Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Wednesday, December 4, 2013

ကမ္ဘာပေါ်မှာအလှဆုံးဟု သတ်မှတ်ထားသော မြွေအမျိုးအစား ဆယ်မျိုး

ကမ္ဘာပေါ်မှာအလှဆုံးဟု သတ်မှတ်ထားသော မြွေအမျိုးအစား ဆယ်မျိုးကို စုစည်းပြီး တင်ပြထားပါတယ်။ ဘယ်လိုဘဲ လှပသော မြွေမျိုး ဖြစ်ပါစေ အန္တရာယ်ပေးနိုင်သော သတ္တ၀ါ ဖြစ်ပါတယ်။
 
1။Green Tree Python
အစိမ်းရောင်စပါးကြီးမြွေကို  အင်ဒိုနီးရှား ၊ သြစတြေးလျား နဲ. ပါပူအာနယူဂီနီ တို.မှာ တွေ.ရနိုင်ပါတယ်။ အရှည်ဆုံးမှာ  ၇ ပေခန်.ရှိပါတယ်။
2။ Blue Racer snake
အပြာရောင်ဒီမြွေမျိုးကို ကနေဒီယန်ကျွန်းဆယ်များနဲ.မက္ကစီကိုဒေသမှာ တွေ.ရနိုင်ပါတယ်။ 
                                                      3။ Eastern Coral Snake
                            မြွေဘုရင် ဟု သိကြသည်. ကော်ဘရာ မြွေမျိုးစိတ်ထည်းမှာပါဝင်တဲ. ဒီမြွေမျိုးကို အမေရိကနဲ. မက္ကစီကို ဒေသတွေမှာ တွေ.ရနိုင်ပါတယ်။
                                     
                                                         4။Brazilian Rainbow Boa
နှစ် ၂၀ ခန်.အသက်ရှင်နေနိုင်သည်.ဒီမြွေမျိုးကို အမေရိက ဒေသနဲ. ဘရာဇီးရှိ အမေဇုန်ဒေသတွေမှာ တွေ.ရနိုင်ပါတယ်။
                               
5။Melanistic Burmese Python
ဒီအ၀ါရောင်စပါကြီးမြွေမျိုးစိတ်ကို အိန္ဒိယ၊ တရုတ်၊ အင်ဒိုချိုင်းနားကျွန်းဆွယ်တို.မှာ တွေ.ရနိုင်ပါတယ်။ အနှစ် ၃၀ ထက် အသက်ရှင်နေနိုင်သော နှစ်ချို.သတ္တ၀ါ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာက ဗမာစပါအုန်းမြွေလို.နာမည်ပေးထားချင်းဘဲ ဖြစ်ပါတယ်။
                                                      6။The Iridescent Shieldtail
                     ဒီတောက်ပတဲ.မြွေမျိုးစိတ်ကို အိန္ဒိယ နိုင်ငံမှာအများဆုံး တွေ.ရနိုင်ပါတယ်။
                                                 7။The Emerald Tree Boa
                      ဒီမြွေမျိုးကိုတော. အမေရိကဒေသနဲ. ဘရာဇီးဒေသတွေမှာ တွေ.ရနိုင်ပါတယ်။
                                            

8။Indigo Eastern Rat Snake
မိန်းမကိုင်အိတ်တွေပြုလုပ်ဖို. အသတ်ခံနေရတဲ. ဒီမြွေမျိုးကိုတော. အမေရိကဒေသမှာ အများဆုံးတွေ.ရနိုင်ပါတယ်။ 
                                                          9။Leucistic Texas Rat Snake
                lady white လို.တင်စားခေါ်ဝေါ်ကြသော ဒီမြွေမျိုးစိတ်ကို အမေရိက ဒေသနဲ. အိန္ဒိယ ဒေသတွေမှာ အများဆုံး တွေ.ရနိုင်ပါတယ်။

                                                     
10။ Honduran Milksnake
အနီ အနက် အ၀ါ သုံးရောင်ခြယ်ထားတဲ. ဒီမြွေမျိုးစိတ်ကို ဟွန်ဒူးရပ်စ် နိုင်ငံမှာ အများဆုံးတွေ.ရနိုင်ပါတယ်။
YTZK*

ကမ္ဘာပေါ်မှ အထင်ရှားဆုံး လိုဏ်ဂူကြီးများ

ကျွန်ုပ်တို့ နေထိုင်သည့် ကမ္ဘာမြေသည် သဘာဝ ထူးခြား ဆန်းပြားမှုများနှင့် ပြည့်နှက်လျက် ရှိသည်။
လူသားများ တည်ဆောက်ခဲ့သော ထူးခြား အံ့သြဖွယ် အရာများမှာ သဘာဝက နှစ်ပေါင်း သန်းနှင့်ချီ၍ ဖန်တီးထားခဲ့သော အရာများနှင့် မယှဉ်နိုင်ပေ။ လိုဏ်ဂူများသည် ဘူမိဗေဒ လှုပ်ရှားမှုများ အရ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပြီး အတွင်း၌ စိတ်လှုပ်ရှားဖွယ် ကောင်းသော မြင်ကွင်းများ ရှိနေသည်။
ကမ္ဘာပေါ်ရှိ ထင်ရှားသော လိုဏ်ဂူများ အကြောင်းကို ရွေးချယ် တင်ပြလိုက်ပါသည်။
ပေါ့စတော့နာ လိုဏ်ဂူများ (စလိုဗေးနီးယား နိုင်ငံ)
ပေါ့စတော့နာ လိုဏ်ဂူများသည် ကီလိုမီတာ ၂ဝ ကျော်ရှည်လျားပြီး စလိုဗေးနီးယား နိုင်ငံတွင် တည်ရှိသည်။ ပစ်ဗ်ကာမြစ်ကြောင့် ဖြစ်ပေါ် ခဲ့ပြီး နှစ်ရာပေါင်း များစွာ ကမ္ဘာလှည့် ခရီးသွားများ သွားရောက်နေကျ နေရာတစ်ခုဖြစ်သည်။ တရားဝင် လမ်းညွှန်ခရီး သွားလာမှုကို ၁၈၁၉ ခုနှစ်မှစတင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်၌ ဂျာမန်တပ်ဖွဲ့များက အဆိုပါ လိုဏ်ဂူ အမြောက်အမြားကို လေယာဉ် လောင်စာဆီများ သိုလှောင်ရာ အဖြစ်အသုံးပြုခဲ့သည်။

သီယန်ဒေါင်း လိုဏ်ဂူ (ဗီယက်နမ် နိုင်ငံ)
သီယန်ဒေါင်း လိုဏ်ဂူသည် ဗီယက်နမ်နိုင်ငံ ဒေါင်ဟွိုင်းမြို့ အနီးရှိ ဖုန်နကီဗန်း အမျိုးသားဥယျာဉ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် နေရာများ စာရင်းတွင် ပါဝင်သည်။ ၃၁ ကီလိုမီတာ ရှည်လျားပြီး ၂ဝဝ၅ ခုနှစ်တွင် ဒေသခံ လူတစ်ဦးက တွေ့ရှိခဲ့သည်။
ကျောက်စက်ပန်းဆွဲ တည်ရှိမှုများမှာ ရင်သပ်ရှုမောဖွယ် ဖြစ်ပြီး သီယန်ဒေါင်းဟူသော အမည်မှာ နိဗ္ဗာန်ဘုံဟု အဓိပ္ပာယ်ရသည်။
ငွေရောင်လိုဏ်ဂူ (တရုတ်နိုင်ငံ)
တရုတ်နိုင်ငံ ဂွီလင်းပြည်နယ်ရှိ ငွေရောင်လိုဏ်ဂူမှာ ငွေရောင် တောက်ပနေသော ကျောက်စက်ပန်းဆွဲများ ဂူအတွင်း၌ ရှိနေသဖြင့် ထိုသို့ခေါ်ဝေါ်ခြင်း ဖြစ်သည်။ သဘာဝရှုခင်း နေရာတစ်ခုဖြစ်ပြီး လိုဏ်ဂူသုံးလွှာမှာ တောင် ၁၂ လုံးအောက်၌ တည်ရှိနေသည်။ ရှုခင်း ကောင်းမွန်သော နေရာ ၁ဝ ခုကျော်ရှိပြီး ၎င်းတို့ထဲတွင် ရေတံခွန် ပါဝင်သောနှင်းတောင်တန်း၊ ဂီတကျောက်တုံး ဖန်သားပြင်နှင့် ကျောက် စိမ်းရေကန် စသည့် အမည်များမှာ ထင်ရှားသည်။

