Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Thursday, February 28, 2013

"လမင်းသို့ ....တမ်းခြင်း"


ကာရံညီညီ
အလွမ်းတေးသွား
စိတ်နွမ်းအိပ်ချိန်
မဟူရာည
သူ့အားမျှော်လျှက်
တမ်းတလျှက်.......။

************


မိုးလောက်မြင့်မား
မေတ္တာများက
ကတိမြဲခိုင်
သစ္စာတိုင်လျှက်
ရင်ခွင်လွှာမှာ
ခိုဝင်နားပါလမင်းလေးရယ်။

************

သူ့ရဲ့အလှ
တုဘက်ပြိုင်ကင်း
ငွေမင်းထိန်ထိန်
ညအခါဝယ်
အပြုံးများအား
ချမ်းမြေ့ကြည်နူး
ဘ၀င်မြူးခဲ့။

************

နှစ်လတွေဟာ
ကြာရှည်လွင့်မျော
ဝဲလယ်မျောခဲ့
သောကမငြိမ်
စိုးရိမ်ထိတ်တုန်
မဖြစ်နိုင်ဟု
သင်္ကာမကင်း
ရှိပြီး ငြားလည်း
ယုံယုံကြည်ကြည်
စိတ်မှာစွဲလျှက်
ဘယ်အချိန်၊ဘယ်အခါ
ပြောသော်ငြားလည်း
သူ့ကိုယုံကြည်
စောင့်နေမိ၏။

*************

လမင်းမသာ
ညအခါကား
ငါသည်လမ်းပျောက်
ငါသည်လမ်းပျောက်
နှလုံးမှောက်ခဲ့
ရှေ့သို့တူးရှု
မျှောသာမျှော်လျှက်
ေ၀၀ါးကြမ္မာ၊ငါ့ကမ္ဘာသည်
ကင်းမဲ့လွင့်စင်
စိတ်မရွင်ဘု။

***********

ကြည်ဖြူနှလုံး
ကိုယ်ရွှင်ပြုံးအောင်
ရင်ခွင်ကြားမှာ
သာပါလားကွယ်။

***********

ဖြူဖြူစင်စင်
နှလုံးအိမ်ဝယ်
သူ့အားကြိုလျှက်
စောင့်မျှော်လျှက်မို့
ခေတ္တတွေ့ရ
ဤဘ၀တွင်
ချမ်းမြေ့ကြည်နူး
စိတ်ရွှင်မြူးအောင်
စောင်ကြဉ်းပေးပါ
လမင်းလေး....ရယ်......။

Ye Tay Za Kyaw (ကာရံငယ်)**

နွေကြိုဌက်သို့တမ်းခြင်း

    
တချပ်ချပ်နှင့်
 စက္ကန့်လွင့်မျော...........
နရီကျောမှာ၊
လွမ်းမျောလွင့်ပါ
 ဆောင်းလကြာခဲ့ပြီ။
 ***********
နွဲ့ ကနွဲ့နှင့်
သဲ့သဲ့လွင်ချို
ဥသြပျိုရဲ့
နွေကြိုတေးသွား
စည်းဝါးလိုက်မှတ်
သတိချပ်ရင်း
ဖျတ်ကနဲနိုး
ဘ၀ဆိုးဆီ
နိုးပို့ပြီလား.......ဥသြငယ်။
**********
မနိုးတ၀က်
နိုးတ၀က်နှင့်
နိုးလျှက်မက်မြင်
အိမ်မက်ရှင်ကို
ငါလျှင်ကြင်ခွင့်ပြုပါဦး။
 *********
အိမ်မက်သခင်
ပန်းသခင်ရဲ့
ကြည်လင်မျက်နှာ
 စံထွဏ်လွှာကို
ရမက်ကင်းလွတ်
ရင်သည်းပွတ်မှ
နူးညွတ်ဖူးခွင့်ပြုပါဦး။
 **********
ခရီးကကြမ်း
ကိုယ်လက်ပန်းမို့
စိတ်နွမ်းအိပ်ချိန်
နှလုံးအိမ်မှာ
အေးငြိမ်ပုတ်နိုး
သူ့..ကကြိုးတွေ
ပြက်ပြိုပြခွင့်ပြုပါဦး။
 **********
နွေကြိုငှက်ရယ်
ခဏကလေး
သည်းခံပေးပါ
မင်းတေးဆိုတာရပ်ပေးပါ။
**********
အိမ်မက်ဝဌာ
ငါ့ကမ္ဘာသည်
နွေလာရင်ပျောက်
နွေကိုကြောက်တယ်၊
အိပ်မက်နေရ
ထိုခဏသည်.....
ဘ၀မို့ပါ......ဥသြရယ်........။
Ye Tay Za Kyaw(ကာရံငယ်)

Friday, February 15, 2013

``အမှောင်လမ်းက ၀ိညာဉ်ဆန်း(နာနာဘာဝ နှင့်ကျွန်တော်)´´(ပရလောက ၀တ္ထုတို)


လူသူကင်းမဲ့သော လမ်းမကြီးတစ်ခုပေါ်တွင် အရာဝတ္ထုတစ်ခုသည်လှုပ်လှုပ်ရှားရှား ရှိနေလျှက် ကောင်းကင်ကြီးတစ်ခုလုံးမှာလည်း အနက်ရောင်ကတ္တီပါကြီး ဖုံးအုပ်ထားသလို မှောင်မည်းနေပြီး ပတ်ဝန်းကျင်တစ်ခုလုံးလည်းတိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်.။ အမှောင်ကိုအားကိုးပြီးလာနေသူမှာ မည်သူနည်.း။ စိတ်ဓာတ်ကျစွာ မလှမ်းချင်လှမ်းချင်ခြေလှမ်းများ ဖြင့် လမ်းလျှောက်လာသော အကျွန်ုပ် ပင်ဖြစ်သည်။ အကြောင်းမှာ -စိတ်ဓာတ်ရာမျိုးစုံကို တစ်ဦးထဲခံစားနေရသောကြောင့်ဖြေသိမ့်နိုင်ရန် ခြေဦးတည်ရာလျှောက်သွားနေခြင်းဖြစ်သည်။ ကျွန်တော့်၏လက်တွင် နာရီပါသော်လည်း ဘယ်အချိန်ဆို တာကိုမကြည့်ချင်တော့အဖော်ဆိုလို့ ဘေးလွယ်အိတ်ကလေးတစ်ခုပဲ ကျွန်တော့်ဘေးမှာပါတယ်။ လမ်းတစ်လျှောက်တွင် ကျွန်တော်မှလွဲပြီး သက်ရှိတစ်စုံတစ်ရာမှမရှိပေ။ အချိန်သည်လည်း ညဥ့်သထက်ညဥ့်နက်လာလေပြီ။ တစ်နေရာအရောက်တွင် လမ်းဘေးမှ `တဖျောဖျော´ အသံများကြားရသဖြင့် ရုတ်တရတ်လန့်ဖြန့်သလို ဖြစ်သွားပြီး သေသေချာချာကြည့်လိုက်သော အခါ ………………………….         လမ်းဘေးတွင်ပေါက်နေသော ၀ါးရုံပင်ကြီးသည် ယိမ်းထိုးလှုပ်ရှားနေသည်ကို တွေ့ရပေသည်။ ထိုဝါးရုံပင်ကြီး၏ လှုပ်ရှားပုံမှာ သာမာန်လေတိုက်၍ လှုပ်ရှားနေသည့်ပုံမျိုး မဟုတ်၊ကျွန်တော်ရှည်ရှည်ဝေးဝေး တွေးမနေတော့ပဲ  ရှေ့ကိုသာဆက်လျှောက်ခဲ့ သည် ။ လျှောက်ရင်းလျှောက်ရင်းနဲ့ တံတားလေးတစ်ခုအနားရောက်ခဲ့တယ်။ မြို့နဲ့လည်းအလွန်ဝေးကွာနေပြီ။ တံတားရဲ့ အနောက်ဖက်မှာ သင်္ချိုင်းကုန်းရှိသည်ကို ကျွန်တော်၏စိတ်တွင် သိနေသော်လည်း ကျွန်တော်သည် သရဲကြောက်တတ်သူမဟုတ်သောကြောင့် ဂရုမစိုက်ပေ။
          ထိုအချိန်တွင် ကျွန်တော်၏နားထဲ၌ စက်ဘီးနင်းသံလိုလို `တကျွီကျွီ´ မြည်သံကိုကြားနေသောကြောင့်  အနောက်သို့ရုတ်တရတ် လှည့်ကြည့်လိုက်တော့ ...........ဆိုက်ကားတစ်စီးဖြစ်နေတယ်။ ထိုဆိုက်ကားသည် ကျွန်တော်အနားမှ တအိအိနဲ့ ဖြည်းဖြည်းချင်း ဖြတ်သွားလေသည်။ မှောင်မည်းထဲတွင် မသဲမကွဲမြင်နေရသော ဆိုက်ကားသမားကို ကျွန်တော် လှမ်းပြောလိုက်သည်။ `ဟေ့လူ…ဆိုက်ကားဆရာ ၊ကျွန်တော့်ကိုခေါ်သွားပါလားဗျ ကြိုက်တဲ့နေရာကို ကျွန်တော်စိတ်အရမ်းညစ်နေလို့ ၊ ကျသလောက်ပိုက်ဆံ ကိုရှင်းပေးပါ့မယ်။ ´ ဆိုက်ကားသမားသည် ကျွန်တော့် အားခွန်းတုံ့ပြန်ခြင်းမရှိ ဘဲ ရပ်နေလေသည်။ ထိုအခါ ကျွန်တော်က ရပ်နေတဲ့ ဆိုက်ကားအနားကိုသွားပြီး `ကျွန်တော်လိုက်ခဲ့မယ်နော်´ `အင်းအင်း´ ဆိုက်ကားသမားရဲ့ဖြေပုံမှာ လူမမာတစ်ယောက်ညဉ်းသံ နှင့်ပင် တူနေလေသည်။ ကျွန်တော် ရှည်ရှည်ဝေးဝေး မစဉ်းစားနေတော့ပဲ  ဆိုက်ကားပေါ်တက်ထိုင်လိုက်သည်။ ကျွန်တော်ဆိုက်ကားပေါ်ရောက်သည်နှင့် ဆိုက်ကားသမားက စတင်ပြီးနင်းထွက်ခဲ့သည်။ ကျွန်တော်ဆိုက်ကားပေါ်ပါလာရင်း စကားတစ်ခွန်းမှမပြောပဲ ခေါင်းငိုက်စိုက်ချထားပြီး နင်းမြဲနင်းနေသော ဆိုက်ကားသမားကို အကဲခတ်နေမိသည်။ ဆိုက်ကားသမားသည် ခမောက်ကြီးတစ်လုံးကိုအောက်စိုက် ဆောင်းထားပြီး အနက်ရောင်အင်္ကျီလက်ရှည်ကို ၀တ်ဆင်ထားသည်။ ခန္ဒာကိုယ်မှာလည်း ပိန်လှီလွန်းလှသည်။ ဆိုက်ကားသမားက အားသွန်ခွန်စိုက် နင်းနေသည်မှန်သော်လည်း ဆိုက်ကားရဲ့ ရွှေ့လျှားနေပုံမှာ နှေးကွေးလွန်းနေပေသည်။ ကျွန်တော် တစ်ခုခုပြောမည်ကြံစီလိုက်ချိန်မှာ နှာခေါင်းထဲသို့ ညှီစို့စို့အနံ့ တစ်ခုဝင်လာသောကြောင့် နှာခေါင်းကိုလက်ဖြင့်ပိတ်ထားလိုက်သည်။ ကျွန်တော့်စိတ်တွင် တစ်နေရာရာမှာ တိရိစ္ဆာ န် အသေတစ်ကောင်ကောင်ရဲ့ အပုပ်နံ့ဖြစ်နိုင်သည်ဟုထင်သည်။ ကျွန်တော်လက်ဖြင့်နှာခေါင်းကိုပိတ်ရင်း ဆိုက်ကားသမားကိုကြည့်လိုက်တယ်။ ထိုအချိန်တွင် အပုပ်နံ့ကဆိုးဆိုးဝါးဝါးကြီးနံလာပြန်သည်။ ထိုသူရဲ့ ခန္ဒာကိုယ်မှနံနေသလား  လို့တောင်ထင်ရလောက်အောင်ပင်  ထောင်းခနဲဖြစ်သွား သဖြင့် မအောင့်မနိုင်တော့ပဲ အော့အန်ချင်စိတ်များ ဖြစ်ကာ ဆိုက်ကားသမားကိုပြောလိုက်လေသည်. ။
`မြန်မြန်နင်းပါ ဆိုက်ကားဆရာရယ် အပုပ့်နံကလည်း ဘယ်ကနံနေမှန်းမသိဘူး ခင်ဗျားဆိုက်ကားကလဲ နှေးလိုက်တာ´
