ပြုံးတုံ့တုံ့ကြည့်ပြီး အထဲဝင်ရအောင်လေ တဲ့။ မိုးတိတ်မှ ပြန်ချင်လည်းပြန်ပေါ့တဲ့။ ကျွန်တော် ကြောင်သွားတယ်။4 ကျွန်တော် လိုက်သွားလို့ ဘယ်ဖြစ်မလဲ။ ဘယ်နည်းနဲ့မှမဖြစ်ပါဘူး။ ကျွန်တော် ရွှဲနစ်နေတယ်။ အဝတ်လဲဖို့ လိုအပ်တယ်။ သူ့ဆီမှာမှ အဝတ်အစားမရှိဘဲ။ ပြီးတော့ ကျွန်တော် နွေးနွေးထွေးထွေးနေပြီး တစ်ခုခုစားရမယ်။ ပြီးရင် ကျွန်တော်အိမ်ပြန် အိပ်ရမယ်။ ကျွန်တော် အိမ်ကိုဘာမှမပြောခဲ့ရဘူး။ ပြီးတော့ မိုးကလည်း တစ်ညလုံး သည်းမယ့် ရန်ကုန်မိုးစွေ။ တော်တော်နဲ့တိတ်မယ့်ပုံမှမပေါ်တာ။ သူနဲ့ကျွန်တော် တွေ့တာဒါနဲ့မှ ဒုတိယအကြိမ်ပဲ ရှိသေးတယ်။ ကျွန်တော်သူ့ကို ချစ်တယ်။ ဒါပေမယ့် မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပြီး ချစ်တာ။ ပြီးတော့ ကျွန်တော်... ကျွန်တော်... အသက် ၁၈နှစ် မပြည့်သေးဘူး....။ သူက ကျွန်တော့်ထက် အသက်အများ ကီးကြီးတယ်။ ရှေ့ဆက်လို့ ဖြစ်ပါ့မလား...။ ရှေ့လျှောက်ကျွန်တော်တို့ ဘယ်လိုထပ်ရင်ဆိုင်ကြမလဲ...။ ဟာ.. ဘာတွေလဲကွာ....။

အဲ့ဒီတခဏလေးမှာပဲ ကျွန်တော့်ဦးခေါင်းနဲ့ မြင်ကွင်းတွေဟာ ချာချာလည်နေတယ်လို့ ခံစားရပြီး ရှေ့တည့်တည့်မှာရပ်နေတဲ့ သူ့ကို သေချာမမြင်ရတော့ဘူး။ မိုးစက်တွေက ကျွန်တော့်မျက်ဝန်းတွေကို ဝေဝါးစေတယ်။ သူလည်း မိုးတွေစိုရွှဲနေတာ။ သူ အဝတ်လဲရမယ်။ အထဲမှာ နွေးနွေးထွေးထွေးနေရမယ်။ ကော်ဖီတစ်ခွက်သောက်ဖို့ ကျွန်တော် သူ့ကိုပြောရမယ်။ ညစာပူပူလေးမှာစားဖို့။ ပြီးရင် စောစောအိပ်ပစ်ဖို့...။ မနက်ကျရင် ကျွန်တော့်ကို ဖုန်းဆက်ဖို့။ သြော်.. ကျွန်တော်သူ့ကို ဖုန်းနံပါတ်လည်း ပေးရဦးမယ်။ ဒီညတော့ မဖြစ်.... မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော့် နှုတ်ခမ်းက လှုပ်ရုံလေးပဲလှုပ်တယ်။ စကားတွေတစ်ခွန်းမှထွက်မလာဘူး။

ကျွန်တော် ခေါင်းကိုခပ်ဖြည်းဖြည်းခါလိုက်ပြီး ဒူးတွေညွတ်ကျတော့မတတ်ဖြစ်လာတယ်။ သူက ကျွန်တော့်ကို ပြန်တွဲရတယ်။ အမိုးအောက်ဝင်ကြစို့တဲ့...။ ကျွန်တော့်မျက်နှာ ဘယ်လိုဖြစ်သွားသလဲဆိုတာ မှန်သာရှိရင် ကျွန်တော်ကြည့်ချင်လိုက်တာ။ ရပါတယ်.. ဆိုတဲ့ စကားတစ်ခွန်းက နာရီများစွာကြာပြီးနောက်ပိုင်းမှာ ပထမဦးဆုံးအနေနဲ့ ကျွန်တော့်နှုတ်ခမ်းကထွက်ကျလာတယ်။ လေးတေးတေးကြီး။ သူက ချမ်းလှပြီ.. ကျွန်မအထဲဝင်တော့မယ်တဲ့..။ ကျွန်တော့်ကို လိုက်မှာလား၊ ပြန်မှာလားတဲ့။ သူ့မျက်ဝန်းထဲမှာ မကျေနပ်တဲ့ အားမလိုအားမရတဲ့ အရိပ်အယောင်ကို ကျွန်တော်အားကိုးတကြီး မချင့်မရဲလိုက်ရှာမိတယ်။ လုံးဝမတွေ့ဘူး။ ဒါပေမယ့် သူ့အသံက နည်းနည်းထန်နေသလားလို့။ ကျွန်တော်စိတ်ထင်တာပဲဖြစ်မှာပါ။ ကျွန်တော့်ကိုချစ်သလားလို့ သူ့ကိုဗြုန်းစားကြီး မေးလိုက်ချင်တာလေ....။ ဒါပေမယ့် အဆင့်အတန်း...၊ အသက်အရွယ်...၊ နောက်ပြီး လူမျိုး... ၊ တန်ဖိုး....၊ ကိုယ်ကျင့်သိက္ခာ....၊ အဲ့ဒါတွေရဲ့ နောက်ဆုံးမှာ “အချစ်”လား...။

(၉) ကျွန်တော်ပြောချင်တဲ့ စကားလုံးပေါင်းမြောက်များစွာကို ဘယ်လိုကနေ ဘယ်လို ကျွန်တော်စီကာပတ်ကုံး ပြောရမယ်မှန်းမသိဘူး။ ကျွန်တော် သိပ်တုံးသိပ်အ, တာပဲ။ ကျွန်တော့်ကိုယ် ကျွန်တော်မုန်းတယ်။ သူ ကျွန်တော့်လက်တွေကိုလွှတ်ပြီး ချာခနဲ ဟိုတယ်လ်ဘက်ကို လှည့်သွားတဲ့အခါမှာတော့ “K.. K.. Keep warm. Sleep tight!” ဆိုတဲ့ စကားနှစ်ခွန်း ခလုတ်တိုက်ပြီး ကျွန်တော့်ပါးစပ်ကထွက်သွားတယ်။ အထစ်ထစ်အငေါ့ငေါ့။ ထပ်ထွက်မလာတော့ဘူး။ ပြောတယ်။ လုံးဝ ထွက်မလာဘူး။ မေးတွေက တရစပ်တုန်နေတယ်။ ခြေထောက်တွေပါ တဆတ်ဆတ်ဖြစ်လာတယ်။ သူက လှည့်ကြည့်တယ်ဆိုရုံလေးနဲ့ “You too.” တဲ့။ ကျွန်တော်လက်ပြတယ်။ Lobby ထဲဝင်တဲ့ မှန်တံခါးထဲကနေ သူကျွန်တော့်ကို လက်ပြန်ပြတယ်။ ပြီးတော့ မြင်ကွင်းကနေပျောက်သွားတယ်။ သူ့ကို ကြည့်ရတာ ဘာမှမခံစားရသလိုပါပဲလား..။ သူ့ထုံးစံ အတိုင်း ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်။ ကျွန်တော် လေးကွေးထှိုင်းမှိုင်းနေသလောက် သူကတော့အမြဲသွက်လက်တက်ကြွလို့..။ အခုလေးတင် ကျွန်တော်ရှေ့တည့်တည့်မှာရှိနေသေးပြီး မျက်တောင်တစ်မှိတ်မှာပဲ မရှိတော့ဘူး။ သြော်.. ဥရောပသူ ဒေါက်တာမကြီးရယ်....။