Tuesday, December 3, 2013

အလုပ်ခွင်အတွင်း စိတ်သဘောထားအမှန် ထားနိုင်ကြပါစေ

ယခုတစ်လော အလုပ်ခွင်အတော်များများတွင် ဖြစ်လေ့ဖြစ်ထရှိကြသည်မှာ လူတိုင် စိတ်ထားအမှန် မထားနိုင် ကြသူများကို နေရာဒေသအတော်များများတွင် တွေ့ရှိနေရပါသည်။ ကုမ္ပဏီဝန်ထမ်း ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခု၏ ၀န်ထမ်းများ သို့တည်းမဟုတ် ဌာနဆိုင်ရာ နေရာများ၏ စိတ်သဘောထား အမှန်ဆိုသည်မှာ ကိုယ်လုပ်နေသော အလုပ် မည်မျှပင် ပင်ပန်းနေပါစေ၊ စိတ်ကုန်နေပါစေ မည်သူတွေ မည်သို့ စိတ်ထားရှိနေပါစေ အလုပ်ခွင်များတွင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်နိုင်ဖို့သာ အဓိက စိတ်သဘောထားအမှန်ပင် ဖြစ်ပါသည်။ လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နေ ကြသည့် ၀န်ထမ်းအတော်များများသည် ငါတို့အတွက် ပြီးမှာ သူတို့အတွက်ဆိုတဲ့ သဘောထားခံယူချက်ကို လက်ကိုင်ထားနေကြပါသည်။

          အများအားဖြင့် သာသည့်နေရာ၊ သာသည့်လူ၊ ၀န်းကျင်ဘက်ကိုသာ သူ့အုပ်စု ကိုယ့်အုပ်စုအနေဖြင့် သူများအတွက်ဆိုတာထက် ငါ့အတွက်ဆိုတာကိုပဲ ကြည့်တတ်ကြသူ အများရှိကြပါသည်။ လူတိုင်းသည် အလုပ် လုပ်ကြရာဝယ် အဓိက အရင်းခံက စိတ်ချမ်းသာမှုကိုသာ ရှေးရှုသင့်ပေသည်။ ငါတကော ကောပြီး ငါသာာဖို့အတွက် သူများကို ဖိနှိပ်ရမည်လို့ စိတ်ဓာတ်မပြည့်ဝသော စိတ်ထားများသည် နောင်အနာဂတ်တွင်  ဘ၀အတွက် ရေရှည်ရပ်တည်နိုင်ဖို့ လွယ်မည် မထင်ပေ။ လုပ်ငန်းခွင်များတွင် အဖွဲ့လိုက် အုပ်စုငယ် လေးများဖြင့် ဦးရာလူ နှိပ်ကွပ်စတမ်းဆိုတဲ့နှလုံး ထုံးမူနေကြသူများရှိနေသရွေ့ လုပ်ငန်း အဖွဲ့အစည်းကြီး သည်လည်း အောင်မြင်ဖို့ လွယ်ကူမည် မဟုတ်သလို လူတွေရဲ့ လေးစားမှုသည်လည်း ယုတ်လျော့သွား ပါလိမ့်မည်။


          လုပ်ငန်းခွင်များတွင် စိတ်ပျော်ရွှင်စွာ အလုပ်လုပ်မှ လုပ်ငန်းအတွင်း လူများ၏ စည်းလုံးညီညွှတ်မှု၊ လုပ်ငန်းအောင်မြင်မှုသည်လည်း တစ်ဟုန်ထိုး ဖြစ်ပေါ်လာပေလိမ့်မည်။ လူအတော်များများတွင် နေရာ၊ ရာထူး၊ ဂုဏ်များ မက်မောနေကြသည်မှာ လွန်အံ့မထင်ပေ။ လူသားဆိုသည်မှာလည်း ပုထုဇဉ်ဖြစ်သည့်အလျောက် နေရာလေးလည်း လိုချင်သလလို ရလာသောနေရာလေး မပျောက်ပျက်အောင် ကြိုးစားပြီး ထိန်းသိမ်း ချင်ကြသည်မှာလည်း လူ့သဘာဝပင် ဖြစ်ပါသည်။ မိမိအနေဖြင့် မည်သည့်ရာထူး၊ မည်သည့်အဆင့်ကိုပဲ ရောက်နေ ရောက်နေ မိမိသည် ရိုးသားစွာဖြင့် တစ်နေ့နေ့ တစ်ချိန်ချိန် အဆင့်မြင့်ရာထူးတစ်ခုသို့ ရောက်ရှိရန် မျှော်မှန်းနိုင်ကြသဖြင့် အခြေအနေတစ်ခု၏ ဘက်နှစ်ဖက်စလုံးကို ကြည့်တတ်မြင်တတ်အောင် ကြိုးပမ်းထားဖို့တော့ အထူးလိုအပ်လှပါသည်။ သူတစ်လူ ငါတစ်မင်းနဲ့ ကြီးနိုင်ငယ်ညှင်း၊ မနာလို ၀န်တိုစိတ်များပြီး သူများကို အပုတ်ချမှ ကိုယ်ဂုဏ်တက်မည်ထင်သူများလည်း လုပ်ငန်းခွင်တိုင်းတွင် ဒုနဲ့ဒေး ရှိနေပါသည်။ အရမ်းအံ့သြဖို့ ကောင်းသည်မှာ အများလည်း ကြားဖူးကြမည် ထင်ပါသည်။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဆိုသော စကားများပင် ဖြစ်ပါသည်။ ကိုယ့်မျက်ချေး ကိုယ်မမြင်ဘဲနဲ့ သူများ မျက်ချေး ဘယ်အပေါက်က ထွက်မလဲပဲ ချောင်းမြောင်းနှိပ်ကွပ်ချင်သော စိတ်ဓာတ်အင်အား မပြည့်ဝသောသူများလည်း အနည်းနဲ့အများရှိနေပါသည်။

          ပြောင်းလဲလာသည့် ခေတ်ပြောင်း စနစ်ပြောင်းထဲတွင် ကိုယ်ပြောစကားအမှန် သူများအပုတ်ချမှ ကိုယ့်ဂုဏ်တက်မည်လို့ ထင်သူများလည်း ပြုပြင်ပြောင်းလဲရန် အလွန်လိုအပ်လှပါသည်။ အရေးကြီးဆုံးမှာ စိတ် သဘောထားအမှန်ရှိသူသည် မိမိလုပ်ဖော်ကိုင်ဖက်၊ မိမိ၏ အလုပ်သမားများနှင့် တန်းတူရည်တူ နေထိုင်တတ်ရ မည်ဖြစ်ပြီး သာတူညီမျှ ပူးပေါင်းဆောင်ရွက်တတ်ရန် လိုပါသည်။ စိတ်သဘောထားအမှန်ဆိုသည်မှာ နှစ်မျိုးနှစ်စားရှိရာ ပထမအမျိုးအစားမှာ မိမိသည် စီမံခန့်ခွဲအုပ်ချုပ်သူများဘက်တွင် ရပ်တည်ပြီး ချမှတ်ထားသည့် မူဝါဒနှင့် ဆုံးဖြတ်ချက်များကို စီမံခန့်ခွဲအုပ်ချုပ်သူများ မြင်သည့်အမြင်အတိုင်း ကြည့်တတ်ရပါ မည်။ ဒုတိယတစ်ခုမှာ မိမိသည် ဥပဒေအတိုင်း လိုက်နာလျှောက်လှမ်းတတ်သည့် ၀န်ထမ်းကောင်းတစ်ဦး ဧကန်အမှန်စစ်စစ်ဖြစ်ဖို့အတွက် မိမိ၏အာရုံစူးစိုက်မှုများကို အစွမ်းကုန်နှစ်မြှုပ်ထားရပါမည်။

