Blogger Tips and TricksLatest Tips And TricksBlogger Tricks

ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

Saturday, September 21, 2013

အိမ်ထောင်ရေးဖောက်ပြန်ခြင်း(တွေးစရာလေးပါ)

အမျိုးသား - ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကို
ရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လို လုပ်ရမလဲ။

အတိုင်ပင်ခံ - ဒီမိန်းကလေးဟာ သင့်ဘ၀အတွက် နောက်ဆုံး ချစ်နိုင်တဲ့
မိန်းကလေးဆိုတာ သင်သေချာလား။

အမျိုးသား - ဟုတ်ပါတယ်။

အတိုင်ပင်ခံ - ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။

အမျိုးသား - ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။
ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာ ကျမလား။

အတိုင်ပင်ခံ - အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခု
မင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။

အမျိုးသား - ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။

အတိုင်ပင်ခံ - ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ်။

အမျိုးသား - ကွာရှင်းပြီး တခြားမိန်းကလေးကို လက်ထက်လိုက်ရင်
သူနာကျင်ခံစားရလိမ့်မယ်။

အတိုင်ပင်ခံ - အိမ်ထောင်အရပြောရရင် မင်းကို ချစ်နေတဲ့ အချစ်ကို သူမ
ပိုင်ဆိုင်နေမယ်။ ဒါပေမဲ့ ဒီအိမ်ထောင် မှာ မင်းက သူ့ကို ချစ်တဲ့ အချစ် မင်းမှာ
မရှိတော့ဘူး။ မင်းက တခြားတစ်ယောက်ကို မင်းရဲ့အချစ်တွေပေးလိုက်လို့။ မင်း သူ့ကို
မချစ်တော့တဲ့ အတွက် မင်းဆုံးရှုံးနေတာ နာကျင်မှာ မင်းပဲ။

အမျိုးသား - ကျွန်တော် နောက်တစ်ယောက်နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်သစ်ကို
အစပြုတော့မှာ။ သူ့ ကျွန်တော့်ကို ဆုံးရှုံးတာ။

အတိုင်ပင်ခံ - မင်းမှားနေပြီ။ သူမ က ဒီအိမ်ထောင်မှာ ဒီအချစ်စစ် တစ်ခုနဲ့
သူလျှောက်လှမ်းနေတာ။ သူ့ရဲ့ အချစ်စစ်ကို သူပေးဆပ်တယ်။ သူ ပျော်တယ်။ မင်းသာ
မင်းကို အချစ်စစ်နဲ့ ချစ်နေတဲ့သူကို မင်းလက်လွတ်ဆုံးရှုံးရမှာ။


အမျိုးသား - သူမပြောဖူးတယ်။ သူမက ကျွန်တော်ကလွဲပြီး တခြားတစ်ယောက်ကို
မချစ်နိုင်တော့ဘူးတဲ့။

အတိုင်ပင်ခံ - ဒီလို စကား မင်းကော ပြောဖူးသလား။

အမျိုးသား - ကျွန်တော်………..

အတိုင်ပင်ခံ - မင်းရှေ့ကဖယောင်းတိုင် ၃ တိုင်ကို ကြည့်လိုက်။ ဘယ်ဟာ
အလင်းဆုံးလဲ။

အမျိုးသား - မသိပါဘူး။

အတိုင်ပင်ခံ - ဒီဖယောင်းတိုင် ၃ တိုင်သာ မိန်းကလေး ၃ ယောက်ကို
ကိုယ်စားပြုနေမယ်ဆိုရင် ဒီ လူ့လောကမှာ မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရှိတယ်။
ဒီ ၃ တိုင်တောင် ဘယ်တိုင်က ပို လင်းပြီး တောက်ပ နေတယ်ဆိုတာ မင်းမပြောနိုင်ဘူး။
အခု မင်းချစ်နေတဲ့ တစ်ယောက်က မင်းရဲ့ နောက်ဆုံးချစ်နိုင်တဲ့ မိန်းကလေးဆိုတာကို
မင်း ပြောနိုင်လား။

အမျိုးသား - ကျွန်တော်…………

အတိုင်ပင်ခံ - မင်း အခု ဖယောင်းတိုင်တစ်တိုင်ကို မင်းယူလိုက်။ မင်းစိတ်နဲ့
ကြည့်လိုက် ဘယ်အတိုင် အလင်းဆုံးလဲ။