2အဲ့ဒီနေရာကနေ ကျွန်တော်တစ်ဖဝါးမှ မခွာမိဘူး။ လှုပ်တောင် တုပ်တုပ်မလှုပ်ဝံ့ဘူး။ ဘာဖြစ်လို့ ဆိုတာလည်း ကျွန်တော်ကိုယ်တိုင်နားမလည်ဘူး။ ရှက်ရွံ့၊ အားငယ်၊ ယောင်ချာ၊ ကြောင်စီ၊ ပူပင်၊ ငေးဆွေး၊ နှေးကွေး၊ နောက်ထပ် ဘယ်စကားလုံးနဲ့မှ နှိုင်းယှဉ်မပြတတ်ဘူး။ ကျွန်တော်ဘာကို ထိတ်နေတာလဲ၊ ဘာကိုကြောက်နေတာလဲ၊ ဘာကိုရွံ့နေတာလဲ၊ ဘာကိုစိုးနေတာလဲ၊ ဘာကို...... ဘာအတွက်...... ဘာလို့........??? ဟူး.........။ ကျွန်တော့်လို ငတုံးတစ်ယောက်အတွက် မေးခွန်းတွေက မိုးရေစက်တွေနဲ့အမျှ များပြားခဲစက်နေစေတော့တယ်။ ခုချိန်မှာကျွန်တော် သတိရတောင့်တနေမိတာက ကျွန်တော့်ကိုလောလောဆယ် လုံခြုံအောင် မိုးမပေးနိုင်ရှာတဲ့ အိမ်မှာကျန်ရစ်ခဲ့တဲ့ ထီးလေးရယ်ပါ...။

(၁၀) ကျွန်တော်အိမ်ကို ဘယ်လိုပြန်ရောက်ခဲ့သလဲ မသိခဲ့ပါ။ ဘယ်အချိန်ပြန်ရောက်ခဲ့သလဲ မသိခဲ့ပါ။ ဘယ်လမ်းတွေကဖြတ်လာပြီး ဘယ်ယာဉ်နဲ့ပြန်ရောက်ခဲ့သလဲ မသိခဲ့ပါ။ ပြီးတော့.. ကျွန်တော် ဘယ်နှစ်ရက် အိပ်ပျော်သွားခဲ့သလဲ မသိခဲ့ပါ။ ကျွန်တော်သိတာက... ကျွန်တော့်ဘေးမှာ ပူပန်ကြောင့်ကြတဲ့ မျက်နှာတွေနဲ့ ကျွန်တော့်မိသားစု။ သူတို့ရဲ့အနောက် နံရံမှာချိတ်ထားတာက ခြောက်သွေ့ တွန့်ကြေနေပြီဖြစ်တဲ့ Adidas အိတ်အနက်ကလေး။ ကျွန်တော့်အိပ်ရာဘေးမှာက တွန့်လိမ်စုတ်ပြတ်နေတဲ့ စာအုပ်တချို့။ “ထီး.. ထီး..” လို့ ကျွန်တော် အလန့်တကြားရေရွတ်မိတော့ မေမေက ကျွန်တော်ဆောင်နေကျ ဖဲထီးလေးကိုကမ်းပေးတယ်။ ကျွန်တော်ဆွဲယူလိုက်ပြီး ရင်ခွင်ထဲမှာ တအားပွေ့ဖက်ထားလိုက်မိတော့တယ်။

သီတင်းပတ်နည်းနည်းတော့ ကြာသွားခဲ့ပြီ။ ရန်ကုန်လမ်းညွှန်ထဲက ဖုန်းနံပါတ်နဲ့ Sedona က receptionist တစ်ယောက်ကို မေးမြန်း ကြည့်တယ်။ ထင်တဲ့အတိုင်း သူ ဟိုတယ်လ်မှာ မရှိတော့ပါဘူး။ တစ်စုံတစ်ခုများ စကားချန်သွားမလားလို့ သေချာမေးပါတယ်။ ကျွန်တော် ဘယ်သူဘယ်ဝါဆိုတာ ပြောကြည့်ပါတယ်။ ထူးမခြားနားပါပဲ။ ကျွန်တော်ဖုန်းပြောနေရင်းက လက်တွေတုန်လာပြန်ပါတယ်။ စိတ်ထဲမှာလည်း နင့်ခနဲဖြစ်သွားတယ်။ တဆက်တည်းမှာ ရင်ဘတ်ထဲကနေ တဒုတ်ဒုတ်မြည်လာပါတယ်။ ကျွန်တော် ဘာဖြစ်တာလဲမသိ..။ ဖုန်းမပြောခင်က နှစ်နာရီလောက် ကြိုစဉ်းစားထားပြီးဖြစ်တဲ့ သူ့အတွက် ကျွန်တော့်ဖုန်းနံပါတ်လေး ချန်ပေးခဲ့မယ်ဆိုတဲ့အတွေးက မြွေလာဖားပျောက် ဖြစ်သွားတယ်။ ကျွန်တော် မျက်လုံးတွေကို တအားမှိတ်ပစ်လိုက်ပြီး ကျေးဇူးတင်စကားတောင် မပြောဖြစ်တော့ဘဲ ဖုန်းခွက်ကို ချလိုက်မိတယ်။ မျက်လုံးပြန်ဖွင့်ဖွင့်ချင်း လှမ်းကြည့်မိလိုက်တာက ကျွန်တော့်စာရေးစားပွဲပေါ်က ဖဲသားခေါက်ထီးလေး။
ကျွန်တော့် ညာလက်ဖဝါးက ကျွန်တော့်နဖူးပြင်ကို အမှတ်တမဲ့ ယောင်ယမ်းပြီးစမ်းလိုက်မိပါတယ်။ တခါတရံစကားလုံးတွေက နိမိတ်ကြိုတွေ ဖြစ်ဖြစ်သွား စေတတ်ပါသလား။


“Raindrops keep fallin' on my head
But that doesn't mean my eyes will soon be turnin' red”

အဲ့ဒီသီချင်းကို ကျွန်တော် ဒီနေ့ထိ မကြိုက်သေးဘူး။
8
နိဂုံး ___ စိတ်ကူးယဉ်ဆန်တာ အပြစ်မဟုတ်ပါဘူး။ တိုက်ရိုက်အချိုးကျစွာပဲ အပြစ် (သို့မဟုတ်) ရွံ့နောင်တဆိုတာမျိုးက ကိုယ့်ရဲ့ဘဝရာဇဝင်ကျမ်းမှာ အနည်းဆုံး စာမျက်နှာတစ်ခုစာတော့ ရှိနေတတ်ပါတယ်။ ကျွန်တော့်ခံစားချက်တွေ အနာကျက် သွားပေမယ့် ဒီကနေ့ထိ ကျွန်တော့်နှလုံးသားထဲက အချစ်စစ်အတွက်တော့ ကျွန်တော် လိပ်ပြာလုံစွာနဲ့ ဆစ်ခနဲနာကျင်တတ်ဆဲပါ။    ။


Craton

Tuesday, December 31, 2013

နှင်းဆီနီနီ သက်သေတည်လျက်(ပရလောက)