          အလုပ်ခွင်အတွင်း မာန်စောင်နေခြင်း၊ သူ့ထက်ငါ သာဖို့တစ်ခုထဲအတွက် တစ်ဖက်သား၏ စိတ်နေ စိတ်ဓာတ်ကိုပါ ရိုက်ချိုးပစ်သည့်အပြုအမူမျိုးကို ရှောင်ရှားသင့်ပါသည်။ သူများ မကောင်းပြောမှ ထမင်းစား ၀င်သည့် လူစားမျိုးများသည် မည်သို့သောာ နေရာ၊ မည်သို့သော အချိန်တိုင်းမှာ ထမင်းစားဝင်နိုင်မည် မဟုတ်ပေ။ အမြဲတမ်း ပူလောင်ခြင်းများနှင့်သာ ပြွတ်သိပ်နေပေလိမ့်မည်။ စိတ်ထားမှန်ကန်ဖို့ဆိုသည်မှာ ကိုယ့် အလုပ်ပစ်ပြီး သူများ အလုပ်သွားရောက်လုပ်ကိုင်ပေးခြင်းကို မဆိုလိုပါ။ စိတ်သဘောထားအမှန်ကို တစ်ရက်တည်းအတွက် မကျင့်ကြံဘဲ ယင်းစိတ်ဓာတ်အတိုင်း အမြဲနေထိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းရပါမည်။ အမြဲတမ်း ယင်းစိတ်ဓာတ်ကိန်းအောင်းနေဖို့ လိုပါမည်။ ခက်ခဲသည့်အခြေအနေများနှင့် စိတ်မသက်မသာ ဖြစ်ရသည့်အခါမျိုးတွေမှာလည်း အဆိုပါ စိတ်ထားကို မွေးမြူနိုင်ဖို့ ကြိုးပမ်းနေရပါမည်။

          စိတ်ဓာတ်မှန်ကန်ဖို့ အရေးကြီးဆုံးမှာ တစ်ပါးသူကို ကျရှုံးသွားစေသည်မျိုး၊ သူတစ်ပါး၏ အားနည်းချက် ကို ဖိနှိပ်တာမျိုး၊ ရက်ရက်စက်စက် မထောက်မညှာ လုပ်ပစ်လိုက်သည်မျိုး၊ ချယ်လှယ်ချောက်တွန်းပစ်သည်မျိုး စသည့် လူလူချင်း တုံးခုလှမ်းသည်မျိုး လုံးဝမလုပ်မိစေဖို့ အထူးလိုအပ်လှပါသည်။  မည်သည့်အကြောင်း ကြောင့်ဖြစ်စေ တစ်ပါးသူကို ကိုယ်ချင်းစာတရားထားနိုင်ရမည်။ ကြင်နာတတ်သောစိတ်၊ စဉ်းစဉ်းစားစား ချင့်ချင့် ချိန်ချိနန် လုပ်တတ်သောစိတ်၊ ထိန်းထိန်းသိမ်းသိမ်း သည်းညည်းခံတတ်သောစိတ်၊ လူသားချင်းစာနာတတ် သောစိတ်ဓာတ်များလည်း ရှိထားရမည် ဖြစ်ပါသည်။ ကိုယ်ချင်းစာတရား လက်ကိုင်ထားမှသာ စိတ်သဘော ထား အမှန်ကို ရရှိမည် ဖြစ်ပါသည်။ ခေါင်းဆောင်တွေမှာလည်း ခေါင်းဆောင်များအလျောက် တာဝန်ယူရဲသည့် စိတ်၊ သူတစ်ပါးကို အပြစ်ပုံမချသည့်စိတ်၊ တာဝန်ကို ခွဲဝေပေးနိုင်သည့်စိတ်များလည်း ရှိထားအပ်ပေသည်။

          သင်သည်လည်း စိတ်သဘောထားအမှန်သာ ထားနိုင်ခဲ့လျှင် လူတော်ဖြစ်ရုံမကဘဲ လူတတ် တစ်ယောက်လည်း အမှန်တကယ်ဖြစ်လာပေလိမ့်မည်။ ကြင်နာသနားတတ်ရုံသာမက စောင့်စည်းထိန်းသိမ်းမှု လူ့ကျင့်ဝတ်များကိုလည်း နားလည် သိရှိထားရမည် ဖြစ်ပါသည်။ လက်အောက်ငယ်သားများအပေါ် ကြည့်ရှု ထောက်ထားညှာတာတတ်ရုံမက အပေါ်အဆင့်ဆင့်ကိုလလည်း အောင်အောင်မြင်မြင် တက်လှမ်းနိုင်ရန် စိတ် သဘောထားမှန်ရန်သာ လိုပါမည်။ ကိုယ့်ရဲ့စိတ်သဘော မမှန်ကန်ပါက ဘ၀တစ်သက်တာလုံး တိုးတက်မှု မရှိဘဲ စိတ်ထားမပြည့်ဝသူအဖြစ်သာ ဖြတ်သန်းသွားရမည် ဖြစ်ပေသည်။ စိတ်ထားမှန်ကန်စွာ ထားရှိပါက မိမိရဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ စိတ်နှလုံးကြည်လင်ရွှင်ပျနေပြီး နှစ်လိုဖွယ် ဥပဓိရုပ်ကိုလည်း ထိန်းသိမ်းပိုင်ဆိုင်ထားနိုင်ခြင်း၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုအတွက် ပိုမိုလေ့လာခွင့်များ ရရှိလာနိုင်ခြင်း၊ လုပ်ငန်းမှာလည်း တွယ်ကျယ်စေမည့် နည်းလမ်းများကို ရှာကြံနိုင်ခြင်း၊ အပေါင်းအသင်း ပိုမို ၀င်ဆန့်နိုင်ခြင်း၊ လူချစ်လူခင် ပေါများခြင်း၊ လုပ်ငန်းလုပ်ဆောင်ရာမှာ စိတ်ထားထက်သန်မှုရှိခြင်းနှင့် လုပ်ငန်းအပေါ် စိတ်ဝင်စားမှုရှိခြင်းများ ပိုမိုဖြစ်ပေါ်လာမည်မှာ ဧကန်မုချပင် ဖြစ်ပါသည်။

          တကယ်လို့သာ စိတ်သဘောထား မမှန်ကန်ဘဲ အများအပေါ် စိတ်ယုတ်ညံ့မှုသာ ထားရှိခဲ့လျှင်တော့ ယနေ့ မည်မျှပင် ရာထူးကြီးပြီး ပိုင်ဆိုင်မှုများစွာနှင့် ဆက်သက်စားမကုန်အောင် ချမ်းသာနေစေကာမူ နေ့တိုင်း အများသူငှါနဲ့ သဟဇတ မတည့်ခြင်း၊ စိုးရိမ်သောက ဗျာပါဒ ကြောက်ရွံ့တုန်လှုပ်မှုများစွာနှင့် အိပ်မပျော်သော ညပေါင်းများစွာကို ကြုံဆုံခံစားနေကြသူများသာ ဖြစ်ကြမည် ဖြစ်ပါသည်။ လောကရဲ့အလှကို ဖျက်စီးနေကြ သူများထဲတွင် မိမိမပါဝင်နိုင်ရန် ရှောင်ရှားသင့်ပါကြောင်းနှင့် ဘ၀ကို စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ဖြတ်သန်းနိုင်ကြစေဖို့ တို့အားလုံး စိတ်သဘောထား မှန်ကန်ကြပါစို့နော်။