`ဌဲဌဲ…ဌဲ´ ဆိုက်ကားသမားက ဘာမှပြန်မပြောပဲ ရယ်နေလေသည်။ သူ၏ရယ်သံမှာ ယောကျာ်းတစ်ယောက်ရဲ့ ရယ်သံနှင့်ပင် မတူပဲ မိန်းမတစ်ယောက်သည် ယောက်ျားတစ်ဦးအား ကြာပစ်၍ ရယ်သံမျိုးနှင့်တူနေပေသည်။  `ရယ်မနေပါနဲ့ ဗျာ စိတ်ညစ်နေရတဲ့ အထဲ မြန်မြန်နင်း´ နောက်တစ်ကြိမ်ကျွန်တော် စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလိုက်သော အခါမှဆိုက်ကား သမားသည် အားကုန် အပြေးနင်းလေသည်။ ဆိုက်ကားသည်မြန်သည်ထက်မြန်လာပြီး လမ်းဘေးရှိမြောင်းထဲ့ သို့အရှိန်ပြင်းစွာထိုးဆင်းလိုက်လေသည်။  သို့ပေမယ့် ကျွန်တော် သတိကြီးစွာနဲ့ ဆိုက်ကားပေါ်မှခုန်ဆင်း လိုက်ခဲ့သည်။ အရှိန်ပြင်းစွာည ကျွန်တော် တစ်ဖက်သို့လွင့်စင်သွားပြီး ဆိုက်ကား သမားနဲ့ဆိုက်ကားကတော့ မြောင်းထဲသို့ အရှိန်ပြင်းပြင်း ထိုးဆင်းသွားပြီး `၀ုန်း´ဆိုသော အသံနှင ပတ်ဝန်းကျင်တစ်ခုလုံးကို ဆူညံသွားခဲ့ သည်။. ကျွန်တော်လွင့်စင် သွားတဲ့ အရှိန်ကြောင့် ခေါင်ကွဲသွားသော်လည်း လဲကျတဲ့နေရာမှ အမြန်ထကာ ထိုးကျသွားတဲ့ မြောင်းထဲသို့ ဆိုက်ကားသမားနှင့် ဆိုက်ကားကိုရှာတော့ လည်းမတွေ့ပေ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ပကတိ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။ ကျွန်တော် အစဉ်းစားရကျပ်သွားခဲ့တယ် ၊။ ကျွန်တော့် စိတ်တွင် ဆိုက်ကား အရှိန်မထိန်း နိုင်ပဲ မြောင်းထဲ သို့ ထိုးကျသွား ခြင်းဟု ယူဆ၍ `ဗျို့…ဆိုက်ကား ဆရာ´ အော်ခေါ်ကြည့်ပြန်သော်လည်း မည်သည့်အသံတစ်စုံ တစ်ရာမျှမကြားရပေ။ ကျွန်တော် အနည်းငယ်ကျောချမ်းလာခဲံ့တယ် ၊ကြောက်စိတ်တွေလည်း အလိုလိုဝင်လာခဲ့တယ်။ နေရာလဲမမှတ်မိ….ဘယ်နေရာရောက်နေလဲတောင်မမှတ်မိတော့ပေ။ ကွမ်းတညက်ခန့်အကြာတွင် အရှိန်ပြင်းစွာမောင်းနှင်လာသော ဆိုင်ကယ်တစ်စီး၏ မီးရောင်သည် ကျွန်တော့်ရဲ့ မျက်နှာကိုထိုးနေပြီး အနားရောက်တော့ ထိုးရပ်လိုက်သည်။ ကျွန်တော် အရမ်းဝမ်းသာ သွားခဲ့တယ် ဒီနေရာမှ ဆက်ပြီးမနေချင်တော့ `အကို..မြို့ထဲကို ကျွန်တော်လမ်း ကြုံလိုက်ချင်လို့ရမလား ´ ဆိုင်ကယ်မောင်းသူက `မင်းကဒီမှာဘာလုပ်နေတာလဲ ၊ခေါင်းမှာလည်း သွေးတွေနဲ့မင်းဘာမဟုတ်တာ လုပ်ထားလဲ မှန်မှန်ပြောစမ်း´   `မဟုတ်ရပါဘူး အကိုရယ် ကျွန်တော်လူကောင်းပါ။….ဒီလိုဗျ....xx.x…x..x.x…x..x.x..x.´  ဖြစ်ကြောင်းကုန်စင်ရှင်းပြလိုက်သော အခါမှထိုသူကကောက်ချက်ချလိုက်ပြီး။ `မင်းပြောသလိုဆို ဒါဟာသွေးရိုးသားရိုး မဖြစ်နိုင်ဘူး …´ သက်ပြင်းတစ်ချက် ချလိုက်ပြီး`မြန်မြန်တက် ငါ့ညီမင်းအတွက် အန္တာရာယ်ရှိနေပြီ ´  ခေါင်းမှထွက်နေသောသွေး များတိတ်စေရန် ကျွန်တော်၏ အပေါ်အင်္ကျီ ချွတ်ကာ ခေါင်းတွင်စီးထားလိုက်ပြီး ဆိုင်ကယ်ပေါ်သို့တက်လိုက်သည် နှင့်တစ်ပြိုင်နက် ဆိုင်ကယ်မှာ စတင်၍ထွက်ခွာခဲ့သည်။  ထိုသူက ဆိုင်ကယ်မောင်းနေရင်း `ငါ့ညီက အဲ့ဒီဆိုက်ကားကို ဘယ်ကဌားခဲ့တာလဲ ´
`ကျွန်တော်..ဟိုး..မြို့အပြင် ၀ါးရုံပင်အောက်တံတားနားလေးက ဌားလာတယ်ပါ´ကျွန်တော်ပြောရင်း လက်ညိုးထိုးပြလိုက်သည်။
`ဘယ်လောက်ကြာပြီလဲ´ `အနည်းဆုံးတစ်နာရီ လောက်တော့ရှိမယ်ထင်တယ်´ `ဟုတ်လား…ဟောပြောရင်းဟိုမှာတွေ့လားငါ့ညီပြောတဲ့ တံတားဆိုတာ အဲ့တံတားမလား´ `ဟာ..ဟုတ်တယ် …..အဲ့တံတားပဲ´ ကျွန်တော် ထိတ်ထိတ်ပြာပြာနဲ့ ပြောလိုက်မိတယ်။ ကြောက်စိတ်တွေက တဖွားဖွား ၀င်လာပြီး တကိုယ်လုံးတုန်ရီလာခဲ့တယ်။ `အဲ့ဒီတံတား နားက၀ါးရုံပင်နောက်မှာသင်္ချိုင်းကုန်း ရှိတယ် …အကိုတို့တခြားလမ်းက သွားကြတာပေါ့´ ပြောပြောဆိုဆိုနဲ့ပဲ  လမ်းမအတိုင်းမသွားတော့ပဲ  တစ်ဖက်သို့ချိုးကွေ့ပြီး ဖြတ်လမ်းကနေမောင်းလေသည်။ အချိန်ကြာလာသည်နှင့်အမျှဝါးရုံပင်ကြီးနဲ့ တဖြည်းဖြည်းဝေးကွာ လာသောကြောင့် ကြောက်စိတ်များလည်းပြေ ပျောက်လာတယ်လို့ကျွန်တော် ခံစားလိုက်မိတယ်။ ဆိုင်ကယ်မောင်းသူက ကျွန်တော် ကြောက်စိတ်ပြေလောက်ပြီ ဟုထင်ပြီး စကားစပြန်သည်။ `ငါ့ညီကမြို့ပြင်ကိုဘာလို့တစ်ယောက်တည်း ဘာလို့ထွက်လာရတာလဲ ´ `ကျွန်တော်လည်း ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်သောအခါမှ ကျွန်တော့်ကိုနှစ်သိမ့်အားပေး စကားဆိုပြီး မြို့ထဲတစ်နေရာမှာ ချပေးခဲ့ပါသည်။ ကျွန်တော်တို့ နှစ်ယောက်အပြန်အလှန် ရင်းရင်းနှီးနှီးနူတ်ဆက်ခဲ့ပြီး ထိုသူက ဆိုင်ကယ်ကိုမောင်းကာထွက်ခွာသွားလေသည်။ သိပ်မကြာလိုက် ကျွန်တော်သူ့ကိုကြည့်နေရင်း၌ ပင် မျက်စိရှေ့မှ အလိုလိုပျောက်သွားခဲ့တယ်။ တကယ်လေလားအိမ်မက်လေလား အမျိုးမျိုးတွေမိနေပေမယ်… အဖြစ်အပျက်များကတကယ်ပင်ဖြစ်နေပါတော့သည်.။ ထိုညကအဖြစ်အပျက်များကို ကျွန်တော်ပြန်မြင်ယောင်နေရင်း ကြက်သိန်းများထနေပါတော့သည်။ ……(ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါသည်) ..
Writing by Ye Tay Za Kyaw*