Craton
ည ၁၂ နာရီ ၁၀ မိနစ်။ မိုးရွာပြီးစ ပတ်ဝန်းကျင်သည် အေးမြလတ်ဆတ်လို့နေသည်။ တစ်ပြန့်တစ်ပြော ကွင်းပြင်ကျယ်တို့ဆီမှ ဖြတ်၍တိုက်ခတ်လာသော လေတဖြူးဖြူးကြောင့် သစ်ခက်သစ်ရွက်များမှ မြက်ပင်များအဆုံး သံစဉ်တစ်ခုလို တညီတညာထုတ်လွှင့်ရင်း ညီညာစွာယိမ်းနွဲ့သွားကြသည်။ တစ်ညလုံး သည်းသည်းမဲမဲ ရွာနေခဲ့သောမိုး ယခုမှတိတ်စပြုသည်။ လကထိန်ထိန်သာနေသည်။ ဗညားတစ်ယောက် လမ်းသွယ်လေးနံဘေးရှိ ကုက္ကိုလ်ပင်အောက်၌ မတ်တပ်ရပ်နေခဲ့သည်မှာ ၁၀ မိနစ်ခန့်ရှိပြီဖြစ်သည်။ စက်ရပ်သွားသောကားကို တတ် သလောက်မှတ်သလောက် စက်ဖုံးဖွင့်ဟိုကြည့်ဒီကြည့်လုပ်နေသည်မှာလည်း ၁၀ မိနစ်ခန့်ရှိပြီ။ တုန်ရီစွာဖြင့် ကားထဲမှအပေါ်အင်္ကျီကိုဆွဲယူလိုက်သည်။ ဘတ္ထရီမရှိတော့သော လက်ကိုင်ဖုန်းကို စိတ်မရှည်စွာ စိုက်ကြည့်မိသည်။ တစ်လမ်းလုံး ပျင်းပျင်းရှိဖုန်းချည်း လှိမ့်ပြောနေမိခဲ့သော ကိုယ့်ကိုယ်ကိုလည်းဒေါသထွက်နေသည်။

ထိုစဉ် မျက်လုံးထောင့်နားမှ အသွင်ကွဲသောအရိပ်တစ်ခုကို ဖျက်ခနဲမြင်လိုက်မိသလိုရှိသဖြင့် ခေါင်းကိုဆတ်ခနဲ အလျင်အမြန်လှည့်ကြည့်လိုက်မိသည်။ ပန်းနုရောင်ထီးရှည်တစ်လက်ကိုလက်မှာ ချိတ်ထားပြီး ဘယ်အချိန်ကတည်းက သူ့အနားရောက်နေသည်မသိသော မိန်းကလေးတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရသဖြင့် တွန့်ခနဲဖြစ်သွားသည်။

"မင်း.. ဘယ်သူလဲ။ ဒီအချိန်ကြီး ဒီနားကိုဘာလာလုပ်တာလဲ"


"ရှင်တော်တော်ချမ်းနေပြီထင်တယ်။ ကျွန်မက ဟိုးမှာမြင်နေရတဲ့အိမ်က။ အိမ်ပေါ်ကနေလမ်းဖက်ကိုကြည့်မိတုန်း မိုးသည်းကြီးထဲမှာ ကားတစ်စီးဆိုက်တာမြင်လိုက်တယ်။ ခဏနေတော့ ရှင်ထွက်လာပြီးဟိုကြည့်ဒီကြည့် ကားကိုဟိုလိုလုပ်ဒီလိုလုပ်နဲ့မြင်လို့ အခက်အခဲတစ်ခုခု ဖြစ်နေမယ်ထင်တာနဲ့လာမေးတာပါ။ ကားပျက်သွားလို့လား"

"ဟုတ်တယ်။ ဒီနားမှာကားပြင်တဲ့ ၀ပ်ရှော့တွေဘာတွေမရှိဘူးလား"

မိန်းကလေးက သိမ်မွေ့စွာတစ်ချက်ရယ်လိုက်သည်။

"ရှင့်နှယ်။ ဒီလိုနေရာကြီးမှာ ၀ပ်ရှော့ရှိမလားရှင့်။ အနီးဆုံးမြို့က ဓာတ်ဆီဆိုင်တောင် ဒီကနေ၁၀မိုင်ကျော် မောင်းရဦးမှာ"

"ဟုတ်လား။ ဒုက္ခပဲကွာ။ ဒီနားကျမှ ကားကစက်ရပ်ရတယ်လို့။ တစ်လမ်းလုံးမောင်းလာတာ အကောင်းကြီးကို"

"သြော်.. ရှင်ကလည်း စက်ပစ္စည်းပဲဟာ.. ပျက်ချင်ပျက်မှာပေါ့"


"ထားပါတော့။ မင်းအိမ်မှာတယ်လီဖုန်းရှိလား။ ကျွန်တော့်အိမ်ကိုအကြောင်းကြားချင်လို့။ သူငယ်ချင်းတွေလည်းစိတ်ပူနေလောက်ပြီ။ အခုထိမရောက်လာသေးရင် အိမ်ကလည်းသူတို့အိမ်ကို ဖုန်းတဂွမ်ဂွမ်ခေါ်နေမှာ"

"မရှိဘူးရှင့်။ ကျွန်မက ဒီမှာငယ်ငယ်လေးတည်းက အဒေါ်နဲ့နှစ်ယောက်တည်းနေလာတာ။ ဘယ်သူနဲ့မှလည်း အဆက်အသွယ်လုပ်ဖို့မရှိဘူး။ ဖုန်းပြောစရာလူလည်းမရှိဘူး"

"မဟုတ်သေးဘူးလေ။ မိန်းမသားနှစ်ယောက်တည်းနေတာ ဒီလိုနေရာကြီးမှာ တစ်စုံတစ်ခုအန္တရာယ်တွေဘာ တွဖြစ်ရင် ဘယ်လိုလုပ်မလဲ။ အရေးပေါ်ဆို ရဲစခန်းတို့၊ ဆေးရုံတို့ ဘာတို့လောက်တော့ ဆက်သွယ်ရမယ်မဟုတ်ဘူးလား"

"ဟင့်အင်း။ ဒါတွေမလိုပါဘူး။ ဘယ်သူမှလည်း ကျွန်မတို့ကိုနှောင့်ယှက်ကြမှာမဟုတ်သလို ကျွန်မတို့လည်း ဘာမှဖြစ်မှာမဟုတ်ဘူးလေ။ နေထိုင်မကောင်းဖြစ်လည်း အိမ်မှာဘိုးဘွားတွေထားခဲ့တဲ့ ဆေးမျိုးစုံအဆင်သင့်ရှိပြီးသား"

"မင်းတို့ကတစ်မျိုးပါလား။ ဒီလိုခေတ်ကြီး ဒီလိုနေရာမှာနေနိုင်တာအံ့သြပါရဲ့ဗျာ"

"ဒါတွေထားပါတော့။ ရှင်ကဘယ်ကိုသွားမလို့လဲ။ ပြီးတော့ ကားလမ်းမကြီးပေါ်ကမမောင်းဘဲ ဒီဖြတ်လမ်းကဘာလို့လာရတာလဲ။ ရှင်လမ်းသိလို့လား"

"အင်း ရန်ကုန်သွားမလို့။ ဒီလမ်းကိုအရင်တစ်ခေါက်လာတုန်းကမောင်းဖူးတယ်။ ဒီလိုညဘက်ကြီးပဲ။ အရေးကြီးကိစ္စရှိလို့သူငယ်ချင်းတစ်ယောက်နဲ့အတူလာတာ။ အဲဒီတုန်းကတော့ ဖြောင့်ဖြောင့်ဖြူးဖြူးပါပဲ"

"သြော်.. ဖြစ်မှတော့မတတ်နိုင်ဘူးလေရှင်။ ဒါဆို ရှင်ဒီညဘယ်လိုလုပ်မှာလဲ။ မနက်မှလမ်းမဘက်ထွက်ပြီး ကားတစ်စီးစီးတားကြည့်ပေါ့။ ဒီအချိန်ကြီးကတော့ ကားတွေရှိမယ်မထင်ဘူး။ ရှိရင်တောင်ရပ်ပေးမှာမဟုတ်ဘူး။ ရှင်ဒီတစ်ညတည်းဖို့တော့ ကျွန်မအိမ်မှာခွင့်ပြုနိုင်ပါတယ်။ ရှင်တည်းချင်ရင်ပေါ့"

"ဟာ.. အတိုင်းထက်အလွန်ပေါ့။ ဘယ်နှယ့်မတည်းချင်ရမလဲဗျာ။ မင်းကရုပ်ကလေးလှသလောက် သဘောကလည်းအကောင်းသားကိုး"