မနောဖြူလေး

Sunday, December 1, 2013

အမျိုးသမီးများ လောကကိုအလှဆင်နိုင်ဖို့


မိသားစုတစုမှာ အရေးကြီးဆုံးလူဖြစ်တဲ့ မိခင် သို့မဟုတ် အိမ်ရှင်မတွေရဲ့ တန်ဖိုးကို လူတိုင်းနားလည်ကြ ပါတယ်။ မိခင်ကောင်းတွေက သားကောင်းရတနာတွေ မွေးထုတ်ပေးကြတယ်။ အိမ်ရှင်မကောင်းတွေကြောင့် အမျိုးသားများ အောင်မြင်သော ဘ၀ကိုရနိုင်ကြ ပါတယ်။ ငြိမ်းချမ်းသာယာသော လူ့ဘောင်ကို တည်ဆောက်ရာမှာလည်း အမျိုးသမီးများရဲ့ အခန်းကဏ္ဍဟာ သိပ်ကိုအရေးကြီး ပါတယ်။ ကျွန်မ ငယ်ငယ်တုန်းက မိန်းကလေးဖြစ်ရတဲ့ ဘ၀ကို သိပ်သဘောမကျ ခဲ့ ပါဘူး။ အကိုမောင်တွေလို လွတ်လွတ်လပ်လပ် နေလို့ရတဲ့ ယောင်္ကျားဘ၀ကို ပိုသဘောကျခဲ့ ပါတယ်။ မှီးကောင်ပေါက် အရွယ်ရောက်လာတော့ စိတ်ရူးပေါက်ပြီး၊ ယောင်္ကျားလေးလို နေချင်စိတ်ဖြစ်မိ ပါသေးတယ်။ အဲဒီအချိန်တုန်းက စိုးမြတ်သူဇာတို့၊ လင်းဇာနည်ဇော်တို့ ထမိန်တိုတို ရှပ်အင်္ကျီ၊ တီရှပ်တွေဝတ်ပြီး၊ ဗွီဒီယိုရိုက် ပြက္ခဒိန်ထုတ်တာ ခေတ်စားနေတဲ့ အချိန်ပါ။ ကျွန်မလည်း ယောက်ျားဝတ် ရှပ်အင်္ကျီဝတ်ချင်တာ၊ အမေက မ၀ယ်ပေးလို့ အကိုတွေဆီမှာ တောင်းဝတ်ရပါတယ်။ ရှပ်အင်္ကျီ ဖိုးယိုဖားယားနဲ့ လျှောက်သွားနေတဲ့ ကျွန်မကို အမေနဲ့ အဖေ တော်တော် မျက်စိစပါးမွှေး စူးခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မအဖြစ်နေပုံက တော်တော်ရယ်စရာကောင်း ပါတယ်။ မှီးကောင်ပေါက်အရွယ်ကိုကျော်လို့ တည်ငြိမ်သွား တဲ့အချိန်ရောက်တော့ ဘိုင်းကောင်းကျောက်ဖိ မဟုတ်သော်လည်း ဣနြေ္ဒသိက္ခာရှိရှိ နေတတ်ခဲ့ပါတယ်။ အမေ့ကျေးဇူးကြောင့် မိန်းမသားများ စောင့်စည်းအပ်သော ကျင့်ဝတ် သိက္ခာတွေကို ခိုင်ခိုင်မြဲမြဲ စောင့်ထိန်းနိုင်ခဲ့ ပါတယ်။ ချစ်ခြင်းမေတ္တာတွေအကြောင်းကို သိနားလည်တတ်တဲ့ အချိန်ရောက်တော့ မေတ္တာစိတ်ကြီးသော မိန်းမသားဖြစ်ရတာကို ကျေနပ်လာခဲ့ ပါတယ်။ မိဘညီအကိုမောင်ညီမများ၊ သားသမီးနဲ့
ချစ်သူလင်သားအပေါ် ထားရှိတဲ့ မိန်းမသားများရဲ့ မေတ္တာတရားဟာ ကြီးကျယ်မြင့်မြတ်လွန်း ပါတယ်။ မိဘများ အသက်ကြီးလာရင် သားထက် သမီးတွေအပေါ် အားကိုးအားထားကြတယ်၊ သမီးအိမ်မှာ နေရတာ ပိုပြီးစိတ်လုံခြုံမှု ရှိကြပါတယ်။ နှမချမ်းသာရင် မောင်အိမ်ဦးခန်းမှာ နေရမယ်ဆိုတဲ့ ရှေးမြန်မာတို့ရဲ့ ဆိုရိုးစကားကို ကြည့်ရင် မိန်မများရဲ့ မောင်နှမသားရင်းစိတ်ဓာတ်ကို နှစ်သက်ဖွယ်တွေ့ရ ပါတယ်။ မောင်နှမအချင်းချင်း တစိတ်တ၀မ်းတည်း ချစ်ခင်သင့်မြတ် စေဖို့ကိုလည်း မိခင်တွေက လေ့ကျင့်သင်ပြကြတာ ဖြစ်ပါတယ်။ သားသမီးတွေ အပေါ်ထားတဲ့ မိခင်မေတ္တာကိုတော့ စာဖွဲ့လို့မကုန်နိုင်သလို လူတိုင်းလည်း နားလည်ကြပါတယ်။ ချစ်သူရည်းစား လင်းမယားချစ်ခြင်းတွေမှာလည်း ယောက်ျားတွေထက်စာရင် မိန်းမတွေ အချစ်ကြီးကြသလို သစ္စာတရားကို တန်ဖိုးထားကြ ပါတယ်။ ချွင်းချက်လေးများတော့ ရှိပါတယ်။ ချစ်ခြင်းနဲ့ပတ်သက်လာရင် မိန်းမတွေက ယောင်္ကျားတွေလို လက်တွေ့မဆန်၊ မျက်စိစုံမှိတ် ချစ်ကြလို့ ဒုက္ခရောက်ကြတယ်။ ချစ်လွန်းလို့ ပုံအပ်မိတဲ့အခါ ဖက်ရွက်လို ထိရှလွယ်တဲ့ မိန်းမသားဘ၀ ကြေမွပျက်စီး ကြရတယ်။ မိခင်လောင်းတွေရဲ့ ဘ၀ကို နင်းချေ ဖျက်ဆီးတာဟာ အနာဂတ်မှာ လူဖြစ်လာမဲ့ မျိုးဆက်တွေကို လူစဉ်မမှီအောင် ဖျက်ဆီးနေတာနဲ့ တူပါတယ်။ ချစ်ခြင်းမေတ္တာတွေ အရောင်ဆိုးခံ ဖျက်ဆီးခံခဲ့ရတဲ့ မိခင်တယောက်ဟာ သားသမီးတွေကို မေတ္တာစစ်တွေအကြောင်း ပြောပြနိုင်လိမ့်မယ် မဟုတ်ပါ။ ငွေကြောင့် ဘ၀ပျက်ခဲ့ဘူးတဲ့ မိခင်တယောက်ဟာ အကြင်တရားတွေအကြောင်း၊ အားနည်းသူကို တွဲကူရမဲ့ အကြောင်းတွေကို သားသမီးတွေ နားလည်အောင် ပြောဖို့အင်အား မရှိနိုင်မယ် မထင်ပါ။ စိတ်ဒါဏ်ရာတွေနဲ့ လောကကြီးကို မကျေနပ်ဖြစ်နေတဲ့ မိန်းကလေးတွေ မိခင်ဖြစ်လာတဲ့အခါ သားသမီးတွေကို အကောင်းမြင်စိတ်ရှိပြီး၊ နှလုံးသွင်းမှန်ကန်အောင် ရှေ့ဆောင်လမ်းပြနိုင်လိမ့်မယ် မဟုတ်ပါ။ မိန်းမသားများဘ၀ တင့်တယ်စွာ ပွင့်လန်းခွင့်ရမှသာ မိခင်ဘ၀ယုံကြည်မှုအပြည့်နဲ့ ရပ်တည်နိုင်ပါ လိမ့်မယ်။ ကိုယ်ကျင့်စင်ကြယ်၍ မေတ္တာနဲ့ သစ္စာတရားကို တန်းဖိုးထားတတ်သော အမျိုးသမီးများသာ သားကောင်းမိခင် ဖြစ်နိုင်ပါတယ်။ ယဉ်ကျေးသောမိခင်က သားသမီးတွေကို လိမ္မာယဉ်ကျေးအောင် ဆုံးမပြုပြင်ပါလိမ့်မယ်။ တရားဓမ္မကို ချစ်မြတ်နိုးတဲ့ မိခင်က သားသမီးတွေကို ဓမ္မလမ်းကြောင်းပေါ်ရောက်အောင် ပို့ပေးပါလိမ့်မယ်။ အတ္တနည်း၍ သူ့အကျိုးကို လိုလားတတ်တဲ့ မိခင်က သားသမီးတွေ ပရဟိတစိတ်ရှိအောင် ရှေ့ဆောင်လမ်းပြ ပါလိမ့်မယ်။ ငြိမ်းချမ်းရေးကို မြတ်နိုးသော မိခင်က ငြိမ်းချမ်းသော မိသားစုဘ၀ကို ကြိုးစားတည်ဆောက်ပြီး၊ သူမရဲ့သာသမီးတွေ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတတ်အောင် သင်ပေးပါလိမ့်မယ်။ မိခင်များ၊ အိမ်ရှင်မများ မဟုတ်သော တကိုယ်တည်းနေ အမျိုးသမီးများလည်း မိမိတို့ ရပ်တည်တဲ့နယ်ပယ် အသီးသီးကနေ လောကငြိမ်းချမ်း သာယာရေးကို ကူညီတည်ဆောက်နိုင်ပါတယ်။ စာသင်ခန်းက ကျောင်းဆရာမများ တပည့်တွေ လိမ္မာယဉ်ကျေးအောင်၊ စည်းကမ်းလိုက်နာတဲ့အကျင့်တွေ စွဲမြဲနေအောင် လေ့ကျင့်ပေးနိုင်ပါတယ်။ ယဉ်းကျေး၍ စည်းကမ်းရှိသောကျောင်းသားများ တက္ကသိုလ်ကျောင်းကို ရောက်လာတဲ့အခါ တက္ကသိုလ်နည်းပြ ဆရာမများက ကျောင်းသားလူငယ်တွေ အမှန်တရားကိုမြင်တတ်ပြီး၊ ငြိမ်းချမ်းရေးကို မြတ်နိုးတတ်အောင် လေ့ကျင့် ပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင် ဌာနဆိုင်ရာအသီးသီးမှာ ရှိနေကြတဲ့ အမျိုးသမီးများ မျိုးဆက်သစ် လူငယ်များအတွက် တရားမျှတ၍ ကျင့်ဝတ်ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သော အင်စတီးကျူးရှင်တွေ ဖန်တီးတည်ဆောက်ပေး နိုင်ပါတယ်။ အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းနဲ့ အောက်ခြေ၀န်ထမ်း အားလုံး အပေါ် အပြန်အလှန် လေးစားချစ်ခင်တတ်တဲ့ အကျင့်ကောင်းတွေရစေဖို့ ရာထူးကြီးတဲ့သူက စံနမူနာပြရမှာ ဖြစ်ပါ တယ်။ လုပ်ငန်းခွင် ငြိမ်းချမ်းသာယာပြီး၊ အလုပ်မှာပျော်နေမှသာ လူငယ်တွေရဲ့ အနာဂတ် လှပနိုင်မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းသော လူ့ဘောင်ကို တည်ဆောက်ရေးမှာ တတပ်တအား ပါဝင်နိုင်ဖို့အတွက် ကျွန်မတို့ အမျိုးသမီးတွေ ပညာပြည့်ဝဖို့ လိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်၊ တက္ကသိုလ်ပညာနဲ့ အဆင်မြင့်ပညာတွေ မသင်ရတဲ့ အမျိုးသမီးတွေ စာပေဗဟုသုတနဲ့ ပြည့်စုံဖို့လိုပါတယ်။ စာများများဖတ်မှသာ အသိဥာဏ်တွေပွင့်လင်းပြီး၊ အရာရာကို ကိုယ်ပိုင်ဥာဏ်နဲ့ တွေးခေါ်သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုကို မြတ်နိုးထိန်းသိမ်းလျှက်၊ သူတပါးယဉ်းကျေးမှုကို လေးစားတတ်ခြင်း၊ မိမိအမျိုးဘာသာကို ကာကွယ်စောင့်ရှောက်ရင်း လူမျိုးဘာသာ မတူသူများကို လေးစားချစ်ခင်တတ်ခြင်းတွေ မျိုးဆက်သစ်တွေရဲ့ နှလုံးသားမှာ အမြစ်တွယ်နေစေဖို့ မိခင်များ ဆရာများက စံနမူနာပြပြီး မျိုးစေ့ကောင်းတွေ ပျိုးချပေးရမှာ ဖြစ်ပါတယ်။ ကျွန်မသဘောမကျသော အမျိုးသမီးများရဲ့ အပြစ်များကိုလည်း ထောက်ပြချင်ပါတယ်။ အတင်းပြောခြင်း၊ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း အရေမရ အဖတ်မရ စကားများခြင်းဖြင့် အချိန်နှင့် စိတ်ဓာတ် အင်းအားများ မဖြုန်းတီးသင့်ပါ။ ရှေ့နောက်မဆင်ခြင် စကားကို လက်လွတ်စပယ်ပြောခြင်း၊ လောကွတ်ချော်ပြီး အလွယ်တကူ ကတိပေးခြင်းတွေဟာ ကိုယ်ရည်ကိုယ်သွေးကို ကျဆင်းစေပါတယ်။ ဆိုခဲစေ မြဲစေ၊ ပြောပြီး စကားတည်ပါမှ တခွန်းဆို ဆိုသလောက် သြဇာညောင်းနိုင်ပါတယ်။ အသေးအမွှားကိစ္စလေးတွေကို အချိန်ကုန်ခံပြီး အရေးကြီးခွင်ကျယ် လုပ်တတ်တဲ့အကျင့်ကြောင်လည်း အရေးကြီးတဲ့ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှု အားနည်းစေ ပါတယ်။ ဂုဏ်တုဂုဏ်ပြိုင်ခြင်း၊ အလှချင်းပြိုင် ပကာသနပြိုင်ကြတာတွေဟာ အချင်းချင်း သွေးစည်းညီညွတ်မှုကို ပျက်ပြားစေတဲ့ မလိုလားအပ်သော ပြိုင်ဆိုင်မှုတွေ ဖြစ်ပါတယ်။ တကယ်တမ်း ကျွန်မတို့ ပြိုင်သင့်ကြတာက ရိုးသားမှု၊ ကိုယ်ကျင့်သီလစင်ကြယ်မှုနဲ့ စိတ်သဘောထားကြီးမှုတွေ ဖြစ်ပါတယ်။ စိတ်သဘောထားကြီသူ ဖြစ်ဖို့ဆိုရင် ကျွန်မတို့ စိတ်ခံစားမှုဥာဏ်ရည် (emotional intelligence) မြင့်အောင် လေ့ကျင့် ရပါမယ်။ ဒီအချက်ကတော့ အမျိုးသားများနဲ့လည်း သက်ဆိုင်ပါတယ်။ စိတ်ခံစားမှုဥာဏ်ရည် ဆိုသည်မှာ မိမိရဲ့ စိတ်ခံစားမှုကို သတိထားဆန်းစစ်နိုင်ခြင်း၊ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်ခြင်း၊ တခြားလူတွေရဲ့ စိတ်ခံစားမှုကို နားလည်စာနာတတ်ပြီး အပြုသဘောဆောင်စွာ တုန့်ပြန်နိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ စိတ်ခံစားမှု ဥာဏ်ရည်နိမ့်ရင် ကျိုးကြောင်း ဆင်ခြင်မှုနဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်မှု မရှိတဲ့အတွက် ရန်လိုမုန်းတီးစိတ်၊ ရန်ငြိုးဖွဲ့လိုစိတ်တွေ ကိန်းအောင်း