အမျိုးသား - ကျွန်တော် ကိုင်ထားတဲ့ အတိုင်ပေါ့ဗျာ။

အတိုင်ပင်ခံ - ကယ် နဂိုနေရာပြန်ထားလိုက်။ ဘယ်အတိုင် အလင်းဆုံးလဲ။

အမျိုးသား - မသိတော့ဘူး။

အတိုင်ပင်ခံ - မင်းခုနက ယူလိုက်တဲ့ ဖယောင်းတိုင်က မင်းလက်ရှိ မိန်းမကို
ကိုယ်စားပြုမယ်ဆိုရင် အချစ်ဆိုတာ ရင်ထဲက ဖြစ်လာတဲ့ အတွက် မင်း သူ့ကို ချစ်နေရင်
မင်းစိတ်ထဲမှာ သူဟာအလင်းဆုံး မင်းသာ သူ့ကို စိတ်ထဲမှာ မထားဘူး
နဂိုနေရာမှာဆိုရင် မင်းစိတ်ထဲကို မထည့်တဲ့ အတွက် အလင်းဆုံးကို မင်းတွေ့မှာ
မဟုတ်ဘူး။ ချစ်တယ် မချစ်တယ် ဆိုတာ မင်းရဲ့ စိတ်ပါပဲ။


အမျိုးသား - အော်။ ကျွန်တော်နားလည်ပါပြီ။ တကယ်ကွာရှင်းခိုင်းတာမဟုတ်ပါဘူးလား။
လမ်းမှန်ကို ရောက်အောင် လမ်းညွန်ပြနေတာပါလား။

အတိုင်ပင်ခံ - ကယ် နားလည်ပြီဆိုရင် မင်းရဲ့ စိတ်နဲ့ အလင်းဆုံး
ဖယောင်းတိုင်တစ်တိုင်ကို မင်းစိတ်နဲ့ သွားရှာတော့…..

အမျိုးသား - ကျွန်တော် ရင်ထဲမှာ ဘယ်သူအလင်းဆုံးလဲ ဆိုတာ ကျွန်တော်သိပြီ။
ကျွန်တော့် မိန်းမပါ။

ဒီ လူ့လောကကြီးမှာ အိမ်ထောင်ရေးဆိုတဲ့ တံတိုင်းကြီးပေါ့… တံတိုင်းထဲ နဲ့
တံတိုင်းပြင် ပေါ့။
အပြင်မှာ ရှိနေတဲ့ သူတွေက အထဲဝင်ချင် အထဲမှာရှိတဲ့ သူက အပြင်ထွက်ချင်။ အထဲမှာ
ရှိတဲ့ သူတွေကလဲ အပြင်ဘက်က ရူ့ခင်းတွေကို ကြည့်ချင်။ ရထား
ပိုင်ဆိုင်ထားတာတွေနဲ့ မကျေနပ်ကြဘူး။ မရောင့်ရဲကြဘူး။ မိုးပေါ်ကကြယ်လေးတွေ
လင်းလက်နေတာကို မက်မောကြတယ်။ ကိုယ့်ရဲ့ အိမ်မှာ နွေးထွေးတဲ့ ဟင်းနဲ့
စောင့်နေတာကို မမြင်ကြဘူး။ သာမာန်ရိုးကျ နေ့စဉ်လုပ်ရပ်တွေကို ငြီးငွေ့လာတယ်။
အချစ်သစ်ရဲ့ စိတ်လှုပ်ရှားမှုတွေကို မက်မောလာတယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို
အဝေးမှာပဲ ထင်ပြီး နောက်တစ်ယောက် လာခေါ်ဆောင်မှုကို စောင့်စားနေတယ်။.
နောက်တစ်ယောက်ကြောင့် ဘ၀ဟာ စိုပြေလာတယ်လို့ ထင်လာတယ်…. ဒါကို သင်က
ကျေနပ်နေမိတယ်….
တစ်ချို့အရာတွေက မသိစိတ်ကနေ စိတ်ထဲမှာ ဖြစ်ပေါ်လာတယ်… စိတ်ထဲမှာ ဖြစ်လာတဲ့
အတိုင်း လုပ်ကြတယ်….. ဒီလိုနဲ့ ပဲ ဖေါက်ပြန်မှုတွေက များပြားလာတော့တာပေါ့…….