"တော်ပါရှင်။ ကဲ.. လာလာ ကားထဲမှာရှင်ယူစရာရှိတာယူပြီးသာ ကျွန်မနောက်ကလိုက်ခဲ့။ အိမ်ဘက်သွားတဲ့လမ်းကတော့ နည်းနည်းရွှံ့ထူတယ်နော်။ ရှင်သတိထားပြီးလျှောက်"

"ရပါတယ်။ မင်းတောင်ဒီရောက်အောင်လာနိုင်သေးတာ။ ကျွန်တော်ကဘာလို့မလျှောက်နိုင်ရမှာလဲ"

တိတ်ဆိတ်မှောင်မိုက်သောလယ်ကွင်းပြင်များကြား၌ ဖားအော်သံ၊ လေတိုက်သံတို့မှအပ ကန်သင်းသာသာ လမ်းကျဉ်းလေးပေါ်၌ သူတစ်ဦးတည်း၏ လမ်းလျှောက်သံတစ်သံတည်း ထွက်နေသလားဟု ဗညားစိတ်ထဲထင်နေမိသည်။ ဂျင်းဘောင်းဘီရှည်ကိုခေါက်ထားလျက်မှပင် ရွှံ့ပေမှာစိုးသဖြင့် လက်တစ်ဖက်နှင့်မ၍ လက်တစ်ဖက်ကခရီးဆောင်အိတ်ကိုကိုင်ကာ ရှေ့မှလက်ဆွဲမီးအိမ်တစ်လုံးဖြင့် တည်ငြိမ်စွာသွားနေသော မိန်းကလေးနောက်သို့လိုက်ခဲ့လေတော့သည်။ လရောင်ကြောင့် ပတ်ဝန်းကျင်ရှိလယ်ကွင်းများကို ဗညားကောင်းစွာမြင်နိုင်သည်။ အနီးအနားတွင် တောအုပ်ခပ်သေးသေးနှင့် လယ်ကွင်းများမှတစ်ပါး လူနေအိမ်များရှိဟန်မတူ။

အိမ်နားရောက်မှလရောင်ကိုမှီပြီးသေချာကြည့်မိတော့သည်။ ခမ်းနားလိုက်သည့်အိမ်။ ခြံနှင့်ဝန်းနှင့်ဟုမဆိုသာသော်လည်း အတန်ကျယ်ကျယ် အိမ်ပတ်လည်၌ တံတိုင်းမြင့်မြင့်ဝင်းခတ်ထားသဖြင့် တော်ရုံလူစိမ်းဖြစ်စေ၊ တိရစ္ဆန်တစ်ကောင်တစ်လေဖြစ်စေ အထဲသို့ဘယ်နီးနှင့်မျှမ၀င်သာချေ။ နှစ်ထပ်အိမ်ဆိုသော်ငြား အခန်းများစွာ ပါဝင်ဟန်မတူဘဲ ပြတင်းတံခါးများလည်းသိပ်မရှိချေ။ ရှေးဆန်ဆန်အိမ်ပုံစံဖြစ်ပြီး ဆောက်ထားသည်မှာ အတော်ကြာနေပြီဖြစ်ကြောင်းလည်း ကြည့်ရုံနှင့်သိနိုင်သည်။ အပေါ်ထပ်က အခန်းတစ်ခန်းနှင့် အောက်ထပ်တို့မှ ခပ်မှိန်မှိန်မီးရောင်လဲ့လဲ့တို့သာ လရောင်ဖွေးဖွေးအောက်၌ မှုန်တရီလှမ်းမြင်လိုက်သည်။ ဒီလိုနေရာမျိုး၌ ဤမျှလှပရှေးဆန်သော အိမ်ကြီးအိမ်ကောင်းတစ်လုံးရှိနေလိမ့်မည်ဟု ဗညားတစ်ခါမှမထင်ခဲ့။ တောအုပ်အစပ် လယ်ကွင်းပြင်၌ အိမ်ကောင်းကောင်းတစ်လုံးဆောက်၍တသီးတခြားနေထိုင်သည်မှာ အတော်ထူးခြားသောအချက်လည်း ဖြစ် သည်။

အိမ်၏ဧည့်ခန်းနံရံ၌ အဖိုးတန်ပန်းချီကားများ၊ ရှေးအဘိုးအဘွားတို့ဖြစ်ဟန်တူသော ပုံတူပန်းချီများချိတ်ဆွဲထားသည်။ အောက်လင်းဓာတ်မီးအရွယ် မီးအိမ်ခပ်ငယ်ငယ်တစ်လုံးသာ ဧည့်ခန်း၌ထွန်းထားသည်။ လျှပ်စစ်မီးရှိပုံမပေါ်သဖြင့် လက်ကိုင်ဖုန်းကိုအားသွင်းရန် ဗညားမေးမနေတော့ချေ။ ပန်းကနုတ်တို့ဖြင့်ပုံဖော်ထားသောစားပွဲ၊ ကုလားထိုင်၊ သစ်သားပန်းအိုး၊ တံခါးဘောင်၊ လှေကားလက်ရမ်းကအစ အရာရာအသစ်အဆန်းများသဖွယ် ဗညားတစ်အိမ်လုံးနေရာအနှံ့လိုက်ကြည့်နေမိသည်။ ရုတ်တရက် ပန်းအိုးဆီကိုဟာခနဲပြန်ကြည့်မိသည်။ ရဲလိုက်တဲ့နှင်းဆီတွေ။ အနီရောင်နှင်းဆီအများအပြား ဗညားတွေ့ခဲ့ဖူးသည်။ ဤမျှလောက်တော့ရဲရဲတောက်မနေ။ မှုန်ပျပျအလင်းရောင်၌ပင် နှင်းဆီတို့၏အရောင်မှာ ရဲတောက်ထင်ရှားလွန်းလှသည်။ နှင်းဆီအစစ် မဟုတ်သလိုပင်.. ။

"ကဲ.. ကိုဘယ်သူ.."

"ဗညားပါ.. မင်းက.."


"ပန်းအိလို့ခေါ်နိုင်ပါတယ်.. ရှင့်အတွက် အခန်းအဆင်သင့်ဖြစ်ပြီ။ ရှင်ထမင်းစားပြီးပြီလား။ ဗိုက်ဆာနေရင် ဒေါ်ကြီးကို ကျွန်မတစ်ခုခုစီစဉ်ခိုင်းလိုက်မယ်"

"ဟာ.. နေပါစေ။ ရပါတယ် မစားတော့ပါဘူး"

"မစားတော့ပါဘူးဆိုတည်းက ရှင်ဗိုက်ဆာနေတာသေချာပြီ။ ဒေါ်ကြီးရေ.. ဧည့်သည်အတွက် ညလယ်စာလေး တစ်ခုခုလုပ်ပေးပါဦး"

"ဒါနဲ့ မပန်းအိတို့က ဒီအိမ်ကြီးမှာ တကယ်နှစ်ယောက်တည်းနေတာလား။ တခြားအိမ်သားတွေမရှိဘူးလား။ ဆွေမျိုးတွေကရော ဒီနားမှာပဲနေကြတာလား"

"ရှင်တော်တော်စပ်စုတာပဲနော်။ သြော်.. တစ်လက်စတည်း ရှင့်ကိုမှာထားရဦးမယ်။ ညဘက်ကို အိပ်မပျော်လို့ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် လသာတယ်ဆိုပြီး အိမ်ထဲကအိမ်ပြင်မထွက်နဲ့နော်"

"ဘာဖြစ်လို့လဲမပန်းအိ"

"သြော်.. ရှင်က ဒီနေရာလည်း သွားတတ်လာတတ်တာမဟုတ်ဘဲနဲ့ ။ မြွေပါးကင်းပါးနဲ့လေ"

"ခြံထဲတောင် လမ်းဆင်းလျှောက်လို့မရဘူးလားဗျာ"

"အင်း.. ဖြစ်နိုင်ရင် ထွက်မလျှောက်ပါနဲ့လား။ အခန်းထဲမှာပဲ အ၀တ်အစားလဲပြီး အေးအေးသက်သာနားပါရှင်"

"ကျွန်တော်တော့ ဘာမှနားမလည်နိုင်တော့ဘူးဗျာ.. မပန်းအိတို့ကတစ်မျိုးပဲနော်။ ဒါနဲ့ .."