လွယ်ပါတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ အဓိဂရုဏ်းတွေဟာ စိတ်ခံစားမှုဥာဏ်ရည် နိမ့်ကျပြီး၊ ကိုယ်နဲ့မတူ ရန်သူလို့ သေးသိမ်သော သဘောထားရှိသူတွေကြောင့် ဖြစ်ပါတယ်။ အဓိဂရုဏ်းပါဝင်သူ မီးလောင်ရာ လေပင့်သူ ဘာသာဝင်အားလုံးကို ဆိုလိုပါတယ်။ စိတ်ခံစားမှု ဥာဏ်ရည်နိမ့်တဲ့လူဦးရေ တိုးပွားမြင့်မားလာခဲ့ရင် ကမ္ဘာကြီး မီးဟုန်းဟုန်း တောက်လောင် ပျက်စီးသွားပါလိမ့်မယ်။ ခုလည်း ကမ္ဘာအနှံ့မှာ မီးတွေအမျိုးမျိုးလောင်နေတာ တုန်လှုပ်စရာ ကောင်းလွန်းပါတယ်။ မီးတွေငြိမ်းပြီး၊ ကမ္ဘာမြေ ငြိမ်ချမ်းစေဖို့ အမျိုးသမီးများ မိခင်များ စိတ်ခံစားမှု ဥာဏ်ရည်မြင့်ကြပြီး၊ သားသမီးများ တပည့်များနဲ့ လက်အောက်ငယ်သားတွေ စိတ်ခံစားမှု ဥာဏ်ရည်မြင့်အောင် သင်ကြားဆုံးမနိုင်တဲ့ အရည်အချင်းတွေ ရှိကြရပါမယ်။ စိတ်ခံစားမှု ဥာဏ်ရည်မြင့်တဲ့သူတွေဟာ ပေါင်းရသင်းရလွယ်ကူတယ်။ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် နေတတ်ကြတယ်။ လောကဓံကို တည်ငြိမ်စွာရင်ဆိုင် နိုင်ကြပါတယ်။ စိတ်ခံစားမှု ဥာဏ်ရည်မြင့်တင်ရေး အတွက် အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးအချက်က ကိုယ့်စိတ်ကိုယ်စစ် ကိုယ့်အကြောင်းကိုယ် သိနားလည်ခြင်း (self-awareness) ပဲဖြစ်ပါတယ်။ မိမိကိုယ်ကို မညာစတမ်း၊ မလှည်းစားစတမ်း အရှိတိုင်းရိုးသားစွာ ပြန်မြင်တတ်ရမှာ ဖြစ်ပါတယ်။ အရှိကိုအရှိတိုင်း မြင်တတ်သွားပြီးဆို အရာရာကို ကျိုးကြောင်းဆီလျော်စွာ တုန့်ပြန်ဆောင်ရွက်နိုင် ပါတယ်။ စိတ်ခံစားမှု ဥာဏ်ရည်မြင့်တင်ရေးအတွက် အသိဥာဏ်ပွင့်လင်းမှု (open-minded) ရှိရပါမယ်။ ကိုယ်သိတာ ကိုယ်ယုံကြည်တာသာ အမှန်လို့ဆုပ်ကိုင်မထားပဲ၊ တခြားလူရဲ့ အယူအဆကို ဆန်းစစ်လေ့လာတဲ့ အကျင့်တွေ ရှိသင့်ပါတယ်။ အတွေးအခေါ် အယူအဆသစ်တွကို လေ့လာဆန်းစစ်နိုင်ရန် အတွေ့အကြုံ ဗဟုသုတရှိဖို့ လိုပြန်ပါတယ်။ စာမဖတ်ရင် မျက်စိမှိတ်ယုံဖို့နဲ့ မျက်စိမှိတ်ဆန့်ကျင့်ဖို့ လောက်ပဲသိကြပါလိမ့်မယ်။ မြန်မာလူမျိုး အများစု ကောလဟာလတွေကို သေချာမလေ့လာပဲ ယုံကြည်လက်ခံတတ်ကြပြီး၊ မိမိသဘောထားနဲ့ မတိုက်ဆိုင်ရင် ဆန့်ကျင်လိုကြတာဟာ စာပေဗဟုသုတ အားနည်းလို့ ဖြစ်ပါတယ်။ အိမ်ရှင်မများ အမျိုးသမီးများ အားရင်အတင်းပြော လေကန်နေကြမဲ့အစား စာဖတ်စေချင်ပါတယ်။ မြန်မာအမျိုးသမီးများ ပညာပြည့်ဝပြီး၊ သတိဥာဏ်ညာရှိသူများဖြစ်စေဖို့ အမျိုးသားများက ကူညီထောက်ပံ့ ပေးရမှာဖြစ် ပါတယ်။ အမျိုသမီးများကို တန်ဖိုးထား နေရာပေးရမယ်။ အမျိုးသမီးများ ဘ၀လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက် ပေးရမယ်။ ဘ၀တသက်တာ လက်တွဲဖို့ လက်ထပ်ယူထားတဲ့ ဇနီးမယားအပေါ် မြတ်နိုးကြင်နာစွာနဲ့ သစ္စာရှိစွာ ပေါင်းသင်းစောင့်ရှောက် စေချင်ပါတယ်။ တာဝန်မယူနိုင်၍ဖြစ်စေ ဘ၀လက်တွဲဖော်အဖြစ် မရည်ရွယ်သော မိန်းကလေးများကို နှမချင်းစာနာ စိတ်တွေထားပြီး မိတ်ဆွေသူငယ်ချင်းကောင်း ပီသစွာ ကူညီစောင့်ရှောက် သင့်ပါတယ်။ အကင်းမပါးသော မိန်းကလေးများနဲ့ အညှာလွယ်သော မိန်ကလေးများကို အခွင့်ကောင်းယူ သိမ်းပိုက်တာတွေဟာ မိခင်လောင်းတွေကို အညွှန်ချိုးနေကြတာ ဖြစ်ပါတယ်။ ကျေးဇူးပြု၍ စောင့်ရှောက်ပေးကြလို့ မေတ္တာရပ်ခံချင်ပါတယ်။ သံသရာမှာ ဆွေမျိုးမတော်စပ်ခဲ့ဖူးသူမရှိဘူးလို့ မြတ်စွာဘုရားဟောကြားတော်မူခဲ့ ပါတယ်။ အညာလွယ်သော မလိမ်မိုးမလိမ်မာ မိန်းကလေးတွေဟာ အတိတ်ဘ၀တခုခုမှာ ကျွန်မတို့ရဲ့ ညီမငယ်လေးတွေ ဖြစ်ခဲ့ဖူးမှာပဲလို့ နှလုံးသွင်းဆင်ခြင်ပြီး ၀ိုင်းဝန်းစောင့်ရှောက်သင့်ပါတယ်။ မြန်မာအမျိုးသမီးများ ဘ၀အရည်အသွေး မြင့်မားမှသာ မျိုးဆက်သစ်များရဲ့ ဘ၀တွေ တောက်ပလန်းဆန်းပြီး၊ ငြိမ်းချမ်းသာယာသော ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီးများ ဘ၀ကိုမြင့်တင်ဖို့ အခြေခံပညာ အုတ်မြစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အမျိုးသမီးများ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ဖို့ လုံလောက်သောဝင်ငွေရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနေဖို့လည်းလို ပါတယ်။ ဘာသာတရား ကိုင်းရှိုင်းကြပြီး၊ စာရိတ္တ သတ္တိတွေ ရဲရင့်ခိုင်မာစေရန် စာဝတ်နေရေး ဖူလုံဖို့လိုပါတယ်။ မေတ္တာစိတ်ကြီးသော အမျိုးသမီးများ လောကိုအလှဆင်နိုင်သူများဖြစ်အောင် လိုအပ်သော လူမှုစီးပွားရေး အခြေအနေတရပ်ကို ဖန်းတီးပေနိုင်ကြပါစေလို့သာ ဆုတောင်းမိပါတယ်။