(တက္ကသိုလ် ဘုန်းနိုင်)

Wednesday, September 18, 2013

အောင်မြင်သော ဘ၀တစ်ခု၏ သင်္ကေတများ…

ဆရာဒေါက်တာခင်မောင်ညို(ဘောဂဗေဒ)ဘာသာပြန်ဆိုထားတဲ့စာအုပ်ထဲက
> အောင်မြင်သောဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက်
> သတိပြုသင့်တဲ့အချက်လေးနဲ့ ထားရှိရမည့်စိတ်ထားတွေကို ကမ္ဘာသစ်သူငယ်ချင်းများအတွက်
> မျှဝေ ပေးလိုက်ပါတယ်.
>
> (၁) အောင်မြင်ခြင်း၏ တည်နေရာ…
>
> …ဘ၀မှာအောင်မြင်မှုဆိုတာ ကိုယ့်ရဲ့ခံစားမှုနဲ့ ကိုယ့်ရဲ့အတွေးပေါ် မူတည်ပါတယ်.
> ကိုယ့်ခံစားချက်. ကိုယ့်အတွေးဆိုတာကလည်း ကိုယ့်စွမ်းအားကို
> ဘယ်လိုအသုံးချတယ်ဆိုတဲ့အပေါ် မူတည်ပါတယ်.
> ငွေရေးကြေးရေးအချိန်တွေလိုဘဲ ကိုယ့်ရဲ့စိတ်စွမ်းအားဟာလည်း အရေးပါတဲ့
> စွမ်းအားတစ်ခုဖြစ်ပါတယ်.
>
>
>
> (၂) ပေးသူလား. ယူသူလား…
>
> …လောကမှာလူနှစ်မျိုးရှိတယ်. ပေးသူနဲ့ယူသူဖြစ်တယ်.
> …အောင်မြင်သူတွေဟာ ရှိသူ.ယူသူတွေလို့ထင်ကြတယ်.
> …တကယ်တော့ အောင်မြင်သူတွေဟာ ပေးသူတွေဖြစ်ကြပါတယ်.
>
> (၃) မတူထူးခြားတဲ့နေ့…
>
> …ဒီနေ့ဟာ ကံမကောင်းပြန်ဘူးလို့ မပြောနဲ့
> …ဒီနေ့ဟာ တစ်ခြားနေ့တွေနဲ့မတူ ခြားနားတဲ့နေ့ဖြစ်တယ်.
>
> (၄) အပင်ပန်းမခံပါနဲ့
>
> …မျက်မှောင်ကြုတ်ရန်အတွက် ကြွက်သား(၆၅)ခုလိုသော်လည်း ပြုံးရန်အတွက်
> ကြွက်သား(၁၀)ခုမျှသာ အသုံးပြုရသည်.
>
> (၅) သတိ…
>
> …သူတစ်ပါးနောက်ကွယ်မှာ မကောင်းမပြောပါနဲ့. များများချီးကြူး. နည်းနည်း ဝေဖန်.
> ထမင်းစားချိန်မှာ ငြင်းခုံစရာ မပြောပါနှင့်.
> …အိပ်ရာမ၀င်ခင်မှာ အငြင်းပွားစရာ ရှောင်ပါ.
> …အလုပ်အားလပ်ရက်မစမှီ ပြဿနာမရှာပါနှင့်.
> …သင်က ခဏလေးအတွင်းမှာ မေ့သွားမှာဖြစ်ပေမဲ့ တစ်ခြားသူတွေက တစ်သက်လုံး
> ချမှတ်သွားမယ့်စကားဆိုးတွေကို မပြောပါနဲ့.
>
>
>
> (၆) ပိုပျော်ရသူ…
>
> …လက်ဆောင်တွေဟာ ရသူကိုသာ ကျေနပ်ပျော်ရွှင်စေတာမဟုတ်. ပေးသူကို
> ပိုပြီးပျော်ရွှင်ချမ်းမြေ့စေပါတယ်.
>
> (၇) အောင်မြင်မှုနောက်က မအောင်မြင်မှုများ…
>
> …စိတ်အနှောက်အယှက်ဖြစ်စရာတွေဟာ အလုပ်တွေများနေရင်လည်း ဖြစ်တတ်တယ်.
> အချိန်မရှိရင်လည်းဖြစ်တတ်တယ်. အောင်မြင်မှုမရလို့လည်း ဖြစ်နိုင်တယ်.
