“ကျွန်မလွမ်းမိ အပြစ်ရှိပါသလားမောင်”
အခန်း(၁)
အိပ်ခန်းပြူတင်းပေါက်မှတစ်ဆင့် အခန်းတွင်းသို့  ဖြာကျနေသော လရောင်ကို ငေးကြည့်ရင်း သူမရင်ခုန်သံတို့  မြန်ဆန်လာလေသည်။ မကြာခင် ည(၁၂) နာရီတိတိထိုးတော့မည်။ (၁၂)နာရီထိုးတာနှင့်
သူမဆီသို့  ဖုန်းကောလ်တစ်ခု ၀င်လာမည်။
ထိုဖုန်းကောလ်သည် သူမအင်မတန်မျှော်လင့်ခဲ့ရသော ဖုန်းကောလ်တစ်ခု။ သူမဆီ
ဖုန်းဆက်လာမည့်သူမှာသူမစိတ်တစ်ခုလုံး၊သူမဘ၀တစ်ခုလုံး၊
သူမတန်ဖိုးထားကိုးကွယ်ခဲ့သော မာနတစ်ခုလုံး ပေးဆပ်ပြီး ချစ်ခဲ့ရ
သည့် သူမအချစ်ရဆုံးသောသူ။ သူမအားကိုးယုံကြည်စွာ မှီတွယ်ခဲ့ဖူး
သော ခိုလှုံရာရင်ခွင်။ တစ်နည်းဆိုရသော် သူမ မြတ်မြတ်နိုးနိုးနှင့် တစ်ရှိုက်မက်မက်ခေါ်ခဲ့ဖူးသည့် “မောင်” ဆိုသော လူသားလေးထံမှ လာမည့်ဖုန်းဖြစ်သည်။
သက်ပြင်းကို “ဟူး” ကနဲမှုတ်ထုတ်ရင်း ဖုန်းမှနာရီကိုကြည့်လိုက်မိသည်။ (၁၂)နာရီထိုးဖို့  တစ်မိနစ်အလို။ သူမရင်ခုန်သံကို သူမ ပြန်ကြားမိ
သည်အထိ စိတ်တို့ ယောက်ယက်ခတ်နေမိသည်။ ကြည့်နေရင်းမှပင်
ဖုန်းမှ နာရီသည် (၁၂)နာရီအတိသို့ ညွှန်ပြလေသည်။ တဆက်တည်း
လိုလိုပင် သူမဖုန်းသည်လည်း အသံမြည်လာလေသည်။ ဖုန်းမြည်သံ
သည် သူမနားထဲတွင် ကြေးစည်တစ်ခုကို နားနားကပ်လာတီးနေသည်
နှင့် တူသည်။ လှုပ်ရှားနေသော စိတ်ကို တည်ငြိမ်အောင် ကြိုးစားရင်း ဖုန်းကိုင်လိုက်သည်။
“ဟဲလို "
"စီစင်(န်)လား…မောင်ပါ…လွမ်းလိုက်တာစီစင်(န်)ရာ…တစ်လကြီး
များတောင် ခွဲနေလိုက်ရတာ…သေလို့ တောင်ရတယ်သိလား…
မောင်တို့  သရေနော်”
ဟူသည့် အသံနှင့်အတူ သူမသိပ်ချစ်ခဲ့သည့် မောင့်အသံ ချိုရှရှကို ကြားလိုက်ရသည်။
အော်..မောင်က ကျွန်မကိုလွမ်းတာ သေလို့ တောင်ရတယ်တဲ့လား..။
ကျွန်မလည်း မောင့်လိုပါပဲမောင်ရယ်..။မောင့်ကို သိပ်လွမ်းတာပေါ့။ စားလည်းမောင့်ကိုလွမ်းတဲ့စိတ်၊ သွားလည်း မောင့်ကိုလွမ်းတဲ့စိတ်၊ ဘာလုပ်လုပ် မောင့်ကိုလွမ်းတဲ့စိတ်တွေ ရင်မှာပိုက်ခဲ့တာပါမောင်။ ညအိပ်ရာဝင်ရင်တောင် တစ်ချိန်က မောင်ကိုယ်တိုင် ချော့သိပ်ခဲ့တဲ့ “ကောင်မလေး” သီချင်းလေးဖွင့်ပြီး မောင်တကယ်ချော့သိပ်သလို ကျွန်မခံစားပြီးမှ အိပ်လို့ ရခဲ့တာပါမောင်..။မောင့်ကို လွမ်းတိုင်း ကျွန်မမွေးနေ့ မှာ မောင်ပေးခဲ့တဲ့ ၀က်ဝံရုပ်လေးကို ရင်ခွင်ထဲထွေးပိုက်ထားပြီး မောင်အမှတ်နဲ့  စကားတွေ
တတွတ်တွတ်ပြောနေခဲ့တဲ့သူပါမောင်ရယ်…။
အခန်း(၂)