ရွှင်လန်းမြေ့ကြပါစေ…

 စံပယ်ဖြူ
 မြစ်တစ်စင်း၏ ရာဇ၀င်

Monday, October 21, 2013

အမေတစ်ယောက် လိမ်ညာမှုများ

ဒီဖြစ်ရပ်တွေဟာ ကျွန်တော်ကလေးဘ၀မှာ စတင်ခဲ့ပါတယ်..။ ကျွန်တော်ဟာ ဆင်းရဲတဲ့မိသားစုမှ မွေးဖွားလာရပါတယ်..။ တစ်ခါတစ်လေ တစ်မိသားစုလုံး စားဖို့မရှိလို့ ဗိုက်မှောက်နေခဲ့ရတဲ့ ဘ၀ပါ..။ ထမင်းစား တဲ့အချိန်တိုင်းမှာ အမေဟာ သူ့ပန်းကန်ထဲက ထမင်းအနည်းငယ်ကို ကျွန်တော့်ကို ခွဲပေးလေ့ ရှိပါတယ်..။ အဲ့လိုအချိန်မျိုးမှာလည်း အမေက "စား...သားလေး..၀အောင်စား…အမေက မစာဘူး.." ပြန်ပြောလေ့ရှိပါတယ်..။ အဲ့ဒါကတော့ အမေ့ရဲ့ ပထမဆုံးအကြိမ် လိမ်ညာမှုပါ.။
ကျွန်တော် ကြီးကောင်ဝင်လာခဲ့အခါ…ဇွဲကောင်းတဲ့ အမေဟာ သူမရဲ့ပိုတဲ့အချိန်တွေကို မြစ်ဘေးမှာ ငါးမြှားရင်း ကုန်ဆုံးစေခဲ့ပါတယ်..။ ဖမ်းမိလို့ရလာတဲ့ ငါးအကြီးတွေကို ကျွန်တော့်ကြီးထွားမှု အဟာရ အတွက်ချက် ပြုတ် ကျွေးမွေးလေ့ရှိပါတယ်..။ ကျွန်တော် အမေချက်ပေးတဲ့ ငါးဟင်းချိုကို သောက်နေတုန်း.. အမေကတော့ ကျွန်တော့်ဘေးမှာထိုင်ပြီး ကျန်တဲ့ငါးအသေးအနုတ်ဟင်းနဲ့သာ စားလျက်ရှိပါတယ်..။ ကျွန်တော် စိတ်မကောင်း ဖြစ်ပြီး တူနဲ့ ကျွန်တော့် ပန်းကန်ထဲက ငါးတစ်ကောင်ကို အမေ့ကို ထည့်ပေး ခဲ့ပါတယ်..။ ဒါပေမယ့် အမေက ချက်ချင်း ငြင်းပယ်လိုက်ပြီး "စားပါသားရဲ့… အမေက အဲ့ဒီလို ငါးအကြီးတွေ မကြိုက်လို့ မစားတာပါ.."တဲ့..။ ဒါကတော့ အမေ့ရဲ့ ဒုတိယအကြိမ် လိမ်ညာမှုပါ..။
ကျွန်တော် မူကြိုတက်တော့ အမေက စက်ရုံတစ်ခုက မီးခြစ်ဗူးခွံအဟောင်းတွေကို စုစည်းပြီး ပြန်လည် ပြုပြင်ကာ ဆိုင်မှာ ပြန်သွင်းပါတယ်..။ အဲ့ဒီကနေ ရတဲ့ ပိုက်ဆံနဲ့ ကျွန်တော့် ကျောင်းစရိတ်နဲ့ စားဝတ် နေရေး ကိစ္စတွေမှာ အသုံးပြုခဲ့ပါတယ်..။ ဆောင်းညတစ်ညမှာ.. ကျွန်တော် ရုတ်တရက်နိုးလာတော့ အိပ်ယာဘေးမှာ မအိပ်ပဲ မီးခြစ်ခွံဟောင်းတွေကို ပြန်လည်ပြုပြင်နေတဲ့ အမေ့ကို တွေ့လိုက်ရတယ်..။ ကျွန်တော်က "အမေ.. မအိပ်သေး ဘူးလား.. မနက်ဖြန်လည်း အစောကြီး အလုပ်သွားရအုံးမှာလေ.."ဆိုတော့… အမေက ပြုံးပြီး "အမေ ..မအိပ်ချင်သေးလို့ပါကွယ်… သား အိပ်တော့နော်…" တဲ့..။ ဒါကတော့ အမေ့ရဲ့ တတိယအကြိမ် လိမ်ညာမှုပါ..။
ကျွန်တော့်စာမေးပွဲ နောက်ဆုံးရက်မှာ.. အမေက အလုပ်ကနေ ခွင့်တစ်ရက်ယူပြီး ကျွန်တော်နဲ့ အတူ လိုက်ပါပေးခဲ့ပါတယ်..။ စာမေးပွဲဖြေနေချိန် ကျစ်ကျစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ အမေက ကျွန်တော့်ကို စောင့်နေခဲ့ပါတယ်..။ ခေါင်းလောင်းထိုးလို့ ကျောင်းဝန်းထဲကနေ ပြေးထွက်လာတဲ့ ကျွန်တော့်ကို အမေက ပွေ့ချီလိုက်ပြီး သူမပြင်ဆင်လာတဲ့ ရေခဲစိမ် အအေးတစ်ဗူးကို တိုက်ပါတယ်..။ ချွေးတွေစိုနေတဲ့ အမေ့ရဲ့မျက်နှာကိုကြည့်ပြီး အမေသောက်ဖို့ အချိုရည်ဗူး ပေးလိုက်တော့.. "သောက်ပါ သားရဲ့.. အမေက သောက်ပြီးသွားပြီ…" တဲ့..။ ဒါကတော့ အမေ့ရဲ့ လေးကြိမ်မြောက် လိမ်ညာမှုပါ..။

အဖေဆုံးပါးပြီးတဲ့အချိန်မှာ..၊ အမေဟာ တစ်ယောက်တည်း သူမရဲ့ အရင်အလုပ်အဟောင်းကို ဆက်လုပ်ကိုင်ရင်း မိသားစုတာဝန်ကို တစ်ဦးတည်း ယူခဲ့ရပါတယ်..။ ဒီလို အခြေအနေ ပိုဆိုး လာတဲ့ ကျွန်တော်တို့ မိသားစုဘ၀ အိမ်ဘေးနားက ဦးလေးတစ်ယောက်က ကိစ္စကြီးငယ် မရွေး အမြဲ လာ ရောက်ကူညီလေ့ရှိပါတယ်..။ ကျွန်တော်တို့ မိသားစုကို သနားတဲ့ အိမ်နီးနားချင်းများက အမေ့ကို ဦးလေးနဲ့ အိမ်ထောင်ပြုဖို့ တိုက်တွန်းတဲ့အခါမှာ အမေက "ကျွန်မအတွက် နောက်ထပ်အချစ် မလိုတော့ပါဘူး…" လို့ငြင်းပယ်ခဲ့ပါတယ်..။ ဒါကတော့ အမေ့ရဲ့ ငါးကြိမ်မြောက် လိမ်လည်ခြင်းပါ..။
ကျွန်တော် ကျောင်းပြီးလို့ အလုပ်တစ်ခုရပြီးချိန်မှာ အမေကတော့ သူမရဲ့ ၀မ်းစာအတွက် မနက်တိုင်း ဈေးကိုသွားပြီး ဟင်းသီး ဟင်းရွက်တွေ ရောင်းတဲ့အလုပ်ကို လုပ်နေပါတယ်..။ မြို့မှာ အလုပ်လုပ် နေတဲ့ ကျွန်တော်အနေနဲ့ အမေ့အတွက် ပိုက်ဆံကို မကြာခဏ ပို့ပေးပေမယ့်လည်း လက်မခံ ခဲ့ပါဘူး.. တစ်ခါတစ်လေ အမေကတောင် ပြန်ပို့ပေးပြီး "အမေ့မှာ ပိုက်ဆံရှိပါတယ်…" ဆိုပြီး ပြောခဲ့ပါတယ်..။ ဒါကတော့ အမေ့ရဲ့ ခြောက်ကြိမ်မြောက် လိမ်လည်မှုပေါ့..။
ဘွဲ့ရပြီးတဲ့နောက်မှာ ကျွန်တော် Master Degree ယူဖို့ ကျောင်းဆက်တက်ခဲ့ပါတယ်..။ ကျွန်တော် company တစ်ခုရဲ့ ထောက်ပံ့မှုနဲ့ scholarship ရခဲ့ပြီး အမေရိကန်ရဲ့ နာမည်ကျော်ကြားတဲ့ တက္ကသိုလ်တစ်ခုကနေ Degree ရယူခဲ့ပါတယ်..။ အခုတော့ ကျွန်တော်ဟာ ကုမ္ပဏီတစ်ခုမှာ မြင့်မား တဲ့လစာနဲ့ အလုပ်လုပ်နေပါပြီ..။ အမေ့ကို ကျွန်တော်နေတဲ့နေရာကို လိုက်လာဖို့ ပြောတော့ အမေက…"အမေနဲ့ အဲ့ဒီဒေသနဲ့ အသားကျမှာ မဟုတ်ပါဘူးကွယ်.." ဆိုပြီး ငြင်းပယ်ခဲ့ပါတယ်..။ ဒါကတော့ အမေ့ ရဲ့ ခုနှစ်ကြိမ်မြောက် လိမ်ညာမှုပါ..။
အသက်အရွယ်ကြီးလာတာနဲ့အမျှ ကျောရိုးကင်ဆာ ခံစားနေရတဲ့အမေဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါပြီ..။ အဝေးကနေ ရောက်လာတဲ့ ကျွန်တော့်ကို ခွဲစိတ်မှုခံယူပြီး ကုတင်ပေါ်မှာ လဲလျောင်း နေတဲ့ အမေက ကျွန်တော့်ကို အားယူပြီး ပြုံးပြဖို့ ကြိုးစားပါတယ်..။ အမေ့ရဲ့ ခန္ဓာကိုယ်မှာလည်း ရောဂါရဲ့ နှိပ်စက်မှု ဒဏ်တွေကို မြင်တွေ့နေရပြီး အမေက အရမ်းအားနည်းပြီး ပိန်သွားတယ်လို့ ထင်မိပါတယ်..။ အမေရဲ့ ဒီလို အခြေအနေကိုမြင်ရတော့ ကျွန်တော် စိတ်မထိန်းနိုင်ပဲ ငိုလိုက်မိပါ တယ်..။ ဒါပေမယ့် အမေက အားယူပြီး "မငိုပါနဲ့ သားရယ်.. အမေ ဘာမှ မဖြစ်ပါဘူး.."..