`တစ္တေ ခြောက်သောည (တဲအတွင်းမှ နာနာဘာဝ)´(ပရလောက ၀တ္ထုတို)

`ဂျိမ်း…ဂျလိန်း ဂျိမ်း..ဝေါ..ဝေါ..ဝေါ´
မိုးမှာ သည်းကြီးမဲကြီး ရွာသွန်းနေလျှက် လေများကလည်း အဆက်မပြတ်တိုက်ခတ်နေသောကြောင့် လေသံနှင်မိုးသံ တို့မှာရောနှောနေခဲ့သည်။ ထိုအချိန်မှာ ညနေစောင်းမိုးချုပ်လုစ အချိန် ဖြစ်သည်။ ပတ်ဝန်းကျင်းကလည်းမှောင်မည်းစပြု နေပြီမိုးကလည်း တိတ်မည့်ပုံမပေါ်ပေ။ သည့်အတွက်ကျွန်တော်ဘယ်မှာ နားခိုရမည်နည်း။ ကျွန်တော့်တွင် တစ်ကိုယ်လုံးကို လုံစေတဲ့ မိုးကအကျီင်္ရှည်ကြီးတစ်ထည်မှလွဲ၍ ဘာမှမပါပေ။ လမ်းမှာလည်း တောလမ်းလေးဖြစ်သည့် အလျှောက် ရွှံ့ဗွက်များမှာထူထပ်နေပေသည်။ ဒီ့အပြင် မိုးချုပ်နေတဲ့ လောကကြီးကို ကျွန်တော်အဘယ်သို့မျှ ပုံကန်ရမည်နည်း.. မိုးအတွက် အကာအကွယ်ယူရပေဦးမယ်။ တခြားမစဉ်းစားတော့ပဲ ကျွန်တော်၏မျက်စိများက နားခိုရန်နေရာကောင်းကောင်းရဖို့ ဆော့ကစားရှာဖွေနေခဲ့ ပါသည်.။ မကြာမီ မှောင်လုနေသော ပတ်ဝန်းကျင် ထဲမှ မထင်ရှားသည့် ၀ိုးတိုးဝါးတား အရာဝတ္ထု တစ်ခုကိုကျွန်တော်တွေ့လိုက် ရတယ်။ ထိုအရာသည်သက်မဲ့ ဖြစ်ဟန်တူသည်။ ကျွန်တော်၏ခြေလှမ်းများကို ခပ်မြန်မြန်လျှောက်ကာ `ဒါဟာငါ့အတွက် တည်းခိုစရာနေရာဖြစ်ကောင်း ဖြစ်နိုင်တယ် ´ ဟုစိတ်ကရေ၇ွှတ်ရင်း မထင်မရှားမြင်နေရသော အရာဝတ္ထုဆီကို ဦးတည်ခဲ့ ပါသည်။ အနားရောက်မှ တဲလေးတစ်လုံးဖြစ်ကြောင်း သိလိုက်ရသည်။ ကျွန်တော် အတိုင်းမသိ ၀မ်းသာသွားခဲ့တယ်။
အဆိုပါတဲလေး၏ အမိုးမှာကောင်းမွန်၍ တဲအတွင်း၌ ခြောက်သွေ့နေမည်ဟု တဲ လေး၏အသွင်အပြင်ကိုကြည့် ၍ကျွန်တော်ယူဆ မိ လိုက်ခြင်းဖြစ်သည်။ တဲမှာလူနေဟန်ရှိမည်မတူ ။တံခါးမှာ သော့မရှိပေမယ့်ဂျလက် ထိုးထားလေသည်။ မိုးမှာလည်းပို၍ပင် သည်းလာသည်ဟုထင်ရပေသည်။ ထိုတဲအတွင်းမှာတစ်ညတာ တည်းခိုရန် ဆုံးဖြတ်လိုက်မိသည်။ ကျွန်တော်တွေဝေမနေတော့ပဲ တံခါးဂျလက်ကို ဖွင့်ကာတဲ ထဲသို့ဝင်ခဲတယ်။ တဲအတွင်းမှာ မှောင်ပြီးထိုင်းမှိုင်းနေသည်ကိုတွေ့ရပေသည်။ အသင့်ပါလာသောမီးခြစ်ကို တစ်ချက်ခြစ်လိုက်ရာ တဲအတွင်းသို့ဝင်ရောက်သည့် မည်းနက်သောလမ်းကို မီးရောင်ဖြင့်မြင်တွေ့လိုက်ရပေသည်။ ခုလိုစိတ်ပျက်ဖွယ်ရာညမျိုး လူသူမရှိတဲ့ အရပ်တွင် ရှိသည့်လမ်းကလေးမှ တစ်ဦးတစ်ယောက်ဖြတ်သွားမည်ကို အနည်းငယ်သာစိုးရိမ်ဖွယ်ရှိသော်လည်း တဲတံခါးဝကို လုံခြုံမှုရှိအောင် ဂရုတစိုက်ပိတ်လိုက်လေ၏။ ကျွန်တော်မီးခြစ်တစ်ချက်ထပ်ခြစ်ပြီး အတွင်းလမ်းလေးအတိုင်းဝင်ရောက်ခဲ့ရာ အခန်းငယ်တစ်ခန်းကိုတွေ့ရလေသည်။ ထိုအခန်းငယ်တွင်လေကောင်းလေသန့်ရသောကြောင့် နေသာထိုင်သာရှိသွားခဲ့ တယ်။ ထို့ပြင်သံချေးတက်နေသော မီးဖိုတစ်လုံးကို တွေ့ရှိရလေသည်။ ကျွန်တော်၏အတွင်းတွင်ခံ ၀တ်ထားသော အကျီင်္မှ အပိုင်း တစ်ချို့ကပါလာသောဓားဖြင့် ဖြတ်ယူပြီး မီးမွှေးလိုက်ရာ မကြာမီအချိန်အတွင် မီးလင်းလာခဲ့သည်။ မီးဖို၏အနောက်ဖက်တွင် သစ်သားများပုံထားတာကြောင့် မီးမွှေးရန် ကျွန်တော့်အတွက် အလုပ်ဖြစ်လိမ့်မယ်ဟု ထင်သည်.။  ကျွန်တော့်၏ ဘွတ်ဖိနပ်ကု ချွတ်ကာ ခြောက်သွားစေရန် မီးဖိုဘေးတွင်ထောင်ထား လိုက်တယ်။ အားလုံးအဆင်ပြေသွားပြီဖြစ်သောကြောင့် ကျွန်တော့် ၏ခန္ဒာကိုယ်ကို ကြမ်းပြင်ပေါ်သို့လှဲချလိုက်ပါသည်။ ခဏတာမှေးခနဲ အိပ်ပျော်သွားပေမယ်.. နိုးလာတဲ့ အခါ မီးဖိုမှမီးများက ၀င်လက်စွာတောက်လောင်နေသောကြောင့် ကျွန်တော်ကြာရှည်စွာ အိပ်မရပေ။