"ဒေါ်ကြီးရေ.. အဆင်သင့်ဖြစ်ပြီလား"

ဒေါ်ကြီးဆိုသူထံမှ ဘာသံမျှထွက်မလာ။ ခေါင်းသာဆတ်ခနဲညိတ်ပြလေသည်။

"ကဲ.. ကိုဗညား.. ထမင်းစားခန်းထဲကြွပါနော်"

"ဟုတ်ကဲ့ ဟုတ်ကဲ့"


ဗညားတစ်ယောက် အတွေးပေါင်းမြောက်များစွာနှင့် ထမင်းစားခန်းရှိရာထသွားသည်။ မပန်းအိကတော့ ဧည့်ခန်းထဲမှာသူ့ကိုပြုံးပြရင်းကျန်ရစ်ခဲ့သည်။ ထမင်းစားပွဲအနီးတွင် ဖယောင်းတိုင်များ အနှံ့ထွန်းထားသည်။ သီတင်းကျွတ်ရောက်သဖြင့် မီးထွန်းထားသည့်နှယ်ပင်။ နေရာအနှံ့တွင်ဖြစ်သည်။ ဒေါ်ကြီးဆိုသူမှာ အသက်အတော်ကြီးပုံမပေါ်သေး။ ၄၀ကျော်၊ ၅၀ နီးပါးမျှသာရှိဦးမည်ထင်သည်။ ဗညားထမင်းစားပွဲတွင်ထိုင်လိုက်သည်နှင့် ဒေါ်ကြီးအခန်းထဲမှထွက်သွားသည်။ ဧည့်ခန်းတွင်ထိုင်နေသောမပန်းအိ ဒေါ်ကြီးနှင့်စကားတိုးတိုးပြောနေသည်ဟု ဗညားထင်မိသည်။ သူများအရေးကိစ္စမို့ ရိုင်းရာကျမည်စိုးသဖြင့် လှည့်မကြည့်ဖြစ်ပေ။

ချမ်း၍ကတစ်ကြောင်း၊ ဗိုက်အတော်ဆာနေသည်ကတစ်ကြောင်း စားပွဲပေါ်၌ချထားသော ထမင်း၊ ဟင်းများကို ဗညားအားပါးတရစားပစ်လိုက်သည်။ ထမင်း၊ ဟင်းများမှာ အံ့သြဖွယ်ရာ အငွေ့တထောင်းထောင်းထနေ၍ စားလို့အလွန်ကောင်းလှသည်။ ဧည့်သည်လာမည်သိ၍ ကြိုတင်စီစဉ်ချက်ပြုတ်ထားသလားပင်ထင်ရသည်။ ဟင်းအမယ်များမှာလည်း ချက်ချင်းစီစဉ်လိုက်ရဟန်မတူဘဲ အဖွယ်မျိုးစုံလင်လှသည်။ စားကောင်းကောင်းဖြင့် အားမနာတမ်းစားမိပြီးမှ အနောက်သို့လှည့်ကြည့်မိသည်။ ဒေါ်ကြီးဆိုသူမှာ အခန်းထောင့်တွင်မတ်တပ်ရပ်လျက် သူ့ကို ခပ်စူးစူးစိုက်ကြည့်နေသည်။ ဗညားထိတ်ခနဲဖြစ်သွားသည်။

သူ့အနားရောက်လာ၍ စားပြီးသားပန်းကန်များကိုသိမ်းဆည်းသည်။ စကားတစ်ခွန်းမျှမပြောပေ။ အားနာသဖြင့် ပန်းကန်ဝင်ဆေးပေးရန်လုပ်တော့ သူ့ဟာသူလုပ်မည်ဟု လက်ဟန်အမူအရာနှင့်ပြောတော့မှ စကားပြောတတ်ဟန်မတူမှန်း ဗညားသိလိုက်သည်။ သို့ဖြင့် မပန်းအိရှိရာဧည့်ခန်းသို့သပြန်ထွက်လာခဲ့တော့သည်။ မပန်းအိက ဖယောင်းတိုင်တစ်တိုင် အနားမှာထား၍ ဇာပန်းထိုးနေသည်။ သူထိုင်ပြီးအတော်ကြာသည့်တိုင် အရာရာတိတ်ဆိတ်လွန်းနေသဖြင့် ဗညားစိတ်ထဲတစ်မျိုးဖြစ်နေသည်။ တစ်ခုခုလောကွတ်စကားပြောရန် စကားအစလိုက်ရှာသည်။ ထိုစဉ်မှာပင် မျက်လုံးကိုအပေါ်ပင့်၍ ကျနော့်ကိုပြုံးပြရင်း မပန်းအိကစကားဆိုသည်။

"ရှင်အိပ်ချင်နေပြီလား ကိုဗညား။ ထမင်းစားခန်းဘေးကပ်လျက်က ဟိုအခန်းပဲ။ ရှင်နားချင်သွားနားတော့လေ။ အ၀တ်အစားလေးဘာလေးသွားလဲပေါ့။ အအေးပတ်နေဦးမယ်"

ဆက်ထိုင်နေရန်မသင့်တော့၍ "ဟုတ်ကဲ့ မပန်းအိ" ဟုဆိုကာ အခန်းထဲဝင်သွားလိုက်သည်။ အခန်းမှာ အတော်အသင့်ကျယ်၍ သက်တောင့်သက်သာရှိသည်။ ခုတင်၊ စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံး၊ အ၀တ်ဗီရိုတစ်ခု၊ စာအုပ်စင်တစ်ခု၊ စာအုပ်အနည်းငယ်လည်းရှိသည်။ တစ်ယောက်ယောက် ဤအခန်း၌နေခဲ့ဖူးဟန်တူသည်။ စားပွဲပေါ်၌ နှင်းဆီရဲရဲသုံးပွင့်ထိုးထားသော ပန်းအိုးတစ်လုံးနှင့် မီးအိမ်တစ်လုံးလည်းရှိသည်။ အ၀တ်အစားလဲပြီးနောက် အိပ်ချင်စိတ်မရှိသေးသည်နှင့် စာအုပ်စင်မှ စာအုပ်တစ်အုပ်အုပ်ယူဖတ်ရန်စိတ်ကူးမိသဖြင့် စာအုပ်များကိုကြည့်မိသည်။ အလွန်ရှားပါးလှသောဆေးကျမ်းများ၊ အရှေ့တိုင်းဘာသာနှင့်ပတ်သက်သောစာအုပ်များ၊ နိုင်ငံခြားစာအုပ်အတော်များများနှင့် ဒိုင်ယာရီသဖွယ် အင်္ဂလိပ်ဘာသာဖြင့်မှတ်စုရေးထားသော စာအုပ်အချို့ကိုတွေ့ရသည်။ အတန်ကြာ ဟိုလှန်ဒီလှောလျှောက်ကြည့်ပြီးမှ အိပ်ချင်လာသဖြင့် ခုတင်ပေါ်မှာလှဲချလိုက်သည်။

သင်းပျံ့ပျံ့ရနံ့တစ်ခုက နှာခေါင်းထဲဝင်လာသည်။ စူးရှရှမျိုးမဟုတ်ဘဲ သင်းရုံသာသင်းသောရနံ့။ နှင်းဆီပန်းများဆီမှထင်သဖြင့် လှမ်း၍နှင်းဆီပန်းများကိုနမ်းကြည့်သည်။ မဟုတ်သေးချေ။ ဤနှင်းဆီများ၌ ရနံ့ရောရှိရဲ့လားဟုထင်ရအောင်ပင် ဘာနံ့မျှမထွက်ပေ။ အနံ့မရှိသောနှင်းဆီနီနီများကို အတန်ကြာ ဗညားစိုက်ကြည့်နေမိသည်။ သူနေထိုင်ကျင်လည်ခဲ့သော ပတ်ဝန်းကျင်ဘ၀နဲ့ အကွာကြီးကွာခြားနေသလိုခံစားမိသည်။ တစ်ခြားကမ္ဘာတစ်ခုသို့ ရောက်နေသလိုပင်။