> …အချိန်တိုအတွင်းမှာ အောင်မြင်မှုအများကြီးရရင်လည်း ဖြစ်နိုင်တယ်.
> အောင်မြင်လေ. နာမည်ကျော်လေ. လူတွေဝိုင်းလေ ခင်ဗျားဆီက တစ်ခုခုကို ရယူဖို့
> ကြိုးစားလေ. စိတ်အနှောက်အယှက်ပိုဖြစ်ရလေဘဲ.
>
>
>
> (၈) တောင်ထိပ်က သစ်တစ်ပင်…
>
> …အမြင့်ရောက်လေ လေတိုးလေ. ဌာနအကြီးအကဲဖြစ်လေ လူသိလေ. လူမြင်လေ.
> အတိုက်အခိုက်ပိုများလေ. အားလုံးရဲ့ပစ်မှတ်ဖြစ်လေ.
> …တစ်ယောက်ရဲ့အောင်မြင်မှုဟာ တခြားလူတွေအတွက် အားကျစရာ. အတုယူစရာ. မနာလိုစရာ.
> စိတ်အနှောက်အယှက် ဖြစ်စရာတွေ ဖြစ်သွားတတ်တယ်.
> …အောင်မြင်ပြီဆိုရင် မနာလိုတာခံရမယ်.
>
> (၉) စေတနာ နောင်တ…
>
> …သင့်ရဲ့စေတနာ သဒ္ဓါတရားက တစ်ခြားလူတစ်ယောက်ရဲ့ ၀န်ထုပ်ဝန်ပိုးကို
> လျော့ပါးစေနိုင်တယ်.
> …ဒီအကျိုးကျေးဇူးဟာ ပြန်လည်တုန့်ပြန်လာတတ်ပါတယ်. ပေးသင့်တာ.
> ရက်ရောသင့်တာထက်ပိုပြီး ပေးလိုက်မိတယ်လို့ ဘယ်တော့မှ နောင်တမရပါနဲ့.
>
> မြန်မာတိုင်းဂျာနယ် (၂၉.၁.၁၀)မှ အောင်မြင်မှုနဲ့ ပတ်သက်ပြီး မှတ်သားစရာလေးပါ
> တွဲပြီးမျှဝေပေးလိုက်ပါတယ်.
>
> (၁၀)အောင်မြင်မှုရဖို့ ပြင်းပြတဲ့စိတ် (Burning Desire) နဲ့ အားထုတ်မှု
> (Effort) ကသာ အဓိကပါ.
> “ပညာလိုအိုသည်မရှိ” ဆိုရိုးစကားရှိသလို ပညာရဖို့အတွက် ငွေကြေးပြည့်စုံမှ
> ဖြစ်မယ်ဆိုတာ မေးခွန်းထုတ်စရာတစ်ခုပါ.
>
> တကယ်တော့ ပညာဘဲဖြစ်ဖြစ်. လိုချင်တာတစ်ခုကိုဘဲဖြစ်ဖြစ် ရလိုချင်တဲ့ ပြင်းပြ
> တဲ့ဆန္ဒကသာ အဓိကဖြစ်ပါတယ်.
> လူတစ်ယောက်ချင်းစီမှာရှိတဲ့ ကံအကျိုးပေးက တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး.
>
> တစ်ချို့လူတွေက အောင်မြင်မှုတစ်ခုဆီရောက်ဖို့ အဘက်ဘက်က ပံ့ပိုးမှုတွေ ရသလို
> အချို့ကျတော့လည်း အခက်အခဲမျိုးစုံကြားမှာ ကိုယ့်အားကိုယ်ကိုး ကြိုးစားကြရပါတယ်.
> အောင်မြင်မှုဆိုတာ ဘယ်သူသာပိုင်စေဆိုပြီး သတ်မှတ်ထားတဲ့အရာ မဟုတ်ပါဘူး.
> ချမ်းသာဆင်းရဲမရွှေး. မျက်နှာကြီးငယ်မလိုက်ဘဲ ကြိုးစား အားထုတ်မှုရှိသူသာ
> ခံစားနိုင်တဲ့အရာမျိုးပါ.
>
> …အောင်မြင်သောဘ၀တစ်ခုကို တည်ဆောက်နိုင်ကြပါစေ.
>ဖတ်မိသမျှ မှတ်မိသမျှ