ထိုအပြင် ကျွန်တော်၏ ခန္ဒာကိုယ်ထုံထိုင်းကိုက်ခဲမှုကတစ်ကြောင်း ၊ကြမ်းပေါ်တွင်လှဲ၍ အိပ်ရသဖြင့် တစ်ဦးတစ်ယောက်၏သွား လာလှုပ်ရှားသံများကို ကြားနေရသဖြင့် ကြာကြာမအိပ်နိုင်ခြင်းလည်းဖြစ်သည်။ တဖက်သို့ ကိုယ်ကို လှည့်ပြီး အိပ်မည်ပြုရာ အခန်းဆီသို့လာသည့် ခြေသံကိုကြားနေရသောကြောင့် ကျွန်တော်ထိတ်လန့် သွားခဲ့ တယ်။ ပြတင်းပေါက်များက်ုပျဉ်ပြားနှင့် အသေပိတ်ထားသည့်အပြင် အ၀င်တံခါးကိုလည်းကျွန်တော် သေချာပိတ်ခဲ့ ခြင်းဖြစ်၍ တဲအတွင်းသို့ ၀င်ရန်အပေါက်မရှိပေ။ ထို့ကြောင့် ကျွန်တော်အတော်အတန်ကြောက်လန့် သွားသော်လည်း ထ၍ရင်ဆိုင်ရသည်မှ တစ်ပါး အခြားမရှိပါတော့ချေ။ ထိုဝင်လာသောလူစိမ်းသည် သွက်လက်ခြင်းမရှိ ၊မီးတောက်နေသောမီးဖို ဆီသို့တဖြေးဖြေး  လျှောက်၍သွားလေသည်။
သူသည်အခန်းထောင့်တစ်နေရာတွင်ရှိသော ကျွန်တော့်ကို သတိပြုမိဟန် မတူချေ။ ထိုလူမှာမီးဖို့ရှိရာသို့ တည့်မတ်စွာ လျှောက်သွားရင်း သူ၏စွတ်စိုနေသော လက်အစုံကို မီးကင်နေလေသည်။ ထိုလူကိုကျွန်တော် မျက်ချေမပြတ် သေသေချာချာ ကြည့်ပြီး အကဲခတ်နေမိသည်။ ထိုလူမှာခုလိုညမျိုးတွင် လူသားတစ်ယောက်ကြုံတွေ့ရသည့် စိုစွတ်မှုထက်ပင် ပို၍ ဆိုးဆိုးဝါးဝါး စိုစွတ် လျှက်ရှိသည်ကို တွေရပေသည်။ အ၀တ်အစားများက ဟောင်းနွမ်း စုတ်ပြတ်နေပြီး သူ့ခန္ဒာကိုယ်ပေါ်မှ ရေများဟာ ကြမ်းပြင်ပေါ်သို့ စီးကျလျှက်ရှိပေသည်။ ဦးထုပ်လည်းဆောင်းထားခြင်းမရှိပေ။ သူ့မျက်လုံးများအထက်ရှိ ထောင်နေသော ဆံပင်များမှ ရေစက်တိုက မီးကျီခဲ များ အပေါ်သို့စီးကျနေသောကြောင့် တစ် ရှဲ..ရှဲ မြည်နေပေသည်။ ထိုလူကိုကျွန်တော် မြင်လိုက်သည်နှင် တစ်ပြိုင်နက် ဥပဒေဘောင်အတွင်း မှလူမဟုတ်ဟု ယူဆမိလိုက်သော်လည်း လူကြီးလူကောင်းတစ်ယောက်ဖြစ်မည်ဟု တဖန်တွေးယူမိလိုက်ပြန်သည်။ ထို့ကြောင့်ကျွန်တော်ကပဲ သူ့ကို စတင်နူတ်ဆက်လိုက်လေရာ မကြာမီ ရင်းနှီးသွားကြပါသည်။ ကျွန်တော်က စကားစမိလိုက်သည်..။
`ကျွန်တော်တို့ လူသားတွေအတွက် တော့ သာယာတဲ့ မိုးလေ၀သ ဆိုတာ ဘယ်မှာရှိနိုင်မှာလဲ  မိတ်ဆွေရာ ။ ဒါပေမယ့် ဒီတဲကလေးက ခြောက်ခြောက်သွေ့သွေ့ ရှိနေလို့ တော်သေးတယ်လို့ဆိုရမှာပေါ့ဗျာ´
တဲအပြင်ဖက်တွင် ရှိနေသော သေလုမျောပါး နေကြာပင်များနှင့် အတိုင်းအဆမရှိ သန်စွမ်းနေကြသော ပေါင်းပင်ကြီးများသည်  မိုးရေကြောင့် ယိမ်းထိုးနေကြလေသည်။ ထိုလူစိမ်းက `တစ်ချိန်က ဒီတဲလေးဟာ သိပ်သန့်ရှင်းမှု မရှိခဲ့ဘူး။ ဒါပေမယ့် သာမာန် ဧည့်ရိပ်သာလေ တစ်ခု ဖြစ်ခဲ့တယ်။ အခုတော့နေတဲ့ အမြဲနေတဲ့သူ မရှိတော့ဘူး´ သို့သော် သူတောင်းစားများနေထိုင်သည့် နေရာတို့တွင် တွေ့ရတတ်သော ဘူးခွံ၊ပုလင်းခွံ စသည်တို့ကို ဤတဲ အတွင်းတွင် လုံးဝမတွေ့ရပေ။