ထိုသင်းပျံ့ပျံ့ရနံ့ကို ဗညားစိတ်ဝင်စားသည်။ မည်သည့်နေရာမှထွက်လာသည်ကို သိချင်လာသည်။ ရှူလိုက်လေ ပိုသင်းပျံ့လာလေဖြစ်သဖြင့် အိပ်ချင်စိတ်ပင်မရှိတော့။ အပြင်ဘက်မှထင်သဖြင့် ပြတင်းပေါက်လည်းမရှိဘဲ ဘယ်ကဘယ်လိုဝင်လာသည့်အနံ့ပါလိမ့်ဟုလည်း တွေဝေနေသည်။ မတ်တပ်ရပ်လိုက်ပြီး အခန်းအပြင်ထွက်ရန်စဉ်းစားမိသည်။ မပန်းအိတို့အိပ်ကြပြီလားမသိပေ။ အခန်းတံခါးကိုအသာဟကြည့်တော့ ဧည့်ခန်း၌မည်သူမျှရှိဟန်မတူတော့။ မှောင်မည်းတိတ်ဆိတ်နေသည်။ အိမ်ရှေ့တံခါးမကြီး ဘယ်နားမှာရှိမှန်းလည်းမသိချေ။

အခန်းထဲမှ မီးအိမ်လေးကိုယူကာ ဗညားအခန်းပြင်ထွက်လိုက်သည်။ မည်သူမျှမရှိ။ အပေါ်ထပ်တွင် မပန်းအိတို့တက်အိပ်နေကြပြီထင်သည်။ ဧည့်သည်သူစိမ်းသက်သက်ဖြစ်၍ ဟိုသည်လျှောက်ကြည့်ရန်မှာလည်း သင့်မှသင့်တော်ပါ့မလားဟုတွေးမိသည်။ သင်းပျံ့ပျံ့ရနံ့က ပို၍ပင်နီးကပ်လာသလိုလို။ ပန်းနံ့လည်းမဟုတ်။ တီးတိုးသံလိုလို၊ လေတိုက်သံလိုလို နားထဲ၌ကြားမိသည်။ ခြံထဲမှ တစ်စုံတစ်ခုဆီကဖြစ်လိမ့်မည်ဟု ဗညားယုံကြည်လိုက်သည်။ ဖြစ်ချင်ရာဖြစ်သဘောထား၍ တံခါးမကြီး၏ မင်းတုံးနှင့်အပေါ်တံခါးချက်ကို အသံမမြည်အောင်ဖွင့်လိုက်သည်။

လွတ်လပ်စွာ ရုတ်တရက်အဟုန်ဖြင့်တိုးဝှေ့လာသော လေတစ်ချက်ကြောင့် ဗညားကြက်သီးများပင်ထသွားသည်။ ခြံထဲဘက်သို့ခေါင်းပြူကြည့်တော့ သစ်ပင်၊ ပန်းပင်အချို့ကိုလရောင်အောက်၌ အတိုင်းသားမြင်ရသည်။ ခြံထဲသို့ဗညားဆင်းခဲ့သည်။ တံခါးဝကို အသာခပ်ဟဟထားခဲ့သည်။ ခြံမှာသိပ်မကျယ်လှပေ။ သူဝင်လာစဉ်က သေချာမကြည့်မိခဲ့။ အိမ်၏တောင်ဘက်၌ (အကြော်ပင်ဟုတချို့ခေါ်ကြသည့်) တရုတ်စကားပင်ကြီးတစ်ပင်ရှိသည်။ ကြီးမားလွန်းလှသဖြင့် မော့ကြည့်၍ပင် သစ်ရွက်အုပ်အုပ်များကိုဖြတ်၍ လရောင်ကိုမမြင်နိုင်။ ဖွေးဖွေးလှုပ်နေသော စကားပန်းများမှ ရနံ့သင်းသင်းတို့က ဗညား၏စိတ်ကိုလန်းဆန်းစေသည်။ သစ်ပင်အောက်တွင် ခဏထိုင်မည်ရှိသေး စောစောကရသောအနံ့မှာ စကားပန်းနံ့မဟုတ်မှန်း သတိရလိုက်သဖြင့် ထိုအနံ့ထွက်ရာနေရာကို ခြံထဲတွင်လိုက်ရှာမိသည်။

ရွက်လှပင်၊ သနပ်ခါးပင်၊ ဆိတ်ဖလူးပင်၊ ရွက်ကျပင်ပေါက်နှင့် တမင်ပျိုးယူထားဟန်တူသော မြက်ပင်များ...။ ပန်းနံ့တို့ရောထွေးနေ၍ လိုက်ရှာနေသောအနံ့ကိုပင်မမှတ်မိတော့။ ယခင်ကလောက်လည်း အနံ့ကနီးကပ်မလာတော့။ အနံသိပ်မကျယ်လှသော ခြံဝင်းဖြစ်သဖြင့် အိမ်၏တောင်ဘက်ခြံထောင့်နားထိပင် ဗညားရောက်သွားသည်။ သင်းပျံ့ပျံ့ရနံ့ထွက်ရာနေရာကိုရှာမတွေ့သေး။ ထို့နောက် ခြံလည်းဆုံးနေပြီဖြစ်သဖြင့် အိမ်ဘက်သို့ပြန်လျှောက်ဖို့အလုပ် စောစောကစကားပင်ကြီး၏အနောက်ဘက်တွင် တစ်စုံတစ်ခုဖောင်းကြွနေသည်ကို မြင်လိုက်မိသည်။ မြေများဖောင်းကြွနေခြင်းမျိုးဖြစ်သည်။ ခုန အပင်အောက်တွင်ထိုင်မည်လုပ်ပြီးမှ ပြန်ထလာခဲ့သဖြင့် အပင်နောက်ကိုမကြည့်မိပေ။

စကားပင်၏အနောက်ဘက်သို့ ဗညားအတင်းတိုးဝင်လိုက်သည်။ ဖောင်းကြွနေသည်မှာအခြားမဟုတ်။ သစ်ရွက်ခြောက်အပုံကြီးဖြစ်သည်။ ခြံတွင်းရှိသစ်ရွက်များကိုလှဲကျင်း၍ ဤနေရာ၌ လာစုထားပုံရသည်။ သို့သော် ခြံနှင့်မလိုက်ဖက်စွာ သစ်ရွက်ခြောက်ပုံကြီးက ကြီးမားလွန်းနေသည်ဟုထင်မိသည်။ လိုက်ရှာနေသောအနံ့မှာ ထိုနားတစ်ဝိုက်မှဖြစ်ကြောင်း ဗညားစိတ်ထဲ အလိုလိုသိနေသည်။ အနီးမှသစ်ကိုင်းခြောက်တစ်ချောင်းကိုကောက်၍ သစ်ရွက်ခြောက်ပုံတစ်ဝိုက်သို့ မွှေနှောက်ကြည့်သည်။ အပင်တစ်ပင်ပင်ဆီကအနံ့များလား။