Tuesday, September 17, 2013

ဆံသားနှင့်အရေပြားများကို ပျက်စီးစေသောအကြောင်း (၈)ရပ်




(၁) ရေနွေးပူနဲ့ မျက်နှာသစ်ခြင်း။

ခံနိုင်ရည်စွမ်းအားထက်ပိုပူတဲ့ ရေနွေးနဲ့  မျက်နှာသစ်ခြင်းက သွေးကြောတွေပျက်စီးစေကာ၊ အသားအရေခြောက်သွေ့ ပြီး အရေ ပြားများ ပက်ကျားအက်လာစေပါတယ်။ ပုံမှန်ရေအေးနဲ့ သာမျက်နှာသစ်ပါ (သို့ မဟုတ်) ကြက်သီးမွေးညင်းထရုံလောက် ရေနွေး နွေးလေး ကိုသာသုံးပါ။

(၂) အလွှာလိုက်ကွာကျစေခြင်း။

မျက်နှာပေါ်ကအမဲစက်၊ မှည့်ခြောက်၊ တင်းတိပ်တွေကို ဖယ်ရှားပေးတဲ့ ကရင်မ်တွေက မျက်နှာပေါ်ရှိ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျကာ မျက်နှာဖြူလာစေတာမှန်သော်လဲ၊ တစ်ပတ် ၂-ကြိမ်ထက် ပိုလိမ်းပါက အရေပြားကိုပျက်စီးသွားစေပါ တယ်။

(၃) မိတ်ကပ်တွေနဲ့ အိပ်စက်ခြင်း။

အရေပြားကို ပျက်စီးစေမှုအများဆုံးအကျင့်ဆိုးထဲမှာ မိတ်ကပ်မဖျက်ဘဲညအိပ်တာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အဲဒီလို အိပ်စက်ခြင်းက မျက်နှာအသားအရေမှာ အောက်စီဂျင်ပြတ်လပ်၍ ချွေးပေါက်များပိတ်သွားကာ ပြည်တည်ဝက်ခြံစိုပေါက်ခြင်း၊ အရွယ်မတိုင်ခင် အရေပြားတွန့် ခြင်း စသည်တို့ ဖြစ်စေပါတယ်။

(၄) ဆံပင်ကိုဆီတွေနဲ့ ကြာမြင့်စွာထားခြင်း။

အမျိုးသမီးအများစုက ခေါင်းလျှော်ပြီးတဲ့အခါ အုန်းဆီ(သို့ မဟုတ်)ခေါင်းလိမ်းဆီရွှဲနေအောင် လိမ်းပြီး၊ နောက်နေ့ တွေ ခေါင်းမ လျှော်မချင်း ဆံပင်ကိုအဲဒီဆီတွေနဲ့  ကြာမြင့်အောင်ထားလေ့ရှိပါတယ်။ အဲဒီအပြူအမူက ဦးရေပြားချွေးပေါက်ပိတ်ကာ၊ ချွေးနဲ့  ဆီတို့ ရော၍ ဆံသားနဲ့ ဦးရေပြားတို့ ချေးညှော်တက်စေပြီး ဆံပင်ကျွတ်ထွက်စေပါတယ်။ ဖြစ်နိုင်ရင် ဆံပင်နဲ့ ဦးရေပြားတို့ ကို ဆီဖြင့်နှိပ်ပြီးနောက် ၁-နာရီခန့် ကြာမှာ ခေါင်းလျှော်ပါ။ လျှော်ပြီးနောက် ဆီ(သို့ မဟုတ်)hair coat ပါးပါးလူး၍ ဆံပင်ရှင်းပေးပါ။

(၅) moisturizer အလှပြင်ပစ္စည်းကို နည်းလမ်းမှန်သုံးစွဲတတ်ပါစေ

ဝက်ခြံရှိသူများအတွက် ရိုးရိုး moisturizer တစ်မျိုးတည်းပါဝင်သော မိတ်ကပ်၊ ကရင်ပတ်ဖ် တွေသုံးခြင်းထက်၊ oil free moisturizer အမျိုးအစားကိုသာ ရွေးချယ်သုံးစွဲပါ။

(၆) အိပ်ရေး၀၀မအိပ်ခြင်း။

အိပ်ရေး၀၀အိပ်စက်ခြင်းက အရေပြားများ ကြည်လင်လတ်ဆတ်စေကာ၊ အရွယ်တင်နုပျိုစေပါတယ်။ ညဉ့် နက်မှအိပ်ယာဝင်တဲ့ အလေ့အကျင့်ကို ပြင်ပါ။ တနေ့ မှာ အနည်းဆုံး ၇ (သို့ မဟုတ်) ၈-နာရီကြာအိပ်စက်ပါ။