 `ဒါနဲ့ … အဲ့ဒါတွေကို ဘာလို့မတွေ့တာလဲ…´
သူပြောခဲ့သလို သန့်ရှင်းမှုမရှိခဲ့ဘူး ဆိုရင် အခု ဘာကြောင့် အဲ့ အရာများ မတွေ့ရသနည်း။ ကျွန်တော်မေးခွန်း ထုတ်နေမိသည်။ ထိုလူက အဖြေစကားမဆိုမီ မသက်သာသောဟန်ဖြင့် သက်ပြင်းကို လေးလေးပင်ပင် ချကာ
 `ဒီတဲမှာ သရဲ…နေတယ်လေ…ဒီမှာသရဲရှိတယ်´
ကျွန်တော်မယုံနိုင်သော အကြည့်နှင့် မျက်မှောင်ကြုတ်ပြီး သူ့ကိုကြည့်မိလိုက်သည်။ `အဲ့ဒီသရဲက အလွန်အစွမ်းထက်တာ၊ သူ့ဇာတ်လမ်း အကျဉ်းကတော့ သူဟာ ဒီတဲအနောက်မှ ရှိတဲ့ ရေတွင်း ပျက်ထဲကို ကိုယ်တိုင် ဆင်းသေလိုက်တာပဲ ..´
ကျွန်တော်စိတ်ဝင်စား သွားပြီးသူ့အနားကို တိုးသွားမိတယ်။ ဒီ့နောက်သူက ဆက်ပြီးပြောတယ် `တွေ့တဲ့ လူတွေက ဆွဲတင်လိုက်တော့ သူ့တစ်ကိုယ်လုံး ရွှံ့တွေပေပြီးသေနေတယ်။ အဲ့ဒီ့သရဲက ဒီတဲပေါ်ကို တက်လိုက်ဆင်းလိုက်လုပ်နေတယ် ။ တစ်ခါ တခါ ဒီတဲထဲကို မိုးဝင်ခိုတဲ့ လူတွေဆိုရင် သူ့ခြေသံကြောင့် အိပ်ရေးပျက်ကြရတယ်..။ ´ ပြောရင်း ထိုလူစိမ်းက ထပ်ပြီး သက်ပြင်းချလိုက်ပြန်သည်။  ကျွန်တော်က-
 `ဒါပေမယ်.. ကျွန်တော်တို့ကိုတော့ ဒီသရဲကခြောက်မှာ တော့ မဟုတ်ပါဘူး ´
`ဟုတ်ကဲ့ ….ကျွန်တော်တို့ကိုသူက ခြောက်မယ်မထင်ပါဘူး´ သူ့စကားအဆုံးတွင် ကျွန်တော်က ရယ်လိုက်ပြီး ….`ဟား..ဟား..ဟားး… ဘယ်သူတွေဘာပဲပြောပြော ကျွန်တော်ကတော့ သရဲဆိုတာကို တစ်ခါမှမမြင်ဖူးပါဘူး´ ထိုလူစိမ်းက စိတ်ပျက်သည့်အသွင်ဖြင့် ကျွန်တော်ကို စူးစိုက်ကြည့်လေသည်။ ပြီးတော့.သူက……
` ဟုတ်ကဲ့ ခင်ဗျားဘယ်တော့မှမြင်ဘူးမှာ မဟုတ်ဘူး ။ ဒါပေ့မယ့် …ဒီတဲမှာ ၀င်တည်းကြတဲ့ သူတွေအားလုံး သရဲမခြောက်ခံရတာမရှိဘူး ။ အကုန်လုံးခြောက်ခံ ရတာကြီး ပဲ´
ထိုသူမည်သို့ပင်ပြောနေပါစေ ကျွန်တော်က မယုံကြည်ပါ။
`ကျွန်တော့်ကို အိပ်ရေးပျက်အောင်လုပ်နေတာ သရဲမဟုတ်ဘူး..။ မိတ်ဆွေ တဲပေါ်တက်လာလို့ ကျွန်တော်နိုးသွားတာ.. ´
ထိုအခါ ထိုသူက ကျွန်တော့်ကို လှောင်ပြောင်သလို ရယ်နေလေသည်။ `ဟား…ဟာ.း…ဟား…ဟား…ဟား´ သူ၏ကိုယ်မှစီးကျနေသော ရေထို့က အဆက်မပြတ် ကြမ်းပေါ်သို့ စီးကျ နေပေသည်။  သူ့ကိုယ်မှလည်း အနံ့ဆိုးများ ထွက်ပေါ်၍ လာလေပေသည်။
`ဘု ရားရေ….မိတ်ဆွေ ….အနေနဲ့ ဘယ်တော့မှ မခြောက်နိုင်တော့ဘူးလား…´ ဟု ကျွန်တော် ပြောလိုက်မိသည် ။ ထိုလူက အနည်းငယ်ရယ်လိုက်ပြီး ………
`မခြောက်တော့ဘူးတဲ့ လား …ဟ…ဟ….ဟ ကျွန်တော်က ဘယ်တော့မှခြောက်မှာ မဟုတ်ဘူး ၊ ကျွန်တော်တို့လို လူတွေဟာ မိုးလေ၀သ ကောင်းကောင်း ၊ ဆိုးဆိုး နွေဖြစ်ဖြစ်၊ဆောင်းဖြစ်ဖြစ် ဘယ်တော့မှ ခြောက်တယ်ဆိုတာ မရှိဘူး.. ဒီမှာကြည့်လေဗျာ´
ပြောပြောဆိုဆိုနှင့် သူ၏ရွံများပေနေသော လက်အစုံကို မီးထဲသို့ ထိုးသွင်းပြီးကျွန်တော့်ကို စူးစိုက်ကြညိ့နေလေသည်။ ကျွန်တော် အခုမှ သူပြောသမျှတွေသတိရ သွားပြီး ကျွန်တော့် ဘွတ်ဖိနပ်ကိုကောက်ယူကာ ကြောက်လန့်တကြားအော် ဟစ်ကာ မိုးသက်လေပြင်းကျနေသော ညအမှောင်ထဲသို့ ထွက်ပြေးခဲ့မိပါတော့သည်။
Writing by –Ye’ Tay Za Kyaw (ကာရန်ငယ်)
                               Thankyou.