ဒီလို နောက်ဆုံးအကြိမ် ကျွန်တော့် လိမ်ညာအပြီးမှာတော့ အမေဟာ သူရဲ့မျက်လုံးကို အပြီးတိုင် ပိတ်လိုက်ပြီး အဲ့ဒီအချိန်ကစလို့ ကျွန်တော် အမေ့ရဲ့ အလိမ်အညာ စကားတွေကို မကြားခဲ့ရတော့ပါဘူး..
 

Saturday, October 19, 2013

"အမေ "



ဘ၀မှာ အောင်မြင်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်နေနိုင်ပြီဖြစ်တဲ့ ကျွန်တော့်မှာ အပြင်းထန် ဆုံး ဆန္ဒတစ်ခုရှိပါတယ်..။ အဲ့ဒါကတော့ ငယ်စဉ်ကတည်းက ကျွန်တော့်အတွက် စွန့်လွတ်အနစ်နာခံ ပြုစု ပျိုးထောင်ပေးခဲ့တဲ့ အမေ့ကို တစ်ခုခု ပြန်လည် ပေးဆပ်ချင်တာပါပဲ..။ ဒါကြောင့် တစ်နေ့မှာ….
"အမေ… အမေ့ကို ကျွန်တော် တစ်ခုခုပေးချင်တယ်..။ တစ်ခုခု လုပ်ပေးချင်တယ်..၊ အမေ သားအပေါ်မှာ ချစ်ခဲ့သမျှ စွန့်လွတ်အနစ်နာခံခဲ့သမျှတွေအတွက် သား တစ်ခုခု ပြန်လည် ပေးဆပ်ချင်တယ်.."
အမေက ကျွန်တော့်ကို အံ့သြတဲ့ပုံစံနဲ့ကြည့်ပြီး
"သားက ဘာလို့ ဒီလိုထင်ရတာလဲ..။ သားအမေ့ကို ဘာမှ ပြန်ပေးဆပ်ဖို့ မလိုပါဘူး..။ အမေတစ် ယောက်ရဲ့တာဝန်ကို အမေလုပ်ခဲ့တာပါ..။ ပြီးတော့ အမေတစ်ယောက်ရဲ့ အချစ်တွေအတွက် သားက ပြန်လည် ပေးဆပ်ဖို့ဆိုတာ နည်းလမ်းလည်း မရှိပါဘူးကွယ်…"
ကျွန်တော်ကလည်း မကျေနပ်နိုင် သေးပဲ အမေ့ကို တစ်ခုခု ပြန်လည် ပေးဆပ်နိုင်ဖို့အတွက် ကြိုးစားပြီး ပြောဆိုနေသလို.. အမေကလည်း တောက်လျှောက်ကို ငြင်းနေပါတော့တယ်..။ နောက်ဆုံး..
"ကဲ..ကဲ… သားဒီလောက်တောင် ဆန္ဒရှိနေရင်လည်း.. ဒီည သား အမေ့အိပ်ယာမှာ အမေနဲ့အတူ လာအိပ်… သားငယ်ငယ်တုန်းက အတိုင်းပေါ့… အဲ့ဒါ အမေ့ဆန္ဒပဲ…"
ကျွန်တော် ပျော်ရွင်စွာ မဆိုင်းမတွပဲ အမေ့ဆန္ဒကို လိုက်လျောဖို့ ဆုံးဖြတ်ခဲ့တယ်..။

ကျွန်တော် အမေအိပ်ယာပေါ်မှာ အမေနဲ့အတူ အိပ်ပျော်သွားပြီး ခဏအကြာမှာပဲ အမေဟာ အိပ်ယာက ထပြီး မီးဖိုချောင်ထဲက ရေပုံးတစ်ပုံးကို ယူလာတယ်..။ ပြီးတော့ ရေခွက်တစ်ခွက်နဲ့ ကျွန်တော့် အိပ်ယာဘက်အခြမ်းကို လောင်းလိုက်တယ်..။ အိပ်ချင်မူးတူး ဖြစ်နေတဲ့ ကျွန်တော်ဟာ စိုတွေ့တဲ့အထိအတွေ့ကြောင့် တစ်ခြား အိပ်ယာဘက်ခြမ်းကို ကိုယ်ကိုလှိမ့်ပြီး ပြောင်းအိပ်လိုက် တယ်…. ကျွန်တော် ပြန်အိပ်ပျော်သွားတာနဲ့ အမေဟာ တစ်ခြားဘက်ကို ထပ်ပြီး အိပ်ယာခင်းပေါ်ကို ရေတွေ ထပ်လောင်းချလိုက်တယ်..။
ရေစိုတဲ့အထိအတွေ့ကြောင့် ဒီတစ်ခါတော့ ကျွန်တော်နိုးလာခဲ့ပြီး အိပ်ယာတစ်ခုလုံး စိုရွှဲနေတာကို တွေ့လိုက်ရတယ်..။ အမေကတော့ လက်ထဲမှာ ခွက်နဲ့ ရေပုံးကိုင်ပြီး ကုတင်ဘေးမှာ ရပ်နေပါတယ်.။ ကျွန်တော် စိတ်ဆိုးစွာနဲ့ပဲ
"အမေ ဘာလုပ်နေတာလဲ..။ ဒီမှာ ကျွန်တော် အိပ်လို့တောင် မရတော့ဘူး..။ ကုတင် တစ်ခုလုံး လည်း စိုရွှဲနေတာပဲ..။ အမေ သားကို ဒီလို ရေစိုနေတဲ့နေရာမှာ အိပ်စေချင်နေတာလား.."
"အမေ သားငယ်ငယ်တုန်းက.. သားရှုးပေါက်ချလို့ စိုနေတဲ့ ကုတင်ပေါ်မှာ အိပ်ခဲ့တယ်..။ သားရဲ့ သေးစိုနေတဲ့ ဘောင်းဘီကိုလဲပေးပြီး ခြောက်တဲ့ဘက်ခြမ်းမှာ သိပ်ခဲ့သလို အမေကတော့ စိုတဲ့ အခြမ်း မှာ အိပ်ခဲ့တယ်..။ သားက အမေ့ကို တစ်ခုခု ပြန်လည် ပေးဆပ်ချင်တယ်ဆို..။ ဒီလို စိုနေတဲ့ ကုတင် ပေါ်မှာ သား တစ်ညလောက် အမေနဲ့အတူ အိပ်ပေးနိုင်မလား….."
သင်ခန်းစာ ။    ။ လောကမှာ ရှိသမျှ အကြွေးတွေအကုန်လုံးကို ပြန်ဆပ်နိုင်ပါလိမ့်မယ်..။ ဒါပေမယ့် အမေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ စွန့်လွတ် အနစ်နာခံမှုတွေကိုတော့ ပြန်ဆပ်လို့ရမှာ မဟုတ်ပါဘူး..။ ကျွန်တော်တို့ဟာ အမေရဲ့ သွေးသား အပိုင်းအစတွေ စုစည်းထားတာဖြစ်ပါတယ်..။ ဒါကို ကျွန်တော်တို့မေ့ဖို့မသင့်ပါဘူး ဘာလို့လဲဆိုတော့ အမေတွေက ဒါကို ဘယ်တော့မှ မမေ့ထားလို့ပါပဲ..။
ကျွန်တော် သိပါတယ်.. ဒီအချိန်မှာ သင် …အမေ့ ကို သတိရ လွမ်းစွတ် နေပါလိမ့် မယ်..။ ချက်ချင်းပဲ သင့်အမေကို ပွေ့ဖက်ပြီး "အမေ့ကို ချစ်တယ်" လို့ပြောလိုက်ပါ..။ အဝေးမှာ ရောက်နေရင် ဖုန်းဆက်လိုက်ပါ..။ သင်နဲ့အတူ ရှိမနေတော့ဘူးဆိုရင်တော့ သင့်နှလုံးသားထဲမှာ ဒီစကားလေးကို အမြဲတမ်းသိမ်းဆည်းထားလိုက်ပါ..။

အာဖရိကန် မြွေဖမ်းသမားများ...



internet
Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...