(၇) ဆေးလိပ်သောက်ခြင်း။

ဆေးလိပ်သောက်ခြင်းက နှလုံး၊ အဆုပ်၊ ကင်ဆာ စသည်ဖြင့် ကျမ္မာရေးကိုအလုံးစုံ ယိုယွင်းစေရုံသာမက၊ မျက်ကွင်းညိုခြင်း၊ နှုတ်ခမ်းအရောင်မဲခြင်း၊ အရေပြားတွေအနီကွက်ထ၍ယားယံခြင်း၊ အရေပြားများအရွယ်မတိုင်ခင်အိုမင်းကာ အရေးကြောင်း များတွန့် ခြင်း စသည်တို့ ဖြစ်လာစေပါတယ်။

(၈) ဆံပင်ကိုခပ်တင်းတင်းစုစည်းချည်နှောင်ထားခြင်း။

ponytail(ခေါ်)ခေါင်းတခေါင်းလုံးရှိ ဆံပင်အားလုံးကို နောက်ဘက်သို့ သိမ်း၍ စုစည်းချည်နှောင်ခြင်းက တခါတရံမှာ အမြင်ဆန်း စေသော်လဲ၊ မကြာခဏလုပ်ခြင်းက နဖူးပြောင်စေပြီး ဆံပင်များ အထွေးလိုက်ကျွတ်ကျလာတတ်ပါတယ်။

(ပေါက်ပေါက်….မျှဝေသည်)

Monday, September 16, 2013

အသည်းကွဲသူ

တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို
"ဆိုကရေးတီး"ကတွေ့တော့ "ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်းပက်လက်
ငိုကြွေးနေသလဲ" လို့ မေးလိုက်တယ်။

အသည်းကွဲသူက "ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုထားသွားလို့
အရမ်းခံစားရနေတယ်" လို့ ပြန်ဖြေတယ်။ သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးက
တဟားဟား အော်ရယ်ပြီး "မင်း တော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။

အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး
"ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင်
ရီနေရသလား" လို့ ပြောတော့ "မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ
မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့
လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို
ဆုံးရှုံးတဲ့အပြင် လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့
ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။

လိုက်နာမှတ်သား ကျင့်ဝတ်များ

လင်ကျင့်ဝတ်(၅)ပါး

၁။ နှိမ့်ချ၍ မဆက်ဆံချင်း ၊ မထီမဲ့မြင် မပြုချင်း ။

၂။ စည်းစိမ်ဥစ္စာကို အပ်နှင်းခြင်း ။

၃။ မယားအငယ် အနှောင်းမထားခြင်း ။

၎။ အ၀တ်တန်ဆာ ဆင်ပေးချင်း ။

၅။ မြတ်နိုးကြင်နာမှုရှိခြင်း ။

{ဆောင်ပုဒ်}

မထီမဲ့ကင်း ၊ အပ်နှင်းဥစ္စာ ၊ မိစ္ဆာမမှား ၊ ၀တ်စား ဆင်ယင် ၊ မြတ်နိုးကြင် ၊

ငါးအင် လင်ကျင့်ရာ။

......................................................................................

မယားကျင့်ဝတ် ( ၅ )ပါး

၁။ ချက်ပြုတ် ချုပ်လုပ်ခြင်း ၊ အိမ်တွင်းမှု ကြီးငယ်ကို ကောင်းစွာ စီမံ

လုပ်ဆောင်ခြင်း။

၂။ ရှာဖွေ စုဆောင်းရရှိသည့် ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ။

၃။ မိမိလင်မှတစ်ပါး အခြားယောက်ျား၌ လွန်ကျူးသော အပြစ်မှကင်းခြင်း။

၎။ နှစ်ဖက်တွေမျိုးတို့ကို ချီးမြှောက်ခြင်း။

၅။ နေထွက်မှနေ၀င် အိမ်မှုကိစ္စ အမြဲမပြတ် လုပ်ဆောင်၍ ပျင်းရိမှုကင်းခြင်း။

{ဆောင်ပုဒ်}

အိမ်တွင်းမှု့လုပ် သိမ်းထုပ်သေချာ မိစ္ဆာကြည်ရှောင် လျော်အောင်ဖြန့်ချီ

ပျင်းရိမမူ ၀တ်ငါးဆူ အိမ်သူကျင့်ဝတ်သာ။

....................................................................................