Thursday, January 24, 2013

အချစ်ဆိုတာ .....(၁)

၁။အချစ်ဆိုတာ
၂ ။ အချစ်ဆိုတာ တခါတခါ ကဗျာလှလှလေးတွေဖြစ်စေနိုင်သလို တခါတရံ ကြောက်မက်ဖွယ် စစ်ပွဲတွေ လည်းဖြစ်စေနိုင်တယ် ။
၃ ။ အချစ်ဆိုတာ အသုံးချခံနေရတဲ့ပစ္စည်းတစ်ခုလည်းဖြစ်တယ် ။ ရယူပိုင်ဆိုင်လိုခြင်း ၊ ဂရုစိုက်ခံလိုခြင်း ၊ ကြင် နာ မှု ရယူလိုခြင်းစတဲ့ အရာတွေကို အချစ်လို့ခေါင်းစဉ်တပ်ပြီး အချစ်ဆိုတာကို နေရာအနှံ့အပြားမှာ အသုံး ချနေကြ တယ် ။
၎ ။ တချို့က ကိုယ်က တစ်ယောက်ယောက်ကို ချစ်မိရင် အဲဒီတစ်ယောက်ဆီက အချစ်ကို ပြန်လည်ရ ယူလိုကြတယ် ။ ဒါဟာ သူတပါးကို ချစ်ခြင်းမဟုတ်ပဲ ကိုယ့်ကိုယ်ကို ချစ်ခြင်းသာ လျှင်ဖြစ်လိမ့်မယ် ။ တကယ်ချစ် မိပြီဆို ရင် သူ့ဆီက ဘာမှလိုချင်စိတ်ရှိမှာမဟုတ်ပါဘူး ။ တစ်မိုးအောက်ထဲမှာ သူရှိနေတယ်ဆိုတဲ့အသိ ဘ၀ကို ကျန်းကျန်း မာမာ နဲ့ပျော်ရွှင်စွာ သူဖြတ်သန်းနေတယ်ဆိုတဲ့ အသိလေးနဲ့ တင် လောကကြီး က ကျေနပ်ဖို့ကောင်း ပါတယ် ။
၅ ။ အချစ်ဆိုတာ တခါတရံ တစ်စုံတစ်ခုကိုတွေးပြီး ကြည်နူးနေရတာဟာလည်း ကျေနပ်စရာကောင်းပါတယ် ။ သိပ်များများစားစားရှုပ်ထွေးစရာမလိုပါဘူး ။
၆ ။ တဏှာ ၊ ရမ္မက်အခြေခံထားတဲ့ အချစ်ဟာ ပြိုကျပျက်ဆီး လွယ်ပြီး မေတ္တာတရား အခြေခံထားတဲ့အချစ် သာ လျှင် အေးငြိမ်းတည်မြဲနိုင်တယ် ။
၇ ။ အချစ်ဆိုတာ ဘာမှမဟုတ်တဲ့ အကြည့်လေးတစ်ခု ၊ မျက်တောင်လေးတစ်ချက် ၊ ရင်ခုန်သံလေး တစ်ချက် နဲ့ နောက် ဆုံး အိပ်မက်လေးတစ်ခုလည်းဖြစ်နိုင်တယ် ။
၈ ။ အချစ်စစ်ဖြစ်ဖို့ အချိန်မလိုဘူး ၊ နေရာမလိုဘူး ၊ ကန့်သတ်ချက်တွေမလိုဘူး ၊ စစ်မှန်တဲ့ ရင်ခုန်သံသာ ဖြစ်ဖို့လိုတယ် ။
၉ ။ ပေါင်းရသည်ဖြစ်စေ မပေါင်းရသည်ဖြစ်စေ အချစ်ဟာ အချစ်ပါပဲ ။ အချစ်စစ် အချစ်မှန်အဖို့ ပေါင်းရခြင်း ၊ မပေါင်း ရခြင်းဟာ အဓိက မကျဘူး ။ ရင်ခုန်သံခြင်းနီးနေဖို့သာလိုတယ် ။
၁၀ ။ အတ္တ ၊ မာနနဲ့ သံသယ ဟာ အချစ်ရဲ့ ရန်သူဖြစ်တယ် ။ စောစောစီးစီး ရှင်းလင်းဖို့ လိုတယ် ။ နားလည် ခွင့်လွှတ်ပေးနိုင် မှုဟာလည်း အချစ်ရဲ့ မြတ်နိုးစရာဂုဏ်သတ္တိတစ်ခုသာဖြစ်တယ် ။
ချစ်တတ်သူတိုင်း ချစ်ပါတယ်ပြောသော်ငြား ၊ ချစ်ပါတယ်ပြောသူတိုင်း မချစ်တတ်ကြပါ။ချစ်နိုင်ကြပါစေ...။
Ye Tay Za Kyaw***(ကာရံငယ်)*

`ပေးဆပ်ခဲ့ သူ´ (ရသ)

တစ်တုန်းကမျက်မမြင်ကောင်မလေးတစ်ယောက်ရှိတယ်။ သူမှာသူငယ်ချင်းများများစားစားမရှိဘူး။
သူ့ကိုအရမ်းချစ်နေရှာတဲ့ ကောင်လေးတစ်ယောက်ပဲရှိတယ်။
ကောင်မလေးကကောင်လေးကိုအမြဲပြောနေကြစကားတစ်ခွန်းရှိတယ်။
`ငါ့မျက်စိပြန်မြင်လာတဲ့အခါကြရင်နင့်ကိုလက်ထပ်မယ်´တဲ့။
တစ်နေ့သူမကိုမျက်စိလျှူမယ့်အလျှူရှင်တစ်ယောက်ပေါ်လာခဲ့တယ်။
နောက်ဆုံးတော့ သူမမျက်စိတွေပြန်မြင်ရပြီး သူမရဲ့ကောင်လေးကိုလည်းမြင်ခွင့်ရခဲ့တယ်။
ဒါပေမယ့်ကောင်မလေးကအံ့အားသင့်သွားခဲ့တယ်၊
ဘာကြောင့်လဲဆိုတော့ သူမကောင်လေးကလည်းသူလိုပဲမျက်မမြင်တစ်ယောက်ဖြစ်နေလို့ပဲ။
ကောင်လေးကမေးတယ်`နင်ငါ့ကိုအခုမြင်ရပြီမလား ငါ့ကိုလက်ထပ်မှာလားဟင်´တဲ့။ ဒီတော့ကောင်မလေးကပြန်ပြောတယ်။`အို...ဘယ်ဖြစ်နိုင်မလဲ..ငါကမျက်စိပြန်မြင်နေရပြီလေ..
ဒါပေမယ့်နင်ကအခုထက်ထိကန်းနေတုန်းပဲ ဒါ့ကြောင့်စိတ်မကောင်းပါဘူး..ငါတို့မဖြစ်နိုင်ပါဘူး´  တဲ့။
ထိုအခါကောင်လေးမျက်ဝန်းထဲမှာမျက်ရည်တစ်ပေါက် စီးကျလာတယ်။
 ပြီးတော့ကောင်လေးကကောင်မလေးကိုပြူံးပြပြီး ပြောလိုက်တယ်
`ငါနားလည်ပါတယ်
ငါကနင့်ကိုပျော်ရွှင်စေရူံသက်သက်ပါ...ကျေးဇူးပြုပြီးနင့်ကိုနင်ဂရုစိုက်ပါ .. ပြီးတော့ ငါ့မျက်လုံးလေးတွေကိုလည်းဂရုစိုက်ပေးပါ´
ဆိုကာကောင်လေးကကောင်မလေးရှေ့ကနေ ၀မ်းနည်းစွာ လှည့်ထွက်သွားခဲ့ပါတော့သည်။ 
(တကယ်တော့အချစ်ဆိုတာအမြင်သဏ္ဍန်ပေါ်မူတည်ပြီးပြောင်းလဲတတ်တာမျိုးမဟုတ်ပါဘူး။
မြင်နေရသည်ဖြစ်စေ။မမြင်ရသည်ဖြစ်စေ။ ရင်ခုန်သံခြင်းနားလည်ဖို့သာလို
တာပါ။ကောင်မလေးရဲ့အချစ်ဟာအမြင်သဏ္ဍန်ပေါ်မူတည်ပြီးပြောင်းလဲသွားခဲ့တယ်။လောကြီးမှအချစ်ဆိုတာဟာ အသွင်သဏ္ဍန်နဲ အခြေအနေ၊အချိန်အခါပေါ်မူတည်ပြီးပြောင်းလဲတတ်ပါလားလို့ကောင်လေးရဲ့စိတ်မှာတွေးနေမိမှာပဲ။) *တကယ်တော့ကောင်လေးဟာကောင်မလေးအတွက် သူ့ရဲ့မျက်စိကိုထုတ်ပေးသွားခဲ့သူပါ။*
 Ye Tay Za Kyaw (YTZK*)(ကာရံငယ်)