သစ်ရွက်ခြောက်များအတော်အသင့်ရှင်းလင်းသွားသောအခါ ဖောင်းကြွနေသည်မှာ သစ်ရွက်ပုံမျှသာမဟုတ်ဘဲ ၄င်းတို့အောက်၌ မြေပုံလိုလို၊ တောင်ပို့လိုလို တစ်ခုခုရှိနေကြောင်းတွေ့သဖြင့် ရှိသမျှသစ်ရွက်ခြောက်များအား ချွေးများရွှဲလာသည်အထိ လက်ဖြင့်ယက်၍ ဗညားရှင်းလင်းလိုက်သည်။ မြေအပုံလိုက်ကိုတွေ့သည်။ တစ်ခုတည်းပင်မဟုတ်။ နှစ်ခု။ မှတ်တိုင်လိုလို၊ ကမ္ဗည်းလိုလိုနှင့် စာရေးထားသည်ကိုမြင်မိသဖြင့် မီးအိမ်ဖြင့် အနားကပ်ကြည့်သည်။ "မပန်းအိ (အသက် ၂၄ နှစ်)၊ ဒေါ်ရွှေတင် (အသက် ၅၁ နှစ်)" .. လက်ထဲမှမီးအိမ် ခွမ်းခနဲကျကွဲသွားသည်။ အသားများတဆတ်ဆတ်တုန်လာကာ ဗညားယောင်၍ပင်အော်လိုက်မိသည်။

ဤနေရာမှ အမြန်ဆုံးထွက်သွားရန်ဆုံးဖြတ်လိုက်သည်။ ဇောချွေးများပြန်ကာမောပန်းနေသည်။ စကားပင်နောက်မှပြေးထွက်၍ ခြေလှမ်းများကို ခြံဝဆီသို့ဦးတည်လိုက်သည်။ ခြံဝသို့မရောက်မီ တစ်ကိုယ်လုံးရှိ သွေးများပင်ထခုန်လုမတတ် ဗညားလန့်ဖျတ်သွားသည်။ ဒေါ်ကြီးဆိုသူမှာ ခြံဝတွင်မတ်တပ်ရပ်လျက်သား။ သူ့ကိုစူးစူးစိုက်စိုက်ကြည့်နေသည်မှာ တစ်ခုခုရန်လိုမုန်းထားရှိနေသယောင်။ ဗညား ဦးခေါင်းကိုတွင်တွင်သာခါရမ်းပစ်လိုက်သည်။

"မဟုတ်ဘူး.. မဖြစ်နိုင်ဘူး။ မလုပ်ပါနဲ့။ အဲ့လိုမလုပ်ကြပါနဲ့။ ကျနော်ဘာအမှားလုပ်မိလို့လဲ။ ကျနော့်မှာ ဘာအပြစ်ရှိလို့လဲ။ ဘာလို့ ကျနော့်ကိုကျမှလဲ.. မဟုတ်ဘူး.. မဟုတ်ပါဘူး"


သူရူးတစ်ယောက်နှယ် ဗညားအော်ဟစ်နေသည်။ ဒေါ်ကြီးဆိုသူက ခပ်အေးအေးပင် သူ့ဘက်သို့လျှောက်လာသည်။ ဗညားအဖို့ပြေးစရာမြေမရှိတော့။ အိမ်ထဲတွင် မပန်းအိဆိုသူရှိနေမည်။ ခြံဝမှာတစ်ယောက်ကစောင့်ဖမ်းသည်။ အတွေးဖြင့်ပင် ဗညားတစ်ကိုယ်လုံးတုန်နေသည်။ နောက်သို့တဖြည်းဖြည်းဆုတ်ရင်း ရသမျှဘုရားစာကိုအကုန်ရွတ်သည်။ ရွတ်လိုက်၊ အော်လိုက်။

"ကျွန်တော့်ဆီ မလာနဲ့နော်။ ရှေ့ထပ်တိုးရင် ခင်ဗျားကိုသတ်ပစ်မှာနော်..။ ကျွန်တော့်ကိုမလုပ်ရဲဘူးမထင်နဲ့။ မလာနဲ့။ အာ.... မလာနဲ့လို့ပြောနေတယ်လေ.. "

နောက်သို့ဆုတ်စရာမရှိ။ အိမ်ထဲသို့သာ ဗညားအော်ဟစ်၍ပြေးဝင်လိုက်သည်။ ထင်သည့်အတိုင်းပင် မပန်းအိက ဧည့်ခန်းမှာအဆင်သင့်ထိုင်စောင့်နေသည်။ ထုံးစံအတိုင်းပြုံးလျက်..။ သွေးပျက်နေသောဗညားအဖို့ ရွေးချယ်စရာလမ်းမရှိတော့၍ ဧည့်ခန်းကြမ်းပြင်ပေါ်တွင် ဒူးထောက်ပစ်လှဲချလိုက်တော့သည်။ ပါးစပ်မှလည်း တောင်းပန်တိုလျိုးသံ၊ ညည်းသံ၊ အပြစ်တင်သံတို့ဖြင့် အစုံရေရွတ်နေသည်။

ဒေါ်ကြီးက တံခါးဝတွင်ပင်ရပ်နေသည်။ ရှေ့ဆက်တိုးမလာ။ မပန်းအိတစ်ယောက်သာ ဗညားအနီးသို့ ရောက်လာပြီး ဒူးတုပ်ထိုင်လိုက်သည်။ ဗညားကို ကရုဏာသက်စွာကြည့်လျက်..

"ကိုဗညား.. ကျွန်မရှင့်ကို အစတည်းကမှာခဲ့သားပဲ။ ဘယ်မှမသွားဘဲ အခန်းထဲမှာပဲ အေးအေးသက်သာအိပ်နေပါလို့..။ အခုတော့ ရှင်ပဲအခုလိုသွေးပျက်နေရပြီ"

ဖျော့တော့စွာဖြင့် အသံပင်မထွက်နိုင်တော့သောဗညား မပန်းအိကို သေချာစိုက်ကြည့်ပြီး ဖြေးဖြေးချင်းမေးလိုက သည်။

"မပန်းအိ.. မင်းတို့ဘာလိုချင်လို့လဲဟင်။ ကျွန်တော်ဘာလုပ်ပေးရမလဲ..။ ကျွန်တော် မင်းတို့အပေါ် ဘာများလုပ်မိလို့လဲဗျာ။ ကျွန်တော့်ကိုလွှတ်ပေးပါ..။ ကျွန်တော့်ကိုအိမ်ပြန်ပို့ပေးပါ။ ကျွန်တော့်ကို ဒီကနေ ထွက်သွားခွင့်ပြုပါနော်.."

"ကိုဗညားရယ်.. ရှင်အခုထိနားမလည်သေးပါလား။ ဒီနေရာကို သာမန်လူစင်စစ်တစ်ဦး ဘယ်လိုမှမမြင်နိုင်သလို ဘယ်လိုမှလည်း ရောက်လာနိုင်စရာအကြောင်းမရှိပါဘူး။ ကျွန်မတို့ကလည်း ဘယ်သူ့ကိုမှဘာမှမလုပ်သလို အပြစ်မဲ့သူကိုလည်း လိုက်ပြီးမနှောင့်ယှက်ကြပါဘူးရှင်။ ရှင်အကူအညီလိုနေလို့ ကျွန်မကသက်သက်ကူညီရုံပါ။ ဒါကြောင့် ရှင့်ကို မိုးရေထဲဒုက္ခရောက်နေတာထက်စာရင် အိမ်ထဲမှာအေးအေးသက်သာနားရအောင် ကျွန်မက စေတနာနဲ့လာခေါ်တာပါ။ မဟုတ်ရင် ရှင်အဲ့ဒီကုက္ကိုလ်ပင်အောက်မှာပဲ တစ်သက်လုံးနေသွားရလိမ့်မယ်"

"ဗျာ.. မပန်းအိဘာပြောတာလဲ။ ကျွန်တော်နားမလည်ဘူး။ ကျွန်တော်က ဘာလို့နေရမှာလဲ.. မနက်မိုးလင်းလို့ အဝေးပြေးလမ်းမပေါ်မှာကားသွားတားရင် ပြန်ရမယ့်ဥစ္စာကို။ မဟုတ်ဘူးလား"