အလုပ်သမားကျင့်ဝတ် (၅)ပါး

၁။ အလုပ်ရှင် အိပ်ပြီး နောက်မှ အိပ်ခြင်း။

၂။ အလုပ်ရှင် မထမီ အိပ်ယာမှ စောစောထခြင်း။

၃။ တစ်စုံတစ်ရာ ပစ္စည်းဝတ္ထုကို အရှင်သခင်က ပေးမှသာယူခြင်း။

၎။ အမှု့ကိစ္စကို စေ့စပ်သေချာစွာ လုပ်ကိုင်ဆောင်ရွက်ခြင်း။

၅။ အလုပ်ရှင်၏ ကျေးဇူးသတင်း ကျော်စောခြင်းကို ကောင်းစွာဆောင်ခြင်း။

{ဆောင်ပုဒ်}

အိပ်သော် နောက်ကျ ၊ ထသော်ရှေး ၊ ပေးမှယူအပ် ၊ စေ့စပ်ဆောင်ရွက် ၊

ကျေးဇူးမြွတ် ငါးချက် အလုပ်သမား ကျင့်ဖွယ်ရာ။

.......................................................................................

အလုပ်ရှင်ကျင့်ဝတ်(၅)ပါး

၁။ လခရိက္ခာကို ၀၀လင်လင် အဆင့်မီစွာ စားဝတ်နေနိုင်အောင် ပေးကမ်း

ထောက်မခြင်း။

၂။ ခွန်အားလျောက်သာ အလုပ်ကိစ္စကို ဆောင်ရွက်ပေးခြင်း။

၃။ မကျန်းမာသောအခါ ပြုစုစောင့်ရှောက်ခြင်း။

၅။ အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း အ၀တ်တန်ဆာ

စသည်ဖြင့်ပေးခြင်း

{ဆောင်ပုဒ်}

ဝစွာကျွေးမွေး ပြုရေးစီရင် နာလျှင်ကုစေ ငှဝေရသာ အခါကိုလွှတ်

အရှင့်ဝတ် မချွတ်ငါးခုသာ။

........................................................................................

မိတ်ဆွေကျင့်ဝတ်(၅)ပါး

၁။ ပေးကမ်း ချီးမြှင့်ခြင်း။

၂။ တန်းတူ ရည်တူ ဆက်ဆံခြင်း။

၃။ အကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးခြင်း။

၎။ ယျဉ်ကျေးချိုသာ ချစ်ဖွယ်သော စကားကို ဆိုခြင်း။

၅။ မချွတ်မယွင်း မှန်ကန်တည့်မတ်ပေးခြင်း။

{ဆောင်ပုဒ်}

ပေးကမ်းချီးမြှင့် ကိုယ်နှင့်ယှဉ်ထား စီးပွားဆောင်ရွက် နှုတ်မြွတ်ချိုသာ

သစ္စာမှန်စေ ၀တ်ငါးထွေ ကျင့်လေ မိတ်သဟာ။

..........................................................................................

(သားသမီးကျင့်ဝတ် ၅ ပါး )

(ကျွေးမွေးမပျက်)

၁။ မိဘတို့က မိမိအား ငယ်စဉ်က ကျွေးမွေးစောင့်ရှောက်သကဲ့သို့ မိမိက

မိဘတို့အား ပြန်လည်ကျွေးမွေး စောင့်ရှောက်ခြင်း။

(ဆောင်ရွက်စီမံ)

၂။ မိဘတို့ ပြုလုပ်ဆောင်ရွက်ဖွယ် ကိစ္စတို့ကို မိမိက ကူညီဆောင်ရွက်

စီမံခြင်း။

(မွေခံထိုက်စေ)

၃။ မိမိတို့ မိဘအမွေအနှစ်ကို ခံယူထိုက်အောင် ကောင်းစွာကျင့်ကြံခြင်း။

(လူမျှဝေ၍)

၎။ မိဘတို့ ကွယ်လွန်သောအခါ မိဘတို့အတွက် ရည်မှန်းလှုဒါန်း

ပေးကမ်းပြီးလျှင် အမျှဝေငှခြင်း။

(စောင့်လေမျိုးနွယ်)

၅။ အမျိုးအနွယ် မတိမ်ကော မပျက်စီးအောင် စောင့်စည်းထိမ်းသိမ်းခြင်း။


(၀တ်ငါးသွယ် ကျင့်ဖွယ် သားတို့တာ)

……………………………………………………………………………………………

(မိဘ ကျင့်ဝတ် ၅ ပါး )


(မကောင်းမေတ္တာ)

၁။ မကောင်းမှု့ကို တာမြစ်ခြင်း။

(ကောင်းရာ ညွှန်လတ်)