Thursday, January 17, 2013

"ကားမှတ်တိုင်လေးငိုနေသည်”


  မပြောချင်လည်း ပြောရဦးမည်။ မရေးချင်လည်း ရေးရပြန်ဦးမည်။ အသင်တို့ ကျွန်ုပ်တို့သာမာန်လူတွေ နေ့စဉ်အလုပ်သွားအလုပ်ပြန် အသုံးပြုနေကြတဲ့ လိုင်းကားပေါင်းစုံ။ လူတို့ရဲ့ သယ်ယူပို့ဆောင် ရေးအတွက် အသီးသီး သူ့လိုင်းနှင့်သူ ရပ်တည်နေကြတဲ့ လိုင်းကားပေါင်းစုံဟာ လမ်းမပေါ်က ၀န်ထမ်းတွေပဲဖြစ်ပါတယ်။

ကဲ မြို့ကြီးသားတို့ရေ…. ပြောချင်တာကတော့ သူတို့သူတို့ တွေ အကြောင်းပေါ့။ ညနေစောင်းနေညိုညို အရက်သမားများလေပြိုပြိုနေကျ အချိန် အလုအရပ် မောင်းလာကြတဲ့ လိုင်းကားများဟာ  မှတ်တိုင်မရောက်ခင် လူအုပ်ရှိရာဆီသို့ အလျှင်အမြန်ထိုးရပ်ပြီး သူ့ထက်ငါ အရင်မောင်းနေကြသည် မှာ နေ့တိုင်းမြင်တွေ့ နေရသည်ဖြစ်၍ သိပ်တော့မဆန်းကျယ်ပါ။ အသင်တို့ ကျုပ်တို့ မြို့ကြီးသားတွေကလည်း ကားဆိုက်ရာ အရပ်ကိုပဲ ဦးတည်ကြတယ်မဟုတ်ပေလားဗျာ။ ….
တနေ့ကျွန်တော် မှတ်တိုင်တစ်ခုမှာ ရပ်ပြီး လိုင်းကားအလာကို စောင့်နေမိတယ်။ ခဏကြာတော့ ကျွန်တော့် နားထဲမှာတစ်စုံတစ်ယောက်ရဲ့ ခေါ်သံကိုကြားနေရတယ်ဗျ။ ကျွန်တော်လှည့်ကြည့်လိုက်တော့ ဘယ်သူမှမတွေ့ဘူး။ ဒါနဲ့ကျွန်တော်က

 “ခုပြောနေတာဘယ်သူလဲ”

“ကျွန်တော် ကားမှတ်တိုင်ပါဗျာ”

“ဟင်….” ကျွန်တော် အရမ်းအံ့သြသွားမိတယ်။ အနည်းငယ်ကြောက်သွားမိတယ်…။ ကျွန်တော့်ကိုသရဲ များခြောက်နေတာလားဆိုပြီးတော့..ပေါ့။

“မကြောက်ပါနဲ့ဗျာ ကြောက်နေရတဲ့ သူကကျွန်တော်ပါဗျာ…. လိုင်းကားတွေကနေ့တိုင်း ဟိုးရှေ့နားမှာ သွားသွားရပ်နေကြတော့ ကျွန်တော်တစ်ယောက် တည်းအထီးကျန်ပြီး ကြောက်ရွံ့နေတာ နေတိုင်းလိုလိုပါပဲ”

ဘာကိုမှမမြင်ရပဲ အသံကိုသာကြားနေရတဲ့ မှတ်တိုင်လေးရဲ့ ငိုရှိုက်သံဟာ ကျွန်တော့်နားထဲ စီးဝင်နေခဲ့ပြီး စောစောက ကြောက်ရွံ့မှုကြောင့် ထွက်ပြေးချင်စိတ်ပေါက်နေတဲ့ ကျွန်တော့်ရဲ့စိတ်ကို ထိန်းချုပ်နိုင်ခဲ့တယ်။အတန်ကြာကျွန်တော် တွေဝေနေခဲ့ပြီးမှ

“ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်ဗျာ.. နောက်ဆို ကျွန်တော် ခင်ဗျားနဲ့ အတူတူ လိုင်းကားကို လာစောင့်ပေးမယ်နော်” ကျွန်တော် မှတ်တိုင်လေးကိုချော့နေခဲ့မိသည်။ သို့ပေမယ် သူကထပ်ပြီး

“ဒုက္ခ လာမခံပါနဲ့ဗျာ လိုင်းကားတွေက ဒီမှာ ရပ်တာမဟုတ်ဘူး… သူတို့အဆင်ပြေတဲ့နေရာ ထိုးရပ်ကြတာ ၊ပြီးတော့ လူတွေကလည်း လိုင်းကားရပ်တဲ့ ဆီပဲသွားကြတော့… အဟင့်…အဟင်.” ပြောရင်းသူက ငိုနေပေသည်။ ကျွန်တော်ပါ မျက်ရည်ဝဲနေခဲ့မိပါသည်။ “ဘာမှပူမနေပါနဲ့ ဗျာ

ကျွန်တော်နေ့တိုင်း ခင်ဗျားဆီကပဲလိုင်းကားတွေကိုစောင့်မယ် ။ပြီးတော့ လူတွေလည်း မှတ်တိုင်ကပဲလာစောင့် စေရမယ်… မငိုပါနဲ့တော့နော် ကျွန်တော်ကတိပေးပါတယ်။”

“တကယ်ပြောတာနော်…..”

“အင်းပေါ့… တကယ်ပေါ့ဗျာ”  ချက်ခြင်းပင် ၀မ်းပန်းတသာ ဖြစ်သွားတဲ့မှတ်တိုင်လေးကို ကြည့်ပြီးကျွန်တော် ကျေနပ်မိပါသည်။ အဲ့နေ့စပြီး ကျွန်တော်လည်း မှတ်တိုင်လေး ရှိရာက…နေ လိုင်းကားကိုစောင့်နေပါတော့သည်။ သူငယ်ချင်းတို့လည်း ကျွန်တော်နှင့် အတူမှတ်တိုင်ကသာ လိုင်းကားစောင့်ကြပါလားလို့ ပြောချင်ပါတယ်.။ ဒါမှသာလိုင်းကားများလည်း လူများရှိရာ မှတ်တိုင်မှာ ရပ်မည်ဖြစ်ပြီး မှတ်တိုင်လေးလည်းပျော်နေမှာ အမှန်ပဲပေါ့ဗျာ။………

Writing by- Ye Tay Za Kyaw (ကာရံငယ်)
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...