"မဟုတ်ဘူး.. ရှင်ခုထိလက်မခံနိုင်သေးပဲကိုး။ ရှင့်ကိုယ်ရှင် လူတစ်ယောက်လို့ရှင်ထင်နေသေးတာလား။ ရှင်သေချာပြန်စဉ်းစားပါဦး။ ညက မိုးရွာကြီးထဲ ရှင်မူးမူးနဲ့ ကုက္ကိုလ်ပင်ကိုကားနဲ့ဝင်တိုက်လို့ ရှင်သေသွားပြီလေ"

"ဟားဟားဟား... မပန်းအိရယ်။ ကျွန်တော့်ကိုမနောက်ပါနဲ့။ ကျွန်တော်မရူးသေးပါဘူး။ လန့်သွားရုံပါ။ အခုကျွန်တော်မလန့်တော့ဘူး။ မပန်းအိတို့ကိုလည်း ကျွန်တော်မကြောက်တော့ပါဘူး။ နော် .. ကျွန်တော့်ကိုအိမ်ပြန်ပို့ပေးပါ"

"ခက်တော့တာကိုးရှင်.. ရှင်သေချာပြန်စဉ်းစားပါ။ ဒီညကပဲ ရှင်ကားမောင်းရင်း အရက်တွေသောက်လာတယ်မှတ်လား"

"ဟုတ်တယ်။ ကျွန်တော်သောက်လာတယ်"

"အင်း.. ကျွန်မရှေ့တင်ပဲ ရှင်ကားနဲ့ အဲ့ဒီကုက္ကိုလ်ပင်ကိုဝင်တိုက်ပြီး ပွဲချင်းပြီးသေသွားခဲ့တာ။ ဖြစ်ပြီးပြီးချင်း ကားထဲကနေ ရှင်ထွက်လာတာပဲ။ ကျွန်မအားလုံးကို အတိုင်းသားမြင်နေရတယ်။ ကျွန်မတို့လို ဘ၀တူတစ်ယောက်တိုးလာပြန်ပြီလို့"

"ကျွန်တော် ဒါတွေကိုအယုံအကြည်မရှိဘူး မပန်းအိ။ ဖြစ်လည်းမဖြစ်နိုင်ဘူး။ ဖြစ်လာစရာအကြောင်းမှမရှိတာ"

"အခုတကယ်ဖြစ်နေပြီပဲ.. ရှင်မယုံသေးဘူးလား။ ကောင်းပြီလေ။ မယုံရင် ရှင်ကိုယ်တိုင် ရှင့်အလောင်းကို ကားထဲမှာသွားကြည့်နိုင်ပါတယ်။ ကျွန်မ မတားပါဘူး။ ဒါပေမယ့် ရှင်အဲ့ဒီနေရာကိုသွားပြီးရင် ကျွန်မတို့ဆီ ဘယ်တော့မှပြန်လာနိုင်မှာမဟုတ်တော့ဘူး။ အဲ့ဒီမှာပဲ ရှင်အမြဲနေရလိမ့်မယ်။ မိုးရွာရွာ၊ နေပူပူ အဲ့ဒီအပင်ကနေ ရှင်ခွာခွင့်ရှိမှာမဟုတ်ဘူး။ နောက်ထပ် ရူးရူးမိုက်မိုက် ရှင့်ဆီတိုးဝင်လာမယ့်သူကို ရှင်တစ်သက်လုံးမျှော်နေပေတော့။ ဒီတော့ ရှင်ကြိုက်တာရှင်ရွေးချယ်။ ရှင့်လွတ်လပ်ခွင့်နဲ့ရှင်ပါ။ အခွင့်အရေးဆိုတာ အမြဲတမ်းနှစ်ခါမလာတတ်ဘူးဆိုတာတော့ ရှင်သိသင့်တယ် ကိုဗညား"


ဗညားတစ်ယောက် တွန့်ဆုတ်တွေဝေသွားသည်။ သူတကယ်ပင် သေသူဖြစ်သွားပြီလား။ သူတကယ် ကားနဲ့တိုက်ခဲ့မိသလား။ ဒါဆို အခုသူကဘာလဲ။ သူဘာဖြစ်နေပြီလဲ။ ၀ိဉာဉ်လား၊ တစ္ဆေလား၊ ဘယ်ဘုံဘ၀မှာလဲ။ ထွက်သွားပြီးကြည့်ရင် သူဘာဖြစ်မလဲ။ ဒီမှာပဲ မပန်းအိပြောသလို နေသွားတော့မလား။ ဒီနေရာကရောဘာလဲ။ သေချာတာကတော့ မပန်းအိပြောတာ အမှန်တရားဟုတ်မဟုတ် သူ့ကားဆီသူပြန်သွားကြည့်ရင် သိရမှာပဲ။ အမှန်တရားရှိရာသွားမလား။ ဒီတိုင်းပဲဖြစ်ချင်ရာဖြစ်တစ်သက်လုံး ဒီမှာနေသွားရတော့မလား။ အနည်းဆုံးတော့ အမှန်တရားတစ်ခုကိုသိမြင်ခွင့်ရမယ့်အပြင် ကံကြမ္မာစီမံသလို သူနဲ့ထိုက်တန်တဲ့ နေရာမှန်ကိုသာ အမှန်ဧကန် သူရရှိမှာပဲ။ ကြမ္မာဖန်လာရင် ဘယ်အရာမဆို တမင်ဖန်တီးယူထားလို့မရမှန်း ဗညားသိသည်။ မေးခွန်းပေါင်းမြောက်များစွာနှင့် မောပန်းလွန်းနေသောမိမိကိုယ်ကိုထိန်းရင်း မည်သည့်စကားမျှမဆိုဖြစ်ခဲ့တော့။

ကျယ်ပြန့်သောလယ်ကွင်းပြင်တို့ဆီမှ အဆီးအတားမရှိသောလေအဟုန်တို့ သူ့ခန္ဓာကိုယ်ကို အတိုင်းသားဖြတ်တိုက်နေသည်။ စပါးပင်တို့ ယိမ်းနွဲ့ကခုန်နေကြသည်။ ဖားအော်သံ၊ ပုဇဉ်းရင်ကွဲအော်သံတို့ လွင့်ပျံ့နေသည်မှာ စည်းချက်ကိုက်ထားသည့်အလား။ လရောင်ကေ၀၀ါးစွာဖြင့် တိမ်တွေနောက်ကွယ်သို့ ပျောက်ကွယ်ပုန်းလျှိုသွားပြီ။ မှောင်အတိတော့ကျမနေပါ။ အာရုံ၏အလင်းသဲ့သဲ့တို့က မနက်ခင်းငှက်တို့အော်သံများကို ဖြန့်ကျက်အလှဆင်ပေးနေသည်။ လယ်ကန်သင်းတစ်လျှောက် အထစ်အငေါ့၊ အယိုင်အလဲမရှိ ဗညားလမ်းလျှောက်လာနေသည်။ လက်တစ်ဖက်က ဘောင်းဘီကိုမ၍ လက်တစ်ဖက်က ခရီးဆောင်အိတ်ကိုဆွဲလို့။ ဆုံးရှုံးမှု၊ တွေဝေမှု၊ ကြောက်ရွံ့မှုများကိုနောက်ကွယ်ပြုလျက် လွတ်လပ်စွာလျှောက်လာနေသည်မှာ ပကတိပျော်ရွှင်ကြည်နူးမှုနှင့်။ သူဦးတည်နေသည်က အမှန်တရားတစ်ခုရှိရာသို့သာ....။


ပင်ပန်းကြီးစွာ လိုက်လံရှာဖွေနေခဲ့သော ထူးဆန်းသောရနံ့မှာ သူ၏ခန္ဓာကိုယ် ကိုယ်တိုင်မှဆိုသည်နှင့် ရဲရဲတောက်နှင်းဆီနီနီတို့ အမှန်တကယ်ပင်တည်ရှိနေခဲ့သလားဆိုသည်ကိုတော့ ဗညားတစ်ယောက် ဘယ်တော့မှ မသိရှိနိုင်တော့ပါချေ။ ။


ရေးသားသူ - Craton (http://cratonstar.net)
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...