၂။ ကောင်းမှု့ပြုအောင်တိုက်တွန်းခြင်း။။ သားသမီးကို ငယ်စဉ်ကပင် ဘုရား

သွားကျောင်းတက်ခေါ်ခြင်း။ယျဉ်ကျေး သိမ်မွေ့ စွာပြောဆို ဆက်ဆံ တတ်ရန်

ညွှန်ကြားပေးခြင်း။ဘုရားရှိခိုးစာများ ။ ဆုံးမစာသံပေါက်များ။ကဗျာများ။

ငါးရာ ငါးဆယ် ဇာတ်တော်ကြီး ဆယ်ဘွဲ့ စသော အတုယူဖွယ် ပုံဝတ္ထုများ

ပြောကြားခြင်းဖြင့်။လိမ္မာယျဉ်ကျေးအောင် ငယ်စဉ်က။ပြုပြင်ပုံသွင်းပေးခြင်း။

(အတတ်သင်စေ)

၃။ အတတ်ပညာသင်ပေးခြင်း။

(ပေးဝေနှီးရင်း)

၎။ သင့်တင့် လျှောက်ပတ်သော အရွယ်၌ အရင်းနှီးထုပ်ပေးခြင်း။

(ထိမ်းမြားခြင်း)

၅။ သင့်တင့် လျှောက်ပတ်သော အရွယ်၌ ထိမ်းမြားပေးခြင်း။


(လျှင် ၀တ် ငါး အင်။ဖခင်မယ်တို့တာ)

Saturday, September 14, 2013

ရွှေတိဂုံ စေတီတော်မြတ် သမိုင်း


ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။ တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော် ဉာဏ်တော..်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ (၃၂၆) ပေ ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး (ကမ္ဘာ့အံ့ဘွယ်) အမည်ခေါ်တွင်ပုံ ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။ သမိုင်းကြောင်း သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။ ကုန်သည်ညီနောင် ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက်္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။ ရုက်္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင် ရုက်္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက်္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက်္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။ ပထမဆုံး သရဏဂုံတည်သူ ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။ ဆံတော်ရှစ်ဆူ ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။ နောင်တော်ကြီးစေတီ ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။ ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌ ၁...ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော် ၂..ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော် ၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ် ၄..တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။

ကြယ်မိုးရွာမှု မြင်ကွင်းအလှ



ယခုသီတင်းပတ် အစောပိုင်းက တွေ့မြင်ရသည့် ကြယ်မိုးရွာမှု ဖြစ်စဉ်ကို ဗြိတိန်နိုင်ငံ ညဘက်ကောင်းကင်ယံတွင် လှပစွာ တွေ့မြင်ခဲ့ရပြီး ယင်းကို Daily Mail သတင်းစာက ပြန်လည် ဖော်ပြခဲ့သည်။

အာကာသထဲတွင် ရွေ့လျားနေသည့် Swift-Tuttle ကြယ်တံခွန်၏ အကြွင်းအကျန် အစအနများကို ကမ္ဘာပတ်လမ်းက ဖြတ်သန်းဝင်ရောက်သည့် အခါများ၌ အဆိုပါ ဖြစ်စဉ်မျိုး နှစ်စဉ် ပေါ်ပေါက်လေ့ရှိကြောင်းလည်း သိရသည်။

Planet.com.mm

Blogger Tips and TricksLatest Tips And TricksBlogger Tricks
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks
ဤဆိုဒ်မှာတော့
(ကဗျာ နှင့် ရသလေး တွေ ပဲ သီးသန့်တင်ပေးထားပါသည်...)
ကာရံငယ် http://karyanngepoems.blogspot.com မှာလည်းဖတ်နိုင်ပါသည်။
My Blogger TricksAll Blogger TricksAll Blogging Tips

ကျွန်တော့်ကိုဆက်သွယ်ရန်

Name

Email *

Message *

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
ဤဆိုဒ်မှ ကဗျာ၊ ရသများကူးယူမည်ဆိုပါက လွတ်လပ်စွာကူးယူခွင့်ပြုပါသည်.....သို့ပေမယ့် ...ခံစားချက်ဖြင့်ရေးသော စာများဖြစ်သောကြောင့် ကူးယူခဲ့ပါလျှင် နာမည်လေးတော့ ပြန်တတ်ပေးပါရန်...တောင်းဆိုအပ်ပါသည်...(ကာရံငယ်)

လွတ်လပ်စွာပြောဆိုနိုင်ပါသည်..။

HTML Comment Box is loading comments...